ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် – စ က် ဝို င်း

Photo – YIT

မင်းညွန့်လှိုင် – စ က် ဝို င်း

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၅

သားရေ
ဘောလုံးကို တင်းနေအောင်လေထိုး

ပြီး အမြင့်ဆုံးကန်တင်လိုက်

ကမ္ဘာကျော်မယ့်ခြေနဲ့ကန်တင်လိုက်
မြေဆွဲအား လွန်အောင်ကန်တင်လိုက်
ကောင်းကင်ခေါင်မိုးပေါ် တင်နေရင်

အဲဒါ လပြည့်ပဲပေါ့ ။

အိပ်မက်လုံးဝ မမက်တဲ့ည

အိပ်ယာကနိုးနိုးချင်း
မေမေ့မျက်နှာပေါ်က

ဆံနွယ်စတွေ ဖယ်လိုက်လေ

အဲဒါ လပြည့်ပဲပေါ့ ။

ဖေဖေ ငယ်ငယ်က
ကျောက်သင်ပုန်းပေါ်မှာ

ဆရာတော်လက်နဲ့
ကူလှည့်ရေးတဲ့ဝလုံးတွေ..
သင်္ချာဆရာမ

အစနဲ့အဆုံး ဆက်မိအောင်
ရေးခြစ်လိုက်တဲ့ မျဉ်းကွေးတွေ..

အဲဒါလပြည့်ပဲပေါ့ ။

ကစားလို့ဝတဲ့ သားသားရယ်

အိပ်ရေးဝတဲ့ မေမေရယ်

စာဝဝရေးနိုင်တဲ့ ဖေဖေရယ်
အေးအေးလူလူစကားဝိုင်းဖွဲ့

လပြည့်ညကို ထိုင်ကြည့်ကြတဲ့အခါ

စကြဝဠာထဲမှာ

အဲဒီလဟာ အဝိုင်းဆုံးပဲပေါ့ ။

သားရေ

လကို ဒီအတိုင်း ပစ်မထားလေနဲ့

သားဘောလုံး လေလျော့သလို

လဟာ ပိန်သွားတတ်တယ်..

အိပ်ရေးမဝတဲ့ မေမေလို

လက မျက်နှာချောင် သွားမယ်..

မရေးဖြစ်တဲ့ ဖေဖေ့စာလို

လက ကွယ်သွားနိုင်သေးတယ် ။

ဒီတော့

အနက်ရောင် မျက်နှာကျက်ကြီး

လင်းပွင့်သွားအောင်

စက်ဝိုင်းပေါက် တစ်ပေါက်

ဝိုင်း စက် နေအောင်
ဖောက်စို့ ။          ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts