ကဗျာ

ခက်ဦး – မင်္ဂလာဆောင်

ခက်ဦး – မင်္ဂလာဆောင်
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၅

စိန်ရောင် ပလက်တီနမ်ရောင် တဖျပ်ဖျပ်
အပြုံးတု အပျော်တုတွေ တဖျပ်ဖျပ်
လေးစားမှုအတု အကြောက်အတု
ဖော်ရံသင်းပင်းအတု စေတနာအတု
စကားလုံးအတု ရယ်သံအတု
ဖျော်ဖြေမှုအတု အစာတု
တေးသံအတု မီးရောင်စုံပြိုးပျက် အတုတွေ
လက်ဆွဲနှုတ်ဆက်ပုံအတုတွေကြားထဲ
ဓာတ်ပုံအတုတွေ လျှပ်လိုပြက်နေကြရင်းက
လူအတုတွေ လူအတုတွေ
မူးဝေ ရစ်အီ ယိမ်းထိုးနေကြတယ်
ငွေကြေးအတုတွေ တချွပ်ချွပ် လေထဲဝဲထုတ်
လူအတုတွေ လူအတုတွေ
အရင်းအမြတ် တွက်နေကြတယ်။

ဘိုကေတိုတွေ ဘိုကေတိုနောက်မြီးဆွဲတွေ
ဂုတ်ပိုးနှစ်ထပ် မေးနှစ်ထပ်တွေ
ခရိုနီ ခရိုပြာ ခရိုကာလာရောရာတွေ
မျက်ပေါက်မှေး အမြင်ကျယ်တွေ
မြို့ဝန်ရူး နယ်ဝန်ရူး ဝန်ကတော်ရူးတွေ
ပိတ်မရတဲ့ပါးစပ်တွေ အအေးပတ်ခံသွားတွေနဲ့
အဘသံ မိုးမွှန် အမသံ အလုံးဆို့ပြီး
သား သား သမီး သမီး ကျွက်ကျွက်ညံလို့
ချီးယားသံ တခွင်ခွင် တခွပ်ခွပ်နဲ့
အမူးအတုသံ တဟဲဟဲနဲ့
အော်ဂလီဆန်စရာကောင်းလောက်အောင်ကိုပဲ
ပျို့်ချင်အန်ချင်စရာကောင်းအောင်ကိုပဲ
မဲ့ရွဲ့ဟားတိုက်ချလိုက်စရာကောင်းလောက်အောင်ကိုပဲ
မီးရှုးမီးပန်းအတုတွေ ပစ်အဖောက်မှာ
လက်ခုပ်အတုတွေ …… … ……. …. …. ..
တဖျောက်ဖျောက် အသက်မဲ့စွာ
တီးနေလိုက်ကြပုံ။

ခက်ဦး
၂၆ . ၁၀ . ၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts