မောင်ရစ် – အမေရိကန် ရွေးကောက်ပွဲနိုင်ငံရေးပုံသဏ္ဍာန် အပြောင်းနဲ့ အရွေ့


မောင်ရစ် – အမေရိကန် ရွေးကောက်ပွဲနိုင်ငံရေးပုံသဏ္ဍာန် အပြောင်းနဲ့ အရွေ့

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၅



၂၀၁၆ မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရှိပါတယ်။ သည်အတွက် ၂၀၁၅ ကတည်းက ၂ ဖက် ပါတီက သမ္မတလောင်းတွေက ပြင်ဆင်နေကြပါတယ်။ ဒီမိုကရက်ပါတီမှ နံမယ်ကြီး ဟီလာရီကလင်တန်နဲ့ ၂ ဦး၊ ရီပတ်ဘလစ်ကန်ပါတီက လူ ၁၆ ဦးကျော်က သမ္မတလောင်းအဖြစ် အရွေးခံဖို့ မဲဆွယ်စည်းရုံးနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာက ရွေးကောက်ပွဲစနစ်၊ မဲများရာ အားသာစနစ်နဲ့ အသားကျနေတာမို့ အနိုင်ရတဲ့ သမ္မတဖြစ်စေ၊ လွှတ်တော်အမတ်ဖြစ်စေမှာ ဆိုင်ရာဆိုင်ရာ အုပ်ချုပ်ခွင့် အာဏာ၊ ဥပဒေပြုခွင့်အာဏာတွေ အပြည့်အ၀ ရကြမှာမို့  အရွေးခံသူတွေကော၊ ရွေးချယ်မယ့် မဲဆန္ဒရှင်ပြည်သူတွေကောက အလေးအနက်ထား လှုပ်ရှားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။



သမ္မတလောင်းတွေနောက်မှာ မဲဆန္ဒရှင်ပြည်သူတွေ ရှိနေတယ်ဆိုတာအပြင် အဆိုပါ သမ္မတလောင်းကို အားကိုးယုံကြည်တာသာမက သူဖော်ဆောင်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပေါ်လစီ မူဝါဒများ လုပ်ငန်းစဉ်များပေါ်က ရရှိမယ့် အကျိုးစီးပွားများကို အခြေခံပြီး ထောက်ခံအားပေး ၀န်းရံကြတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ လူမှုရေး နိုင်ငံရေး နဲ့ သမဂ္ဂ အသင်းအဖွဲ့ ၊ ဘာသာရေးခေါင်းဆောင်တွေ စတဲ့ နောက်ခံအကြောင်းအရာတွေကလည်း အများကြီးစကားပြောပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်တွေရဲ့ စိတ်ကို ဆွဲဆောင်စည်းရုံးနိုင်ဖို့ နောက်ကွယ်က လုပ်ငန်း၊ အသင်းအဖွဲ့၊ တသီးပုဂ္ဂလ၊ ခေါင်းဆောင်တွေက မီဒီယာ၊ ဆိုရှယ်မီဒီယာအပြင် ကြော်ငြာတွေ လှုံဆော်မှုတွေ နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ကြပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ၊ သမ္မတရွေးကောက်ပွဲရဲ့ မဲဆွယ်အသုံးစာရိတ်ဟာ အမေရိကန် ဒေါ်လာ သန်း ရာနဲ့ ထောင်နဲ့ ချီ ရှိပါတယ်။ ၂၀၁၂ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်အသုံးစာရိတ်ဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဘီလျံ တောင် ရှိခဲ့ပါသတဲ့။



အခု ၂၀၁၆ အတွက်မှာတော့ အမေရိကန်ရဲ့ ရွေးကောက်ပွဲနိုင်ငံရေးပုံသဏ္ဍာန်ဟာ အပြောင်းအရွေ့တခုနဲ့ ရင်ဆိုင်နေရတယ်လို့ အကဲခတ်တွေက သုံးသပ်လာကြပါတယ်။ ပုံမှန်အားဖြင့် ပါတီရဲ့ ၀ါရင့်ခေါင်းဆောင်ကြီးတွေ၊ နောက်ကွယ်က ကြိုးကိုင်သူကြီးတွေက လက်ခံတဲ့ မြှောက်စားတဲ့သူဟာ သမ္မတလောင်းအဖြစ်နဲ့ ပြည်သူတွေရဲ့ မဲတမဲရဖို့ ပရိသတ်ထဲထွက်၊ စင်မြင့်ပေါ်တက်ပြီး မဲဆွယ်ရုံ၊ အတိုက်အခံ သမ္မတလောင်းတွေနဲ့ ယှဉ်ပြိုင်စကားစစ်ထိုး၊ မဲဆွယ်စည်းရုံးရုံတင်နဲ့ မပြီးတော့ဘူးလို့ သုံးသပ်လာကြပါတယ်။ ဒါက အိုဘားမားသမ္မတဖြစ်လာတဲ့ ခေတ်ကတည်းက စပြီး ပြောင်းတဲ့ အရွေ့ပါ။ ပါတီနောက်ခံက ရွေးတာအပြင် လူထုကြားထဲကနေ လှုံဆော်စည်းရုံးပြီး အရွေးခံနိုင်အောင် လူထုအင်အားကို တွန်းတိုက် ရွှေ့နိုင်သူတွေကိုယ်တိုင် သမ္မတလောင်း  ဖြစ်လာကြတယ်လို့ ဆိုကြပါတယ်။ ဒီမိုကရက်ပါတီက နောက်ခံဗျာဒိတ်ရ သမ္မတလောင်းက ဟယ်လာရီဖြစ်နေချိန်မှာ community organizer လူထုစည်းရုံးရေးသမား အိုဘားမားက နှာတဖြားသာသွားခဲ့တဲ့ သမိုင်းဖြစ်စဉ် ရှိခဲ့ပြီး ဖြစ်လို့ပါပဲ။



ဒီ ၂၀၁၆ မှာလည်း ထုံးစံအတိုင်း ပါတီလူကြီးများအကြိုက်၊ နောက်ကွယ်က လုပ်ငန်းရှင်ကြီးများ၊ သမဂ္ဂအဖွဲ့အစည်းအများ အကြိုက် ဟယ်လာရီက ဒီမိုကရက်သမ္မတလောင်းအဖြစ် တစ်ပြေးနေတဲ့အပြင် မဲဆန္ဒရှင်လူထုကြားမှာလည်း ဟယ်လာရီ၊ ဟယ်လာရီနဲ့ ရေပန်းစားလာချိန်မှာ၊ ဒီမိုကရက်ပါတီရဲ့ အောက်ခြေ (အုတ်မြစ်) အလုပ်သမားနဲ့ ၀န်ထမ်း လူထုအကြိုက်၊ ကျောင်းသားလူငယ်ထုအကြိုက် လက်ဝဲသန်သူ ဘာနီဆင်းဒါး ဆိုတဲ့ အဖိုးကြီးအပေါ် ထောက်ခံ အားပေး လှုံဆော်မှုတွေဟာ တဖြေးဖြေးနဲ့ ထကြွ နိုးကြား အုံကြွ အားကောင်းလာလိုက်တာ အခုဆိုရင် ဘာနီဆင်းဒါးဟာ မဲဆန္ဒရှင် ဒီမိုကရက်ပါတီထောက်ခံသူတွေအများအပြားကြား ခေတ်စား ရှေ့ပြေးဖြစ်လာပြီ ဖြစ်ပါတယ်။



ဒါကိုတော့ ပါတီတွင်း သူပုန်ထမှုလို့ ခေါ်ကြပါတယ်။ သမာရိုးကျ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ၀ါရှင်တန်ဒီစီက နိုင်ငံရေးလုပ်စား ပြစားတာတွေကို လူထုက အယုံအကြည်မရှိတော့တဲ့အခါ ရွေးကောက်ပွဲတွေမှာ ပါတီတွင်းသူပုန်ထမှု ဖြစ်ပြီး ပါတီလူကြီးအကြိုက်၊ နောက်ကွယ်က ထောက်ခံသူအကြိုက်တွေက အမတ်လောင်းမဖြစ်တော့ဘဲ ရပ်ကွက်ထဲက တက်ကြွလှုပ်ရှားသူတွေက နိုင်ငံရေးဇာတ်ခုံပေါ် တက်ရောက် တင်မြှောက်ခြင်း ခံရတာကို ဆိုလိုပါတယ်။



ရီပတ်ဘလစ်ကန်ပါတီဟာလည်း ပါတီတွင်းသူပုန်ထမှုနဲ့ ရှေးရိုးအစဉ်အလာအစွန်းရောက်သူ မျိုးချစ်တွေ မျိုးစောင့်တွေ အုံကြွကြတာကြောင့် နိုင်ငံရေးပါးဝသူ ရှေးရိုးဆန်ခေါင်းဆောင်တွေဟာ လက်ယာစွဲလက်သစ်တွေကို အလျော့ပေးရတာ၊ လက်လွှဲပေးလိုက်ရတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ 



ယခု ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် လက်ယာစွဲ ရှေးရိုးဆန်ပါတီကြီးကို ခလောက်ဆန်လိုက်သူကတော့ ဘီလျံနာ သူဌေးကြီး ဒေါ်နယ်ထရန့် ပဲ ဖြစ်ပါတော့တယ်။ ထရန့်ဟာ ကိုယ်ဘဏ္ဍာရေး ကိုယ်စိုက်ပြီး သမ္မတလောင်းအဖြစ် အရွေးခံဖို့ လှုံဆော်လိုက်တဲ့အခါ ပါတီလူကြီးတွေနဲ့ နောက်ခံလုပ်ငန်းရှင်ကြီးတွေထက် လက်ယာစွန်းရောက် မျိုးချစ် မျိုးစောင့် မဲဆန္ဒရှင်တွေရဲ့ တခဲနက် ထောက်ခံအားပေးမှုကို ရရှိပြီးတော့ ရှေ့တန်းကို ချက်ခြင်းလက်ငင်း ရောက်ရှိလာပါတော့တယ်။ သူ့အယူအဆ သဘောထားတွေဟာ ရယ်စရာလည်း ကောင်း၊ စိုးရိမ်စရာလည်း ရှိဆိုပေမယ့် ပါတီရဲ့ အောက်ခြေ အလုပ်သမားနဲ့ ၀န်ထမ်းလူထုအကြိုက်၊ ကျောင်းသားလူငယ်ထု အကြိုက် ဖြစ်တာမို့ ဒေါ်နယ်ထရန့် လှိုင်းလုံးကြီးက ကြီးမားလှတာကြောင့် မီဒီယာတွေကော၊ ဆိုရှယ်မီဒီယာတွေမှာပါ ခေတ်စားလာလိုက်တာ ပါတီလူကြီးတွေနဲ့ နောက်ခံလုပ်ငန်းရှင်ကြီးတွေက ခပ်ရို့ရို့ ဆက်ဆံနေရတဲ့အထိ ဖြစ်လာနေပါတော့တယ်။



အရင်တုန်းကတော့ လူကြီးတွေ ဆုံးဖြတ်ချက်နဲ့ သမ္မတလောင်းကို ရွေးချယ်ပြီး မီဒီယာတွေ ကင်ပိန်းတွေ လှုံဆော်မှုတွေ လှုပ်ရှားဖို့ ခလုတ်တွေ နှိပ်ပြီး လူထုကို အသက်သွင်းလေ့ ရှိတာကနေ အခုတခါမှာ တက်ကြွသူတွေ မခံမရပ်နိုင်သူတွေ (လက်ဝဲ၊ လက်ယာ) အစွန်းရောက်သူတွေကနေ လူထုကို အရင်ဦးဆုံး အုံကြွအောင် လှုံဆော် အသက်သွင်းပြီးနောက် သမ္မတလောင်းတွေက ပေါ်လာကြသမို့ နောက်ကနေ မီဒီယာတွေ ကင်ပိန်းတွေက အမီလိုက်၊ ပါတီလူကြီးတွေနဲ့ နောက်ကွယ်က လုပ်ငန်းရှင်ကြီးတွေ၊ သမဂ္ဂအဖွဲ့အစည်းတွေက အပြေးအလွှား စဉ်းစားခန်းဝင်ကြရ ခေါင်းချင်း ရိုက်ရ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ဒါကို လက်ရှိ အမေရိကန်ရွေးကောက်ပွဲပုံသဏ္ဍာန် အပြောင်းနဲ့ အရွေ့ ဖြစ်လာနေပြီလားလို့ အကဲခတ်တွေက မေးခွန် ထုတ်လာကြတာ ဖြစ်ပါတယ်။



အမေရိကန်နိုင်ငံရေးစင်မြင့်နဲ့ စင်နောက်ကွယ်က လူပါးဝသူကြီးများ၊ အတွေ့အကြုံရင့်ကျက်သူများ၊ ကြိုးကိုင်သူများကတော့ အစွန်းရောက်တွေ လှုံဆော်တဲ့ သူပုန်ထတဲ့ နိုင်ငံရေးကို ကြိုက်နှစ်သက်ခြင်း အလျင်း မရှိဘူးလို့ ဆိုပါတယ်။ သူတို့က လက်ဝဲဆန်သူ အိုဘားမားအစိုးရ တက်ပြီးနောက် လက်ယာစွန်းရောက်တဲ့ ရီပတ်ဘလစ်ကန်လွှတ်တော်တွေရဲ့ ခေါင်းမာမှု တင်းမာမှုတွေကြောင့် အမေရိကန်နိုင်ငံရေးဟာ ခရီးမတွင် အလုပ်မဖြစ် ဖြစ်ခဲ့ရတယ်လို့ ထောက်ပြကြပါတယ်။ အစွန်း ၂ ခုကြားကနေ ပြန်လည်သင့်မြတ်ရေးလမ်းစဉ်၊ မလျော့မတင်းလမ်းစဉ်၊ အပေးအယူလမ်းစဉ်တွေနဲ့ နိုင်ငံရေး မကစားကြတဲ့အတွက် “အကုန်မရ တခုမှမရ” ဖြစ်ခဲ့ကြပြီး ပါတီ ၂ ရပ်လုံး အထိနာတယ်။ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု လျော့ပါးခြင်း ခံစားကြရတယ်လို့ ထောက်ပြကြပါတယ်။ အစွန်းရောက်တဲ့ တင်းမာတဲ့ သဘောထားတွေဟာ ပါတီ ၂ ရပ်အကြား၊ မဲပေးသူ ပြည်သူ ၂ ဖက်အကြားမှာ ပိုပြီး ဝေးကွာစေတယ်၊ ခြားနားမှု ပြင်းထန်စေတယ်လို့ ဆိုကြပါတယ်။ အယင်တုန်းကလို အပေးအယူ၊ အညှိအနှိုင်းတွေနဲ့ နိုင်ငံရေးကစားကြရင် အမေရိကန်ပြည်မှာ နိုင်ငံရေးအလုပ်ပိုဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။



သဘောကတော့ နိုင်ငံရေးကစားတယ်၊ နိုင်ငံရေး လုပ်တယ်ဆိုတာ အတွင်းပွဲ၊ အပြင်ပွဲ (Insider Game , Outsider Game) ဆိုပြီး ရှိတယ်၊ အသုံးချရမယ်လို့ ဆိုချင်တာပါပဲ။ အတွင်းကြိတ်ပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာကြ (Insider Game) ။ အပြင်မှာ ဖွင့်ပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာကြတာလည်း လုပ်ကြ (outsider game) ဆိုတဲ့ ၂ ခု စလုံး လိုအပ်တယ်လို့ ဆိုချင်ပုံရပါတယ်။ အစွန်းရောက်တဲ့ လူသစ်တွေ ကစားပွဲထဲ ၀င်လာတဲ့အခါ လူဟောင်းတွေ အချင်းချင်း ညှိပြီး လုပ်လို့ရတဲ့ အဖြေကို မထုတ်နိုင်ကြတော့ဘဲ လူသစ်တွေ လူစိမ်းတွေနဲ့ သူတင် ကိုယ်တင် ကစားကြ၊ ပြိုင်ကြရတော့ မပင်ပန်းသင့်ပဲ ပင်ပန်းရတာတွေ ရှိတယ်လို့ လူပါးဝသူကြီးများက ဆိုချင်ပုံ ရပါတယ်။



အဲသည်အတွက် သာဓကတခုကတော့ အမေရိကန်အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်ပါတီပြောခွင့်ရ ခေါင်းဆောင် ဘိုနာတယောက် ဒီစက်တင်ဘာလကုန်မှာ လွှတ်တော်ခေါင်းဆောင်ရာထူးကော၊ လွှတ်တော်အမတ်ရာထူးကောကနေ ရုတ်ခြည်း နှုတ်ထွက်လိုက်တဲ့ ဖြစ်ရပ်ကို ပြရမှာ ဖြစ်ပါတယ်။ လက်ယာအစွန်းရောက် အမတ်တွေရဲ့ ဖိအားကို မခံနိုင်တော့လို့ ပါတီရေရှည်အကျိုးစီးပွားအတွက် သူတည်းတယောက် အခုလို နှုတ်ထွက်စာ တင်ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီမိုကရက်သမ္မတနဲ့ ရီပတ်ဘလစ်ကန်လွှတ်တော်တို့ ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ဖြတ်သန်းလာခဲ့စဉ်တလျောက် ရီပတ်ဘလစ်ကန်လွှတ်တော်ခေါင်းဆောင်တဦးအဖြစ် ထိန်းညှိဆောင်ရွက်ခဲ့တဲ့ သက်တမ်း ၈ နှစ် နီးပါးမှာ နောက်ဆုံးတော့ လက်လျော့လိုက်တဲ့ ပုံ ရပါတယ်။ ဒီမိုကရက်သမ္မတ အိုဘားမားကတော့ ဘိုနာ၏ ဆောင်ရွက်ချက်များကို သဘောချင်း မတူခဲ့သော်လည်း လေးစားဖွယ် ခေါင်းဆောင်အဖြစ် ချီးမွမ်းချိန်မှာ ရီပတ်ဘလစ်ကန် လက်ယာစွန်းတဲ့ အမတ်တွေကတော့ ‘တဟေးဟေး” အော်ပြီး တပါတီချင်းသား ဘိုနာထွက်စာကို လက်ခုတ်လက်ဝါးတီး ကြိုဆိုကြပါတယ်။ 



ကဲ … ၂၀၁၆ သမ္မတရွေးကောက်ပွဲ ဘယ်လို လာကြလိမ့်မလဲ။ သမ္မတလောင်း ကြိုတင်ရွေးချယ်ပွဲတွေမှာ ဘယ်လိုလူတွေက နောက်ဆုံး ပြိုင်ဖက်သမ္မတလောင်းအဖြစ် ဇကာ တင်ကြလိမ့်မလဲ။ ပါတီလူကြီးကြိုက်တွေ တက်လာမလား၊ အစွန်းရောက် သူပုန်ကြိုက်တွေ ကွင်းထဲ ၀င်လာမလား။ နောက်ဆုံး အဆုံးအဖြတ်ကတော့ မဲဆန္ဒရှင် ပြည်သူတွေပဲ ဖြစ်မှာပါပဲ။ ဒါကတော့ ၂၀၁၅ နှစ်ကုန်မတိုင်ခင် အဖြေထွက်မှာပါ။  ပြည်သူတွေကကော ဘယ်ပါတီက သမ္မတလောင်းကို ငါတို့ ပြည်ထောင်စု တခုလုံးရဲ့ သမ္မတတဦးတည်းအဖြစ် ဆန္ဒပြု ကြလိမ့်လေမလဲ။ ၂၀၁၆ မှာတော့ ပါတီ ၂ ရပ်က သမ္မတလောင်း ၂ ဦးရဲ့ ဖိုင်နယ် မဲဆွဲစည်းရုံးမှုတွေကို ဆက်လက်ရှုစားကြရဦးမှာ ဖြစ်ပါတယ်။