Poems

ခ က် ဦး – တိ ရ စ္ဆာန် ရုံ

ခ က် ဦး – တိ ရ စ္ဆာန် ရုံ
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၅

လူစည်တဲ့အခါ
နှာမောင်းမြှောက် ရှိခိုးပြဖို့
ဆင်တွေနဲ့
အသင့်စားအသားစိုရဖို့
လျှာသပ်အမြီးယမ်းနေကြ
ကျားအိုတွေနဲ့
အသံခြောက်ကြီး ခံတွင်းထဲထဲ့
ဟိန်းတလှည့် ဟောက်တလှည့်
ပျင်းရိ ပျင်းတွဲ ပိန်ပိန် လိန်လိန်
ခြင်္သေ့အိုတွေနဲ့
ပုဆိုးစုတ်လို ခွေကြ အိပ်ကြ
အဆိပ်နှုတ် အစွယ်ချိုးခံရ မြွေတွေနဲ့
အိုင်စပ်ထဲဝပ်နေမှိန်းနေကြ
ကုန်းနဲ့ရေပျော် သားရိုင်းတွေနဲ့
အရွက်စိမ်းရှိရာ လည်ဆန့်ရင်း
မွဲညိုအရောင်မစိုတော့တဲ့
ဒရယ် သမင် သစ်ကုလားအုတ်တွေနဲ့
ခွဲတမ်းချအရပ်မှာ ခွဲတမ်းကျအသက်မွေးရင်း
ပန်းအတု စမ်းအတုနဲ့ ဝေဆာစိမ်းလန်းရင်း
တောင်အတု တောအယောင်တွေနဲ့
တဝေ့လည်လည်ကျက်စားရင်း
အုပ်ထားမိုးဆဲ ကောင်းကင်အတုထဲတောင်
အတောင်သန်လျက် ငှက်စင်စစ်တွေ
ခွန်နဲ့အားဖွဲ့ ငှက်စင်စစ်တွေ
မြင့်မြင့်ဝေးဝေး
မပျံတတ် မထွက်တတ်တော့တာ
ကြာ ကြာလှပေါ့

ခက်ဦး
၁၉ . ၁၀ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts