ရသဆောင်းပါးစုံ

သွန်းခ – ခံနိုင်ရည်အားရှိကြဖို့ လိုပါမယ်

သွန်းခ – ခံနိုင်ရည်အားရှိကြဖို့ လိုပါမယ်
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၅

သွန်းခ ခဏခဏ စဉ်းစားမိပါသလို အကျေနပ်ကြီးလည်း ကျေနပ်ခဲ့ပါတယ်။ မြန်မာလူမျိုးများ ကိုယ်ခံအားကောင်းကြတဲ့ ကိစ္စပါ။ ဘယ်နိုင်ငံ၊ ဘာရောဂါ၊ ဘယ်လိုဖြစ်နေဖြစ်နေ မြန်မာပြည်မှာတော့ အေးအေးဆေးဆေးပဲ။ ဆားစ်တုန်းက ကြည့် မလား၊ အိပ်ခ်ျဖိုက်ဖ်အင်န်ဝမ်းမကလို့ နောက်ထပ်နံပါတ်တွေလာခဲ့၊ အီဘိုလာ၊ မားစ်၊ မီသလောက်၊ မှတ်မိသလောက်ပြော တာပါ။ မြန်မာပြည်ကလူတွေ ထောင်ထောင်၊ ထောင်ထောင်နဲ့။ ဘာမှမှမဖြစ်တာ၊ ဘာမှမဖြစ်ဘူးပေါ့။

နောက်ပြီးမြန်မာပြည်ကလူတွေများ ဘယ်လောက်ကျန်းမာရေးအသိပြည့်စုံစမ်းပါစေ။ စားပြပါလိမ့်မယ်ဗျား၊ တုတ်ထိုးမျိုးစုံ၊အ သုပ်စုံ၊ တွေ့ရာနေရာမှာကြုံသလိုသာ ဆိုင်ခင်းလိုက်စမ်း၊ စားပြီးသားပဲ။ ဆိုင်ကြီးလည်း စားတာပဲ။ လမ်းဘေးလည်း စား လိုက်တာပါပဲ။ ဝမ်းပျက်၊ ဝမ်းလျော၊ အသည်းရောင်အသားဝါဗိုင်းရပ်စ်မျိုးစုံ၊ ကင်ဆာအမျိုးမျိုးကို မကြောက်တမ်း လျှာအလို လိုက်နေတတ်ကြတဲ့ “ရွှေ” မြန်မာများ။

အလုပ်ကပြန်လာတိုင်း လှည်းတန်းမီးပွိုင့်နားမှာရောင်းနေတဲ့ စားသောက်ဆိုင်တန်းနဲ့ စားနေကြတဲ့သူတွေကို မကြည့်ချင် လည်း တွေ့နေရတာပါ။ အသုပ်ဆိုပိုဆိုးပါတယ်။ လက်အိတ်မပါပဲ ဇိဇိနဲ့ နယ်ဖတ်သုပ်ပေးလိုက်တာကို အားပါးတရ စားကြတယ်။ ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေးကိုက်ပြီး အချိုမှုန့်နိုင်နိုင်နဲ့ ဟင်းခါးပူပူမှုတ်သောက်ရင်း အရသာခံစား တတ်ကြပါတယ်။ (အသုပ်သုပ်တုန်းကလည်း အသုပ်သည်က အချိုမှုန့်တွေအများကြီး ထည့်ပေးထားသေးတာပါ) စား သောက်ပြီးသား ပန်းကန်တွေ၊ ဇွန်းတွေ ပလတ်စတစ်ရေပုံးထဲဆွဲနှစ်၊ ဆပ်ပြာရည်ဆွတ်ထားတဲ့ အဝတ်စုတ်နဲ့ ကပျာကယာ ဆွဲပွတ်၊ ရေခါပြီးနောက်တစ်ယောက်အတွက် နောက်တစ်ပွဲပြင်ပေးလိုက်တာများ မြန်ချက်။ မီးခိုးတွေအူတက်နေတဲ့အကင်ဆိုင်နား လူတွေများဝိုင်းလို့ပါ။ အကင်ကြောင့် လည်ချောင်းကင်ဆာ၊ သွားမပြောနဲ့ အရသာရှိရှိစားနေကြတာ။ ဟို…ဟို…အကင်ကမည်းမည်းတွေကြောင့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ ဟင့်အင်း…စားမှာပဲ။ ကာစီနိုဂျင်တွေ၊ အယ်ဖာတော့ စင်တွေ သွားမပြောစမ်းနဲ့။ ဗိုက်ဆာရတဲ့အထဲမှာ ဘာတွေလာရွတ်နေတာလဲလို့တောင် အပြောခံရပါလိမ့်မယ်။ ရပ်စောင့်နေ ကြတဲ့အထဲ မျှော်တတ်တဲ့ခွေးတောင် ပါလိုက်သေး၊ သူလည်း စားရမှန်းသိပြီလေ။ လာမျှော်တတ်ပြီပေါ့။ သူမှကင်ဆာကို မသိတာကိုး။

စားတုန်း ခဏဘာမှမဖြစ်ကြတာပါ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ကုဌာနကို ကြုံရင်ဝင်လေ့လာလိုက်ကြပါ။ကင်ဆာလူနာတွေဘယ်လောက်များနေပြီလဲဆိုတာ သိသွားကြပါလိမ့်မယ်။ လူနာ့မှတ်တမ်းမှာတော့ “ငရုတ်သီးမှုန့် မှိုတက်၊ အုတ်နီခဲမှုန့် ရောစပ်ထားတာစားမိ၊ ငါးကင် ကြက်ကင် မီးကျွမ်းနေသည်များ စားမိ၊ အီကြာကွေးနှင့် အကြော်စုံကြွပ်ြကွပ်များ စားမိ၊ ဆီမသန့်သည်များ စားသုံးမိ၊ နှစ်ပြန်ကြော်များ စားသုံးမိ” စသည်ဖြင့်တော့ ဘယ်ရေးထားပါ့မလဲ။ ဖြစ်တတ်ပါတယ်၊ ဖြစ်လိမ့်မယ်ဆိုတာ ကျန်းမာရေးပညာရှင်တွေပြောပြထားပြီးသားကို နားမှမထောင်တာ၊ သက်ဆိုင်ရာကလည်း ကျန်းမာရေး ပညာပေးဆိုတာ မဆိုစလောက်လေးလုပ်တတ်နေကြတာ၊ အဲဒီသက်ဆိုင်ရာကပဲ ထိထိရောက်ရောက်မှ အရေးယူမပြနိုင်ကြ တာကိုး။

ပြီးခဲ့တဲ့အောက်တိုဘာ ၉ ရက်နေ့က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အေးမြကြည်လင်ဈေးထဲ စားသုံးဆီအရောင်းဆိုင်တွေ ကုန်စုံဆိုင်တွေကို တာဝန်ရှိသူတွေဝင်စစ်ကြပါသတဲ့။ မိတာပေါ့၊ မြန်မာနိုင်ငံမှာ ဘယ်ဈေး၊ ဘယ်အချိန်ဝင်စစ်စစ်မိမှာ ချည်းပဲ။ “လက်ရှိအချိန်အထိကတော့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအနေနဲ့ အရေးယူဆောင်ရွက်ထားတာစားသုံးဆီမှာမရှိသေးဘူး။ အေးခဲကြက်သားအလုပ်ရုံတစ်ခုတော့ အရေးယူထားတာရှိတယ်။ စားသောက်ကုန်ထုတ်လုပ်ရောင်း ချတဲ့နေရာမှာ ဦးတို့နိုင်ငံက ဥပဒေအားနည်းနေသေးတယ်။ အဓိကကတော့ လုံလောက်တဲ့စားသုံးသူ အကာအကွယ်ပေး ရေးဥပဒေပညာပေးတွေအတွက် အရင်လုပ်နေပါတယ်”

အဲဒါနဲ့မိထားတဲ့ဆိုင်ရှင်တွေကို ဝန်ခံကတိရေး၊ လက်မှတ်ထိုးပြီးတော့လည်း ပြီးသွားတာပဲပေါ့။ အဲဒီမှာ “စံမညီ” စားသုံးဆီ ဆိုတဲ့ အခေါ်ဆန်းလေးကြောင့် အိမ်က ကလေးမ အမေးကိုဖြေရှင်းလိုက်ရသေးတာပါ။ ဆီအသစ်တစ်မျိုးနံမည်လားမေးလာလို့လေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးရဲ့နောက်ဆုံးထုတ်ပြန်ချက်ထဲမှာ မြန်မာပြည်ဟာ ကျန်းမာရေးစောင့်ရှောက်မှုအဆင့် အတန်းက အောက်ဆုံးအဆင့်မှာပါတဲ့။ သေမင်းတမန် အစားအသောက်တွေ၊ ဆိုင်တွေကို ဘယ်လိုအရေးယူကြမလဲ။ လူ ထုကို ကျန်းမာရေးပညာပေးအရှိန်အဟုန်နဲ့၊ ဥပဒေနဲ့ဘယ်တော့လုပ်ကြမှာတဲ့လဲ။ ရွေးကောက်ပွဲပြီးမှလား။ ရွေးကောက်ပွဲပြီးလုပ်ရမှာတွေကဖြင့် အများကြီး၊ အရေးကြီးတာတွေဆိုပြီး ရှေ့တန်းတင်ထားတာတွေရဲ့အောက်ဆုံး၊ နောက်ဆုံးမှာမှ ထုံးစံ အတိုင်း ကျန်းမာရေးနဲ့ပညာရေးက နေကြရဦးမှာလား။

သွန်းခတို့လူမျိုးတွေက ခံနိုင်ရည်အားကောင်းကြတာမှန်ပါတယ်။ စီးပွားရေးအရပဲကြည့်ကြည့်၊ ကျန်းမာရေးအရပဲကြည့် ကြည့်၊ ပညာရေးမှာမမျှမတဖြစ်နေတာပဲကြည့်ကြည့်၊ နိုင်ငံရေးမှာ တစ်ဖက်စောင်းနင်းဖြစ်နေတာကို သိသိကြီးနဲ့ကို ခံနိုင် ရည်အားကောင်းကောင်းနဲ့ကို ခံနေကြတာ အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ စည်းကမ်းရှိခြင်းဟာ အရာရာမှာအရေးကြီးတဲ့ အကြောင်း ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တကယ့်အောင်မြင်တဲ့ခေါင်းဆောင်ကောင်းကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေရဲ့အ ပြောတွေမှာ ကြားဖူး၊ ကြုံဖူးကြမှာပါ။ မြန်မာတွေ တကယ်စည်းကမ်းရှိကြပါသလား။ ထိရောက်တဲ့ ပညာပေးမှုမရှိတာရော၊ စည်းကမ်းမရှိတာရောကို ဆေးရုံတစ်ရုံထဲကမြင်ကွင်းလေးတွေနဲ့ တင်ပေးလိုက်ပါမယ်။ အသက်ရှုလမ်းကြောင်းကနေ တစ် ဆင့်ကူးစက်တတ်ပါတယ်လို့လည်း ပြောပြထားပြီးသား၊ ကိုယ်နဲ့ကိုယ့်မိသားစုတွေလည်း ခံစားနေကြရပြီဖြစ်တဲ့ ဆေးယဉ်ပါး တီဘီရောဂါကို အဓိကကာကွယ်နိုင်တာက နှာခေါင်းစည်းပါ။ ရောဂါရှိနေသူတပ်ထားတဲ့ နှာခေါင်းစည်းထဲမှာ ရောဂါပိုးတွေ အများကြီးနဲ့ပါ။ သာမန်တီဘီတွေနဲ့မတူပဲ လပေါင်း၂ဝ အပြင်းအထန်ကုကြရတဲ့ ဆေးယဉ်ပါးတီဘီကိုခံစားဖူးကြသူတွေအသိဆုံးပါ။ ဒါပေမယ့် စည်းကမ်းမဲ့စွာပြုနေကြပုံတွေကတော့ မြန်မာပြည်အနာဂတ်အတွက်ရင်လေးစရာပါပဲ။ အိပ်ခ်ျအိုင်ဗွီထက်ကြောက်ဖို့ကောင်းတာက အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ဘယ်လိုကနေကူးနိုင်တယ်ဆိုတာ လူတိုင်းသိနိုင်ကြပြီး ရှောင်လို့ရပါ သေးတယ်။ ဆေးယဉ်ပါးတီဘီကတော့ နေရာမရွေး၊ လူမျိုးဘာသာ၊ အဆင့်အတန်းမရွေးကူးနိုင်တာကို အများပြည်သူကိုထိရောက်တဲ့ပညာပေးခြင်းလည်းမရှိ၊ ထိရောက်တဲ့ အရေးယူဟန့်တားခြင်းမျိုးလည်းမရှိကြလေတော့ သွန်းခတို့ မြန်မာတွေ ကိုယ်ခံအားကောင်းဖို့ထက် ခံနိုင်ရည်အားရှိကြဖို့သာလိုပါတော့တယ်လို့ပဲ မြင်မိပါတော့တယ်။ ကိုယ်ခံအားနဲ့ ခံနိုင်ရည်အား မတူနိုင်တာကိုတော့ လက်ခံကြမယ်ထင်ပါတယ်။ အနီးစပ်ဆုံး ဆေးယဉ်ပါးတီဘီမှာ ဆေးဒဏ်မခံနိုင်လို့ ဘာတွေဖြစ်ကုန်ကြ တယ်ဆိုတာ နီးစပ်ရာမှာ မေးကြည့်ကြပါတော့။ သွန်းခ ရေးလွန်းတော့ ဖြဲခြောက်တယ်ထင်မှာစိုးလို့ပါ။ မဖြစ်ခင်က ကာ ကွယ်ကြတာ မကောင်းဘူးလားခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts