သောင်းပြောင်းထွေလာ

ကိုကံညို (ထူးကြီး) – မဲထည့်ပွဲ လမ်းညွှန်

ကိုကံညို (ထူးကြီး) – မဲထည့်ပွဲ လမ်းညွှန်
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၅

ကာတွန်းမိုးထက်မိုးလက်ရာနဲ့ မဲရုံမြင်ကွင်းကို EyeBird ရေးထာတဲ့ ဗီနိုင်းပိုစတာကို ခဏဘေးချထားလိုက်ရတယ်။ ဘာဖြစ် လို့လဲဆိုတော့…မဲရုံမရောက်ခင် ဖြစ်လာနိုင်တာတွေက… အများကြီး။ ဆိုတော့…ကျွန်တော်တို့ မဲထည့်ဖို့သွားတော့ မယ်ဆို ပြီး ….အိမ်ကထွက်တာနဲ့တပြိုင်နက်.. မျက်လုံးကို…… အဝတ်နက်စည်း.. ပါးစပ်ကိုလည်း အပြာနုရောင်ကြိုးသိုင်း အဖုံးလေးအုပ်ပြီး ဆိုက်ကားတစ်စီးနဲ့ ခပ်သုတ်သုတ်လေးထွက်သွားလိုက်ပါ။ ကားရှိရင်လည်း နီးစပ်ရာတွေစုပြီး တပါတည်းတင်ဆောင် သွားလိုက်ပါ။ သေခြာပေါက်ပြဿနာ…တစ်စုံတစ်ရာနဲ့ကြုံတွေ့ရမှာ မလွဲမသွေကိန်းရှိသောကြောင့်ဖြစ်ပါတယ်။

လုံးဝ…ပြဿနာဖြစ်လို့မရပါ..၊ဖြစ်အောင်လည်း ဇာတ်လမ်းဆင်ကြပါလိမ့်မယ်။ ဟေ့ကောင်…ဘာကြည့်တာလဲ..ဆိုတာက အစ…ပြဿနာဖြစ်နိုင်ပါတယ်။ အရင်တုန်းကလို..သူထိုး ကိုယ်ထိုးလုပ်လို့မရပါ..။ ကိုယ့်ကြောင့် မဲထည့်ပွဲ ပျက်ယွင်းသွားနိုင် ပါတယ်။ ဒါကြောင့်…မျက်စေ့ပိတ်..နားပိတ်…ပါးစပ်ပိတ်ပြီး..မဲရုံကို အရောက်သွားဖို့အကြံပြုပါရစေ။ လမ်းတလျှောက်..ခ လုတ်ကန်သင်း.. ဆူးညှောင့်..အဟန့်အတားပေါင်းများစွာကို တွေ့ကြုံကြရပါလိမ့်မယ်။ ဒါတွေကို အောင်မြင်စွာကျော်ဖြတ်ဖို့အကောင်းဆုံးနည်းလမ်းမှာ.. ကိုယ့်ကိုယ်ကို ဆွံ့အနားမကြား…လုပ်ပစ်လိုက်တာ အသေခြာဆုံးဖြစ်ပါလိမ့်မည်..။

အဲ…ကြိုတင်သိကြပြီးဖြစ်နိုင်ပေမယ့် အရေးကြီးလို့ ထပ်လောင်းသတိပေးပါရစေ။ စောစောကပြောတဲ့..ဆိုက်ကားငှားစီး မယ်ဆိုရင်လည်း အလံတပ်မထားတဲ့ဆိုက်ကား.. စတေကာကပ်မထားတဲ့ ဆိုက်ကားကို ငှားစီးကြပါ။ ကားဆိုရင်လည်း စ တေကာတွေ.. ဒေါင်းရုပ်တွေရဲဗဒေါင်းခတ်နေတဲ့ကားကို မသုံးမိပါစေနဲ့။ ဒါကိုဦးတည်ပြီး.. အဟန့်အတားအနှောက်အယှက် တွေဖြစ်လာနိုင်လို့ပါ။ ကားသမားဖြစ်ဖြစ်.. ဆိုက်ကားဆရာကိုပဲဖြစ်ဖြစ် သေသေခြာခြာရှင်းပြတောင်းပန်ရပါမယ်။ ငါ့မောင် ရယ်…ရင်ထဲမှာရှိတာပဲ..ခုနေခါ..ပြဿနာဖြစ်လိုက်ရင်..ကိုယ်ပိုင်အခွင့်အရေးတွေဆုံးရှုံးကုန်မှာပေါ့..ဒီတော့…ဘာညာ ဆိုပြီး၊ ဆိုက်ကားဆရာတွေက…ခံယူချက်ပြင်းပြင်း…စိတ်ဓါတ်တွေဒေါင်ဒေါင်မြည်ဆိုတော့ ရန်စလို့ အလွယ်ကူဆုံးအား နည်းချက်ဖြစ်နေပါတော့တယ်။

ကဲ..မဲရုံရောက်ပြီဆိုပါတော့။ ကိုယ့်ရှေ့မှာရှုတ်ယှက်ခတ်ပြီး အလုပ်မပြီးတဲ့လူတွေအများကြီးဖြစ်နေနိုင်ပါတယ်။ သေသေ ခြာခြာလေ့လာသုံးသပ်ပါ။ သူတို့တွေရှေ့ကနေဘာလို့ကာဆီးနေတာလဲ။ ရှင်းရှင်းလင်းလင်းနဲ့ပြီးသွားရမှာကို မလိုအပ်ပဲ ရှုတ် ထွေးနေတယ်ဆိုရင်တော့ အချိန်ခိုးနေတယ်ဆိုတာ ယုံကြည်လိုက်ပါ။ အဲ…ခဏ ခဏ၊ မဲရုံထဲမှာတော့ ပြဿနာသွား မရှာပါနဲ့။ သူတို့မှာ အကြောင်းပြချက်ကောင်းတွေ တစ်ဆုပ်ကြီးကိုင်ဆောင်ထားကြပါလိမ့်မယ်။ မဲရုံတာဝန်ရှိသူတွေကိုသာအရိပ်အကဲပြပြီး ဖိအားနည်းနည်းပေးလိုက်ပါ။ ဘေးမှာစောင့်ကြည့်လေ့လာသူတွေ ထိသိမြင်သွားပြီဆိုရင်တော့ အနည်း ငယ်ဖြေရှင်းပေးပါလိမ့်မယ်။ ဒါ…သိပ်တော့မသေခြာပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့…မဲရုံမှာတာဝန်ယူနေသူအများစုက လည်း…အဲ…အများသိကြတဲ့အတိုင်းဆိုတော့။ ဒီတော့…မဆလခေတ်က ရုပ်ရှင်ရုံလက်မှတ်တိုးသလို…သမဆိုင်မှာ အလု အယက်တိုးသလိုမျိုးနဲ့ ခပ်တည်တည်ဝင်တိုးပစ်လိုက်ပါ။ ပြဿနာတော့မဖြစ်ပါစေနဲ့။ အရူးကွက်နင်းပြီး…သွားကလေးဖြီး ပြီး.. ဟီး……ပေါ့။

ဟုတ်ပါပြီ။ မဲလက်မှတ်ထုတ်ရမယ့်နေရာမှာလည်း အရစ်ဇယားနဲ့ကြုံနိုင်ပါတယ်။ ရှာတာ…ရှာတာ..တစ်ယောက်နဲ့တင် ငါးမိနစ်လောက်ကြာသွားတယ်ဆိုရင်တော့ မဟုတ်တော့ပါဘူး။ ကိုယ့်ဘက်က မှတ်ပုံတင်ကိုင်ပြီး လိပ်စာနံမည်တွေကို အ ကျစ် လစ်ဆုံးနဲ့ အတိုဆုံးဖြစ်အောင်ပြောပြပါ၊ နံမည်.. ကိုရွှေ..အိမ်နံပါတ် (၁၅)..(၆)လမ်း..။ ဒါလောက်ဆို တစ်ခါတည်း တန်း တွေ့ နိုင်ပါတယ်။ သူ့ကိုချည်းယုံစားပြီး အားမကိုးပါနဲ့။ ကိုယ်တိုင်လည်း ဝင်ရှာပါ။ အဲ..သူ့စာအုပ်ကိုတော့ မထိမိစေနဲ့ပေါ့။ မျက်လုံးနဲ့…မျက်လုံးနဲ့၊ မဲစာရွက်ပေးရင် လိုအပ်သမျှ ဘယ်ပြန်ညာပြန်စစ်ပါ။ အဲဒီမှာလည်း ဆင်ထားတဲ့အကွက်တွေ ရှိနိုင်ပါတယ်။ အဓိက…က..မဲရုံမှူးလက်မှတ်နဲ့ အစွန်းအထင်း။

ဒီလိုနည်းနဲ့ တစ်ခုပြီး တစ်ခု ဆက်တိုက်လုပ်သွားရပါမယ်။ ဘယ်သူ့ကိုမှ..ဂရုမစိုက်ပါနဲ့။ ကော်မရှင်လူကြီးလည်း….ကြောက် စရာမလိုဘူး။ မဲရုံမှူးလည်း လန့်စရာမလိုဘူး။ အထူးရဲဆိုတာလည်း လှည့်ကိုကြည့်မနေနဲ့တော့။ ဘာဖြစ်လို့လဲဆိုတော့ …အချိန်မရှိလို့ပါ။ လူတစ်ယောက်ကို အနည်းဆုံးမဲသုံးမျိုးထည့်ရပါမယ်။ တစ်မျိုးစီမှာ….ထုတ်…စစ်…ထု…စစ်…ထည့်..၊ ဒီလိုနည်း နဲ့သွားရမှာဆိုတော့ အနည်းဆုံး နှစ်မိနစ် သုံးမိနစ် အချိန်ပေးရပါတော့မယ်၊ မဲရုံတစ်ရုံမှာမဲပေးမယ့် လူဦးရေကို…စောစောကပြောတဲ့ သုံးလေးမိနစ်နဲ့မြှောက်ချလိုက်ရင်.. မနက်ခြောက်နာရီ.. ညနေလေးနာရီးကြား.. ဝင်အောင်အပြေးအ လွှား ကြိုးစားရပါလိမ့်မယ်။

အစမှာတင်ပြထားတဲ့ ကာတွန်းမိုးထက်မိုးရဲ့နမူနာပုံထဲကလို ခြေတစ်လှမ်းကုဋေတစ်သန်းဆိုလို့ကတော့…ကိုယ့်ရဲ့သဘောထားတွေမဲပုံးထဲရောက်ဖို့ မလွယ်လှပါဘူး။ အဲဒီတော့…အပြေးအလွှားလုပ်ကြပါ။ ဒီကြားထဲမှာ…ရှုပ်ထွေးအောင်လုပ်မယ့် အစီအစဉ်တွေက အဖြစ်မနေ ကြားညှပ်ပါလာမှာ အသေအချာပါပဲ..။

အဲဒီတော့…ဘယ်လိုပဲရန်စလာလာ..အနက်စောစောထပြီး..ခြောက်နာရီမဲရုံဖွင့်တာနဲ့ တပြိုင်နက်……။

ကိုကံညို (ထူးကြီး)

သရုပ်ဖော်ကာတွန်း ဂျိုကာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts