အင်တာဗျူး

မင်းကိုနိုင် အင်တာဗျူး ကောက်နုတ်ချက် – NLD ၊ ရွေးကောက်ပွဲ၊ ပြည်သူလူထု

 

မင်းကိုနိုင် အင်တာဗျူး ကောက်နုတ်ချက် – NLD ၊ ရွေးကောက်ပွဲ၊ ပြည်သူလူထု

(ဇာနီကြီး)၊ မိုးမခ ၊ အောက်တိုဘာ ၂၆၊ ၂၀၁၅

(ယခင်အပတ် RFA အင်တာဗျူးကနေ ကူးယူ ကောက်နုတ်ဖော်ပြပါတယ်)

 

၁၉၈၈ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် နဲ့ ထောင်နှစ်၂၀ကျော် ကျခံခဲ့သူ၊ သမ္မတဦးသိန်းစိန်လက်ထက် ထောင်မှလွတ်မြောက်လာသူ၊ လက်ရှိနိုင်ငံရေးလှုပ်ရှားသူတစ်ဦး။ သူဟာ ကဗျာစာပေများနဲ့ ထောင်သွင်းအကျဉ်းကျကာလ နှစ်၂၀ကျော်ကို စိတ်ဝိညာဉ်လွတ်လပ်စွာ ကုန်လွန်ခဲ့တယ်။ အခု ထောင်ကကလွတ်လာပြီးဘဝကို လည်း ၈၈ပွင်းလင်းအဖွဲ့အဖြစ် ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး၊ ဒိမိုကရေစီရေးတို့ကို ဦးဆောင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။

 

အခု ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်ဒီအဖွဲ့က မင်းကိုနိုင်တို့အဖွဲ့ကို အမတ်လောင်းများအဖြစ် ရွေးချယ်မယ်၊ ပူးပေါင်းပါ ဆိုလို့ ပူးပေါင်းတဲ့အခါ ယခင်ကိုယ်စားလှယ် ဦးပြုံးချိုကလွဲပြီး တယောက်မှ အမတ်လောင်းအဖြစ် ရွေးချယ်မခံရလို့ .. တတိုင်းပြည်လုံးသာမက၊ ၈၈ အဖွဲ့ပါ တအံ့တသြဖြစ်သွားခဲ့ရပါတယ်။ ကွဲကြပြီ လို့ဆိုပေမဲ့ အခု ၈၈ အဖွဲ့ ဦးမင်းကိုနိုင်တို့ဟာ အင်အယ်ဒီကို တခဲနက်ထောက်ခံ မဲဆွယ်ပေးနေပါတယ်။

 

အခုလုပ်မဲ့ရွေးကောက်ပွဲအမြင် RFA နဲ့အင်တာဗျူးကို အကျဉ်းရေးလိုက်ပါတယ်။

 

*  ပြည်သူလူထုရဲ့ သတ္တိနဲ့တာဝန်ကျေမှုတွေကတော့ ၁၉၉၀ ခုနှစ်ကတည်းက အခုတိုင်အောင် မြင်နေရာပါတယ်။ ပြည်တွင်းမှာထက် နိုင်ငံခြားရောက် မြန်မာများက မြန်မာပြည်ဘယ်လောက်ဆင်းရဲမွဲတေနေတယ်ဆိုတာ ပိုပြီးမြင်ပါတယ်။ နိုင်ငံခြားရောက် မြန်မာများ မဲတစ်ပြား ပေးခွင့်ရဖို့ ဘယ်လောက် ညအိပ်တန်းစီ မဲပေးကြတာ လက်တွေ့သိမြင်ခဲ့ရပါပြီ။ မဲမသမာမှုများ၊ မရိုးသားမှုများ၊ မဲစာရင်းများကို ဖြေရှင်းနေကြတာ၊ မဲရုံဝန်ထမ်းများနဲ့ မဲပေးသူများ အခက်ခဲပြသနာများစွာ တွေ့ကြုံရပါတယ်။ ဒါတွေဟာ ပြည်တွင်းမဲပေးမှုအတွက် အတွေ့ကြုံ များစွာရရှိကြပါတယ်။

 

* စမတ်ဖုန်း ဖေ့ဘုတ်သုံးစွဲခြင်း ကတော့ လူတွေရဲ့ ဥာဏ်ပညာနဲ့ ခေတ်ပေါ်နည်းပညာကို ထိရောက်စွာ အသုံးချပြီး ရွေးကောက်ပွဲကို တရားမျတအောင် ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတော်အတွက် ဘဝတွေ၊ အသက်တွေ များစွာပေးခဲ့ကြပြီးပါပြီ။ အခုခေတ်တော့ တိုးတက်လာတဲ့ နည်းပညာနဲ့ ဒီမိုကရေစီခေတ်ကို သွားဖို့ ဆက်လက်ကြိုးစားနေတယ်လို့ မြင်ပါတယ်။

 

* ခြိမ်းခြောက်မှု၊ မသမာမှု များစွာဖြစ်နေပါတယ်။ တချို့ကိစ္စတွေဆို တကယ်လဲမဟုတ်ပဲ ကောလဟာလ လွှင့်ပြီး ဒီမိုကရေစီအတွက် မဲပေးမဲ့ပြည်သူလူထိုကို တိုက်ခိုက်နေပါတယ်။ ဒါတွေကိုလည်း လူထုက မေတ္တာနဲ့ ချက်ခြင်းလက်တုန့်ပြန် ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

 

* ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်ခရီးစဉ် စိုးရိမ်သလို ပြသနာတွေမဖြစ်ပဲ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ ကျနော် ရခိုင်ပြည်နယ်မှာ ၇နှစ် နေခဲ့လို့ ရခိုင်များအကြောင်း သိပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဘာမှပြသနာမဖြစ်ပဲ အေးချမ်းစွာ ပြီးဆုံးခဲ့ခြင်းက ရခိုင်လူမျိုးများရဲ့ အဆင့်အတန်းရှိတဲ့ ရခိုင်ပြည်နယ် ဆိုတာ ပြသနိုင်ခဲ့ပါတယ်။

 

* တိုင်းရင်းသားလူမျိုးစု ပြသနာများကို ကြည့်ရင် အမြင်ဆိုတာ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဥပမာ ဒုတိယကမ္ဘာစစ်ကြီး ဖီလ်မာရှယ် စစ်ဗိုလ်ချုပ်များရဲ့ အာဖရိကစစ်မြေပြင်၊ ဥရောပ၊ အာရှ၊ စတဲ့စစ်မြေပုံကြီးတွေ ထောက်ကြည်ပြီး တိုက်ပွဲဆင်နွဲတဲ့ ဖီးလ်မာရှယ်များရဲ့ အမြင်နဲ့၊ မြို့သိမ်းတိုက်ပွဲဆင်နွဲတဲ့ တပ်ရင်းမှုးတစ်ယောက်ရဲ့ အမြင် မတူညီနိုင်ပါဘူး။ ဒါပေမဲ့ ရည်ရွယ်ချက်ကတော့ တူကြပါတယ်။ ဖက်ဒရယ်လဲ ဖြစ်ရမယ်။ ဒီမိုကရေစီလဲ ဖြစ်ရမယ် ဆိုတဲ့ အခုခေတ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်ကတော့ ဥာဏ်ပညာအမျော်အမြင်ပဲ ဖြစ်ပါတယ်။

 

* ၈၈ အဖွဲ့ကို အင်အယ်ဒီအမတ်လောင်းအဖြစ် မရွေးချယ်ပေမဲ့ အင်အယ်ဒီကို ဆက်လက်ထောက်ခံမဲဆွယ်နေတဲ့ကိစ္စ ..ကိုယ်စလှယ်လောင်း မဖြစ်တော့ ပြည်သူလူထုအားလုံးတအံ့တသြဖြစ်ရပေမဲ့၊ ၈၈ အဖွဲ့ဆုံးဖြတ်ချက်ကတော့ … အဓိက နဲ့ သာမည ခွဲခြားသိမြင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို တညီတညွတ်ထဲ လျောက်လှမ်းခြင်းပါ။ အင်အယ်ဒီကိုပဲ တခဲနက်ထောက်ခံ မဲဆွယ်ပေးရမယ်…ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း ဒီမိုကရေစီဖက်သားများ ညီညွတ်မှုကို စံနမူနာအဖြစ် ပြည်သူလူထုကို ပြသခြင်း ဖြစ်ပါတယ်။

 

* ရွေးကောက်ပွဲ ရလဒ်ကို ဘယ်လိုမြင်ပါသလဲ…မေးခွန်းအဖြေကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ယူလုပ်ဆောင်မဲ့သူများ အပေါ် အများကြီးမူတည်ပါတယ်။ မဲစာရင်း ၃၀% ပဲမှန်မယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ကိုယ်တိုင်ပြောကြားခြင်းလဲ ရှိနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပပေးတဲ့အခါ ရိုးဖြောင့်စွာလုပ်ဆောင်နိုင်ရင် ရလဒ်ကလည်း ပြည်သူလူထုလိုလားတဲ့ အတိုင်းရလာမှာ ဖြစ်ပါတယ်။

 

* နောက်ဆုံးမေးခွန်းကတော့ မြန်မာပြည်သူလူထုကို ပြောကြားလိုတဲ့စကားပါ။ အမှတ်တရ ရွေးကောက်ပွဲအကြို ပြောကြားလိုတာကတော့ ဒီတပွဲနဲ့မပြီးသေးပါဘူး။ ပွဲဆက်တွေ တဆင့်ပြီးတဆင့် လာဦးမယ်ဖြစ်ပတယ်။ အားပြိုင်မှုတွေ ရှိနေဦးမယ်။ ဒါကြောင့် ပြည်သူလူထု ဆက်လက်ညီညွတ်စွာ ဒီမိုကရေစီအတွက် လုပ်ဆောင်သွားဖို့ မှာကြားလိုပါတယ်။

 

အာအက်ဖ်အေ RFA သတင်းဌာနက မေးဖြေ ၁၃မိနစ် ဗွီဒီယိုကို နားဆင်နိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts