ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – “အလင်းပိတ် တံခါးကို ဖွင့်ကြစို့ ”

ကျော်ဟုန်း – “အလင်းပိတ် တံခါးကို ဖွင့်ကြစို့ ”

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၅

 

ငါတို့ နှလုံးသားတွေကို
ယုံကြည်ရာမှာ အမှန်ခြစ်ဖို့ 
နှစ်သက်ရာမှာ တံဆိပ်တုံးနှိပ်ဖို့ 
ကြားခံ ဓာတ်ပြုအက်စစ်က ပြင်းလွန်းတယ်။

ကူးစက်ခံရောဂါပိုးတွေအပြည့်နဲ့  နှလုံးသားကို
အနာဂတ်အတွက် မလှူဒါန်းရက်ဘူး။

အရှေ့ အရပ်က နေထွက်သတဲ့လား
ကြားဖူးပေမယ့် နေရောင်မမြင်နိုင်
အလုံပိတ် ခန်းမကြီးထဲ
သားဖွားခြင်းကို ဆက်မပြုလိုသူတွေဟာ
တံခါးပေါက်ရှာဖို့ စုရုံးရောက်ရှိလာချိန်…

တံခါးပေါက်ပိတ်ထားတဲ့ လက်မည်းကြီးတွေက
တံခါးပေါက်ဖွင့်ပေးဖို့ အရေး
ဒီမိုကရေစီဖော်ဆောင်သူ ဟန်ဆောင်
မဲခွဲဆုံးဖြတ် ခွင့်ပြုကြချိန်ကာလ
ရူးဗစ်အံစာပေါ်မှာ
ကလိန်ကကျစ်တွေ ထပ်ဖြည့်တယ်။

အလင်းတံခါးဖွင့်ဖို့ အရေး
မဲတပြားပေးရဖို့ အရေး
အမှောင်ခန်းထဲမှာ
မျက်လုံးပေါ် အဝတ်နက်စည်းခံရသေးတယ်။

 ဖြည့်လိုက်ရတဲ့ ပုံစံတွေ
ပြလိုက်ရတဲ့ အထောက်အထားတွေ
ဘယ်လိုပင် ပြည့်စုံလည်း
ကိုယ့်အမည်ပါလည်း ပေးခွင့်မဲ မပါ
မဲစာရွက်မှာ တာဝန်ခံလက်မှတ် ဗလာ
ပေးရမယ့်မဲ အရေအတွက်လျော့နေ တခါ
မသိရင် မသိသလို၊ လစ်ရင် လစ်သလို
တာဝန်ခံ တာဝန်ယူမှု ဟင်းလင်းနဲ့ 
ဆုံးမဲ ပယ်မဲ ဖြစ်ရသူတွေလည်း ဒုနဲ့ ဒေး။

 ဖြစ်ပုံက …
သူခိုးကို ဂိုဒေါင်သော့ အပ်ရသလိုမျိုး
ရွေးချယ်မှု ဘောင်ကျဉ်းရတဲ့ကြား
ဝင်္ကပါမှာ သူယောင်မယ်တွေလွှတ်ထား
လက်လှည့် မျက်လှည့်ကျွမ်းသူက
မဲစိစစ်ရေးမှူးတာဝန်နဲ့ 
ပယ်မဲ လွတ်မဲတွေကို အရောင်ပြောင်းဖို့ 
ခေါင်းရင်းခန်းမှာ မိန့် မိန့် ပြုံးလို့ 
ကမ္ဘာကျော်မဲလိမ် မဲခိုးနည်းဟာ
ဂင်းနစ်စံချိန်ဝင်သွားတယ်။

“အလင်းရောင်ဆိုတာ ဘယ်လိုလဲဟင်”တဲ့
သားသား မီးမီး အမေးကို
ဒဏ္ဍာရီလို ပြောပြောပြနေရတဲ့ အဖွားအို
ဗြဟ္မာ့အသက်မျိုး ရှည်ပါစေ။

“နေရောင်ခြည်ဟာ
ရောဂါပိုးကို သေစေဧ။်”တဲ့
ပိုလီယိုဖြစ်နေတဲ့ မျိုးဆက်များ
နေကြာပန်းလို လန်းပါစေ။

တံခါးပိတ်ထားတဲ့ လက်မည်းကြီးတွေ
သွင်သွင်ကျိုးဖို့  ချိုးပါလေ။ ။

 ကျော်ဟုန်း
၂၀၁၅ ၁၀ ၁၆ – ၁၂း၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts