သတင်းဆောင်းပါး

ဆလိုင်းရွှေလင်း – သာသနာ့ဝန်ထမ်း ကျန်းမာရေးကဒ်စနစ် မိတ်ဆက်

ဆလိုင်းရွှေလင်း – သာသနာ့ဝန်ထမ်း ကျန်းမာရေးကဒ်စနစ် မိတ်ဆက်

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၅

ဆွမ်းမှာ ပိဏ်(ပိန်)ဟူသော ဆိုရိုးကို အလွန်သတိပြုထိုက်လှပါသည်။ သံဃာတော်များ ဆွမ်းခံ၍ ဘုဉ်းပေးသုံးဆောင်ခြင်းကို အမြော်အမြင်ကြီးမားတော်မူကြကုန်သော ဆရာတော်ကြီးများက အားပေးချီးမွမ်းကြမြဲ ဖြစ်သည်။ အားပေးချီးမွမ်းကြရာ၌လည်း လုံလောက်သော အကြောင်းပြချက်များ ရှိပါသည်။

‘ဆွမ်းခံတော့ ဒကာဒကာမတွေဆီ နေ့စဉ်ကြွရောက်ရတယ်။ ဒကာဒကာမတွေရဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေလေးတွေလဲ အကြမ်းဖျင်း မြင်ရတွေ့ရတော့ အခြေအနေလေးတွေကို သုံးသပ် နိုင်တာပေါ့၊ ဆရာနဲ့ဒကာ ရေနဲ့ကြာဆိုတဲ့ ဆိုးရိုးရှိတယ်လေ။နောက်တစ်ချက်ကတော့ ဆွမ်းခံကြွတော့ ခြေလျင်လျှောက်ရတယ်၊ စင်္ကြံလျှောက်သလို ကိုယ်လက်လေ့ကျင့် ခန်းဖြစ်တယ်၊ အညောင်းမမိဘူး။ ကျန်းမာရေးကို ကောင်းစေတယ်။ ဒကာ၊ ဒကာမတွေက ဆွမ်းခံကိုယ်တော်တွေကို ဖူးမြော်ခွင့်၊ ဦးချရှိခိုးခွင့် ရတော့ သူတို့ကို ချီးမြှောက်ရာရောက်တယ်။’

ထိုသို့ ဆရာတော်ကြီး ဦးတေဇိန်က မိန့်ကြားဖူးသည်။ ထိုအကြောင်းများကို စာချဆရာတော်တစ်ပါးအား ပြန်ပြီး လျှောက်တော့ ဤသို့ ဖြည့်စွက် မိန့်ကြားသည်။

‘အဲဒါတွေအားလုံးဟုတ်တယ်။ အဓိက အရေးကြီးတဲ့ အချက်တစ်ချက် ကျုပ်တွေးမိတာက ဒကာရော ဆရာပါ မပင်ပန်း မဆင်းရဲပဲ၊ ၀န်မလေးပဲ ဆွမ်းကိစ္စအဆင်ပြေသွားတယ်။ စဉ်းစားကြည့်ဗျာ။ ကျုပ်တို့ စာသင်တိုက်မှာ သံဃာ ၃၀၀ ရှိတယ်၊ နေ့ဆွမ်းကို သာ ဆွမ်းချက်ရုံမှာ အမြဲတမ်း ချက်ပြုတ် ဆက်ကပ်ရမယ်ဆိုရင် ဆွမ်းနဲ့ပတ်သက်ပြီး ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ၊ တစ်နေ့ထဲ မဟုတ်ဘူး၊ ၁-လထဲလဲ မဟုတ်ဘူး၊ ၁-နှစ်ထဲလဲ မဟုတ်ဘူး၊ ဆန်၊ ဆီ၊ သား၊ ငါး၊ အသီးအရွက်၊ ငရုတ်သီး ကြက်သွန်က အစ ၀ယ်ရမှာ။ ဝေယျာဝေစ္စလုပ်မဲ့ ကပ္ပိယအင်အားအများကြီးသုံးရမယ်။ ကပ္ပိယမရှိရင် နေ့တွက် စရိတ်နဲ့ ချက်ပြုတ်မဲ့သူတွေကို ငှားရမယ်။ ရပ်ရွာ ဒကာ ဒကာမတွေက သံဃာတွေကို ဆွမ်းလောင်းတော့ အဲဒီ ဒုက္ခတွေ၊ ကုန်ကျမှုတွေ မရှိတော့ဘူး၊ လူတွေက မိမိတို့ ချက်ပြုတ်တဲ့အထဲကပဲ ဦးဦးဖျားဖျားလေးတွေ ခူးခပ်လောင်းလှူကြတယ်၊ သီးသန့်ချက်ပြုတ်နေစရာ မလိုဘူးလေ။ ဆွမ်းချက်ရုံအကြီးအကျယ် တည်ဆောက်ဖို့ မလိုဘူး၊ အိုးတွေဒယ်တွေ ထင်းတွေကအစ မကုန်ဘူး။။

ရဟန်းတို့ လိုအပ်ချက် ၄-မျိုးမှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး တို့ဖြစ်သည်။ လူလို ပြောရပါမူ စားရေး၊ ၀တ်ရေး၊ နေရေး၊ ကျန်းမာရေးတို့ဖြစ်သည်။ ဆွမ်းကိစ္စတွင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ လောင်းလှူမှုကြောင့် အဆင်ပြေခဲ့သည်မှာ သေချာ၏။ သင်္ကန်းနှင့် ကျောင်းကိစ္စမှာလဲ ပြေလည်တန်သလောက် ပြေလည်ကြောင်း တွေ့ရသည်။ ရဟန်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို ပုံစံမျိုးစုံဖြင့် ကုသိုလ်ယူဖြေရှင်းခဲ့ကြပါသည်။

ဇီဝိတဒါနသံဃာဆေးရုံများ တည်ထောင်ဖွင့် လှစ်ခဲ့ကြပါသည်။ အဆောက်အဦးအတွက် ကျပ်သိန်းပေါင်း ထောင်သောင်းချီကာ အကုန်ခံတည်ဆောက်ခဲ့ကြသည်။ အလှူရှင်များ၏ လှူဒါန်းငွေများကို စုစည်းရသဖြင့် အချို့အဆောက်အဦးများမှာ နှစ်ကာလ အတန်ကြာမှ ပြီးစီးသည်။ ဆေးရုံ၌သုံးမည့် ပရိဘောဂများ၊ အသုံးအဆောင်များ၊ စာရွက်စာတမ်းများ၊ စမ်းသပ်ပစ္စည်းများကအစ ၀ယ်ဖို့ လိုအပ်သည်။ ဆိုလိုသည်မှာ ဆေးရုံကို အခုဆောက်ချင်လို့ အခုပြီးစီးသည်မဟုတ်။

ပြီးတော့ ဓာတ်ခွဲခန်းအတွက် ခွဲစိတ်ခန်းအတွက်ကုန်ကျငွေများမှာလည်း အတိုင်းအဆ ပမာဏမှန်းရခက်သည်။

အခက်ဆုံးကတော့ အရည်အသွေးပြည့်ဝ၍ လုပ်ငန်းစွမ်းဆောင်ရည်ထက်မြက်သော ကျန်းမာရေးဝန်ထမ်းများရှိနေဖို့ လိုအပ်သည်။ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးပညာရှင်များ အမြဲမပြတ်ရှိနေဖို့ ဆိုတာ မလွယ်။ ဥာဏ်ပူဇော်ခကို သင့်တင့်မျှတသလောက်ပေးနိုင်ဖို့ လိုပြန်သည်။

ထို့ကြောင့်လည်း သံဃာ.ဆေးရုံတော်ကြီး အချို့မှာ အဆောက်အဦးကြီးက ဟီးနေသော်လဲ၊ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှု မရှိပဲ ချောက်တီးချောက်ချက်ဖြစ်နေကြရသည်။ ထိုဆေးရုံကို အကောင်အထည်ဖော်သူ လျှမ်းလျှမ်းတောက် အမည်ကျော်သူများ မရှိတော့လျှင် ဆေးရုံ မှိန်သွား၏။

ထိုသို့ ခက်ခဲနေခြငိးများကို ကျော်လွှားဖြေရှင်းနိုင်သော နည်းစနစ်တစ်ခုကို ကရင်ပြည်နယ်၊ ဖားအံမြို့နေ ကုသိုလ်ရှင်တစ်စုက စမ်းသပ်ဆောင်ရွက်နေကြကြောင်း ၀မ်းမြောက်ဖွယ်ကြားသိရပါသည်။ မရှိတာထက် မသိတာခက်ဆိုသော စကားရှိသည်။ နည်းစနစ်ကောင်းတစ်ခုကို သိရှိကျင့် သုံးလိုက်နိုင်သောအခါ မရှိခြင်းဟူသော ပြဿနာတွေလဲ နေလာနှင်းပျောက်ဆိုသကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။ သာသနာ့ဝန်းထမ်း ရဟန်း၊ သာမဏေ၊ သီလရှင်တို့၏ ကျန်းမာရေး စောင့်ရှောက်မှုအသင်း (ဘားအံ) က၊ ကျန်းမာရေးဆိုင်ရာ ကတ်စနစ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ (သာသနာ့ ၀န်ထမ်းကျန်းမာရေး ကတ်စနစ်) ဟု စာရေးသူက အတိုချုံး၍ အမည်ပေးလိုပါသည်။

ထိုကတ်စနစ်အသုံးပြုရခြင်း၏ ရည်ရွယ်ချက်ကို ဤသို့ ဖော်ပြထားပါသည်။
 

ရည်ရွယ်ချက်

ဤကတ်သည် သာသနာ့ဝန်ထမ်း ရဟန်း၊ သာမဏေနှင့် သီလရှင်တို့၏ ကျန်းမာရေးကို စောင့်ရှောက်ရာတွင် အထိရောက်ဆုံးနှင့် အသက်သာဆုံးဖြစ်အောင် ကူညီရန်ရည်ရွယ်ပါသည်။

ခေတ်ကာလပြောင်းလာသည်နှင့်အမျှ ရောဂါများလည်း ထွေပြားထူးဆန်းလာသလို ဆေးဝါးကုသစရိတ် ကလည်း အလွန်များပြားမြင့်တက်လာနေပါသည်။

သို့ဖြစ်ပါ၍ သဒ္ဓါတရားရှိသူတို့၏ အလှူကိုသာ အားထားနေရသည့် သာသနာ့ အာဇာနည်သူတော်ကောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုသည် တစ်နေ့တစ်ခြား ခက်ခဲလာပါသည်။  မိမိတို့၏ ဘ၀ကိုပုံအပ်၍ ကမ္ဘာအသင်္ချေကြာမှ တစ်ခါမျှသာ ပွင့် နိုင်စွမ်းရှိသည့် လောက၏ အမြတ်ဆုံးချမ်းသာကို ကိုယ်တိုင်လေ့လာသင်ယူ၍ ထိန်းသိမ်းစောင့်ရှောက်ရင်း လူအများတို့ကိုလည်း အသိတရားရရှိအောင် တဆင့်ပြန်လည်ဖြန့်ဝေနေကြသူများကို သက်ရှည် ကျန်းမာစွာဖြင့် မြင့်မြတ်သော အလုပ်ကို ဆထက်ထမ်းပိုးလုပ်ဆောင်သွားနိုင်ရန် တတ်စွမ်းသည့်ဘက်မှ ကူညီသင့်ပေသည်။

ထိုသို့ ကူညီပါရမီဖြည့်သူများသည်လည်း တူညီသော အကျိုးပေးအဖြစ် ဤနေ့ဤရက်ဤအချိန်မှစ၍ နိဗ္ဗာန်သို့ဝင်သည့်တိုင် အသက်ရှည်စွာ အနာမဲ့စွာဖြင့် အမြတ်ဆုံးဖြစ်သော လောကီ၊ လောကုတ္တရာ ချမ်းသာများကို ရရှိခံစားနိုင်မည်ဟု ရည်ရွယ်ပါသည်။

သာသနာ့ဝန်ထမ်းကျန်းမ်ာရေးကတ်စနစ် အသုံးပြုပုံကို အကျိုးဆောင်ဦးစိုးခင်က ရှင်းပြပါသည်။

စာသင်တိုကိ်များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများသို့ ကျန်းမာရေးကတ်များကို ပေးပို့ ဆက်ကပ်ထားပါသည်။ ဤကတ်တွင် (ငါ ဘုရားကို ပြုစုစောင့်ရှောက်လိုသူသည် ဂီလာနရဟန်းတို့အား ပြုစုစောင့်ရှောက်ရာ၏) ဟူသော မြတ်ဗုဒ္ဓအဆုံးအမပါ လိုဂိုတံဆိပ်ကို ထိပ်၌ ဖော်ပြထားသည်။ ကျောင်းတိုက်အမည်၊ ကျောင်းတိုက်လိပ်စာ၊ ဆက်သွယ်ရန် ဖုံးတို့ကို ဖြည့်စွက် ရေးသားနိုင်ရန် စီစဉ်ထားသည်။

ထိုကတ်စနစ်နှင့် ပတ်သက်၍ကုသိုလ်ယူနိုင်ရန်အောက်ပါ ပုဂ္ဂိုလ်တို့ကို ကြိုတင်ညှိနှိုင်း ဆက်သွယ်ထားပါသည်။

၁။ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်နေသော လုပ်ငန်းရှင်များနှင့် ဆရာဝန်များ

၂။ ဆေးဝါးအရောင်းဆိုင်များ၊ ဓာတ်ခွဲခန်းများ

၃။ ကျန်းမာရေးအလှူငွေထည့်ဝင်လိုသူများ

သာသနာဝန်ထမ်းများ မကျန်းမာသဖြင့် ဆေးကုသမှုခံယူရန် ကြွရောက်ကြရာတွင် ကျန်းမာရေးကတ်ကို သက်ဆိုင်ရာ ဆရာဝန်၊ ဆေးခန်းများထံ ပြသပါက ဆရာဝန်စမ်းသပ်ခများ ပေးရန်မလိုတော့ပေ။

ဆရာဝန်များက ဤကတ်စနစ်တွင် ပါဝင်ကုသိုလ်ယူရန်သဘောတူထားကြသောကြောင့်ဖြစ်ပါသည်။  ဆရာဝန်များ၏ မေတ္တာစေတနာ ပါမှသာ ဤလုပ်ငန်းအောင်မြင်နိုင်ကြောင်းအထူးသတိပြုကြရပါမည်။

ဆရာဝန်ညွှန်ကြားပေးသော ဆေးများကို ကုသိုလ်ယူရန် သဘောတူထားသော ဆေးဆိုင်များကလည်း အရင်းအတိုင်း အကျိုးအမြတ်မယူပဲ ရောင်းချပေးပါမည်။

ကတ်စနစ်တွင် ပါဝင်သော ကျောင်းများ၏ ဆေးကုသစရိတ်အတွက် အလှူငွေထည့်ဝင်လိုသူများ၏ အလှူငွေများကိုလည်း စနစ်တကျ ရယူထိန်းသိမ်းပေးထားသည်။ ကျောင်းများသို့သင့်လျှော်သလို လစဉ်လှူဒါန်းပေးထားသဖြင့် ဆေးကုသမှုစရိတ်၏ တစိတ်တဒေသကိုလည်း အဆင်ပြေစေပါသည်။

ဆွမ်းခံသံဃာများကို မိမိတို့ အိမ်ရှိ ချက်ပြုတ်ထားသော ဆွမ်းနှင့် ဟင်းများမှ လောင်းလှူသကဲ့သို့ ဆရာဝန်များ၊ ဆေးဆိုင်များ၊ ဓာတ်ခွဲခန်းများကလဲ တတ်နိုင်သလောက် သက်သာသောနည်းလမ်းဖြင့် ကျန်းမာရေးအတွက် ကုသိုလ်ယူနေကြခြင်းဖြစ်သည်။ ယခင်ကလို ပြင်ပဆေးခန်းများ၌ ကာလပေါက်ဈေးဖြင့် ဆေးကုသမည်ဆိုပါက ၁၀၀ ကုန်လျှင်၊ ယခုအစီအစဉ်၌ ၅၀ သို့မဟုတ် ၅၀အောက်သာ ကုန်ကျတော.မည်ဖြစ်သည်။

စမ်းသပ်ခများကို မယူပဲ ဆရာဝန်များက ကုသိုလ်ယူကြသည်။ ဆေးဆိုင်များကလဲ ဆေးဝါးများအပေါ် အမြတ်မယူပဲ အရင်းအတိုင်း သို့မဟုတ် အရှုံးခံနိုင်သလောက်လျှော့ပြီး ကုသိုလ်ယူရောင်းချပေးကြသည်။ ဓာတ်ခွဲခန်းများကလဲ အတတ်နိုင်ဆုံးဈေးလျော့ပေးလာကြလိမ့်မည် ဟု မျှော်လင့်ရသည်။

ဤစနစ်အောင်မြင်ရေးတွင် မြို့ရွာဒေသများ၌ သီလသမာဓိရှိသော လူထုကြည်ညိုသော ကိုယ်ကျိုးမရှာသော ရဟန်းရှင်လူတို့က ဦးဆောင်စည်းရုံးမှသာ အောင်မြင်နိုင်ပါသည်။ ဖါးအံ၌ ဆရာဝန်ဆရာမများ၊ ဆေးဆိုင်များအား မေတ္တာစေတနာဖြင့် ပါဝင်လာရန် မေတ္တာရပ်ခံပေးသူမှာ အများက ယုံကြည်လေးစားအားကိုးသော အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ ဌေးနောင်ပင် ဖြစ်ပါသည်။ အကျိုးဆောင် ဦးစိုးခင် (ဖုန် ၀၅၈-၂၁၉၄၀/၀၉-၅၆၆၁၂၈၀) က နှိုးဆော်၍ အကောင်အထည်ဖော်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ရွာဒေသအသီးသီးတွင် ထိုစနစ်ကို အကောင်အထည်ဖော်နိုင်ပါက သံဃာတော်များနှင့် သီလရှင်များအတွက် သုံးရသော များပြားလှသော ကျန်းမာရေးအသုံးစရိတ်များသည် ထက်ဝက်မက သက်သာသွားနိုင်ပါသည်။ အချိန်များစွာ မစောင့်ရပဲ ချက်ချင်း အကောင်အထည် ဖော်နိုင်သောစနစ်ဖြစ်သည်။ ဆေးရုံကြီးများကို ဆောက်နေစရာမလိုပဲ အဆင်ပြေနိုင်သော စနစ်ဖြစ်သည်။

ဖားအံမြို့တွင် ဈေးအသက်သာဆုံးဖြင့် ရောင်းချပေးသော ဆိုင်၂-ဆိုင်ရှိ၏။ (၁) မြို့မဈေးကြီးအတွင်းရှိ ဦးသန်းနိုင် ဒေါ်မြင့်မြင့်မူ၊ ဆေးပစ္စည်းနှင့် အလှကုန်ရောင်းဝယ်ရေးဆိုင်။ (၂) ဖိုးလမင်း ရှော့ပင်းမောအနီးရှို စောအိမ်ဖိုးဖောင် + မမြတ်ငြိမ်းအိ၊ (ငြိမ်းအေးစံ ဆေးဆိုင်)၊ ဗိုလ်ချုပ်လမ်း၊ မင်းတန်းရပ်။

ဤစနစ်အတွက် ငွေများစွာ၊ အချိန်များစွာ၊ ပင်ပန်းမှုများစွာမလိုပါ။ သီလသမာဓိနှင့် စိတ်ရှည်ဇွဲသန်မှုတို့သာလိုပါသည်။ ဤစနစ်အောင်မြင်ပါက ဗုဒ္ဓသာသနာတော်မြတ်အတွက် အတိုင်းအဆမရှိ အကျိုးကျေးဇူးဖြစ်နိုင်ပါသည်။ ဤစနစ်အကြောင်း အသေးစိတ်သိရှိလိုပါက ဦးစိုးခင်ထံသို့ ဖော်ပြပါဖုန်းအတိုင်းမေးမြန်းဆွေးနွေးနိုင်ပါသည်။ မိမိတို့ မြို့ရွာဒေသများ၌ ထိုစနစ်အကောင်အထည်ဖော်လိုသူများကို ဦးစိုးခင်က ကြိုဆိုနေကြောင်းအသိပေး တင်ပြလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts