သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ရွေးကောက်ပွဲကော်မရှင် နှင့် မောင်မိုးသူ

မောင်မိုးသူ  – ရွေးကောက်ပွဲကော်မရှင် နှင့် မောင်မိုးသူ

(မော်ဒန်သတင်းဂျာနယ်) မိုးမခ၊ အောက်တိုဘာလ ၂၄၊ ၂၀၁၅

စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေဟာ နှစ် ၅၀ကျော် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့လေတော့  ပြည်သူကို မျက်နှာမမူတတ်ကြပါဘူး။ အရေးအကြီးဆုံးဖြစ်တဲ့ လုပ်ငန်းတာဝန်ကို စည်းစနစ်ကျန မှန်ကန်စွာ လုပ်ဆောင်မှုပေးတဲ့ အလုပ်ကိုလည်း မလုပ်ဆောင်တတ်ပါဘူး။ သူတို့ရဲ့ လက်သုံးစကားက ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတာပါပဲ။ အခြေအနေအရပ်ရပ်ကြောင့် ၂၀၁၀ မှာ လွှတ်တော်အစိုးရ ဖြစ်လာပါတယ်။ သမ္မတ အဖြစ် တာဝန်ယူပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ ` လေချိုသွေး ´ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ့ရဲ့ လစဉ်မိန့်ခွန်းမှာ ` မိဘပြည်သူများခင်ဗျား ´ ဆိုတာနဲ့ စတာပါ။ ငါးနှစ်နီးပါးရှိလာပြီး သမ္မတကြီးရဲ့ စီမံကိန်းအရပ်ရပ် မအောင်မြင်လေတော့ သမ္မတကြီးဦးသိန်းစိန်ရဲ့ ` မိဘပြည်သူများခင်ဗျား´ ဆိုတဲ့စကားလုံးဟာ ကာတွန်းဆရာများရဲ့ သရော်လှောင်ပြောင်မှုနဲ့အတူ အလွန်ရယ်စရာကောင်းတဲ့ စကားလုံး တစ်ရပ်ဖြစ်လာပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ စကားတွေကလည်း “ထမင်းတနပ်ပဲစားပါ …” တို့၊ “မင်းဘာလဲ … ငါဘာလဲ”  အပြောအဆိုတွေကြောင့် ပြည်သူလူထုက အံ့ဩ ကုန်နိုင်ဖွယ် ဖြစ်ခဲ့ရပါတယ်။

လွှတ်တော်အစိုးရဖွဲ့စည်းပြီးတဲ့နောက် စစ်အစိုးရကာလတွေမှာ နံပါတ်လေးလောက်၊ နံပါတ်ငါးလောက်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်အေးဟာ သမ္မတရာထူး၊ လွှတ်တော်ဥက္ကဋ္ဌရာထူးလို နိုင်ငံအကြီးအကဲ ရာထူးမရဘဲ ဘာမှ အရေးပါပုံ မရတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးကိုပေးအပ်လိုက်တော့ ဘယ်လိုလဲဟဆိုပြီး အံ့ဩမိခဲ့ပါတယ်။နောက်မှ တဖြည်းဖြည်း သိသိလာရတာက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဆိုတာ ကိုယ့်အသင်းက တိုက်စစ်မှူးကို ဝီစီကိုင် ဒိုင်လူကြီး အဖြစ် ခန့်အပ်လိုက်တာကိုး ဆိုပြီး ကျောချမှ သိရပါတော့တယ်။

အခြေခံမဲစာရင်း မှားယွင်းမှုတွေ ရှိတာကို ၊ အင်န်အယ်လ်ဒီက ထောက်ပြ ဝေဖန်ပါတယ်။ အဲဒါကို အမေရိကန်က အမေရိကန်-မြန်မာဆက်ဆံရေး အဟန့်အတား ဖြစ်နိုင်ပါတယ်  ဆိုတဲ့ စကားနှစ်ရပ်ကိုဆက်စပ်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ တုံ့ပြန်စကားကတော့ `မြန်မာပြည်ကို ပိတ်ဆို့မယ်ဆိုရင် အခါ ၁၀၀ ပိတ် ပိတ် ဂရုမစိုက်ဘူး ´ လို့ မဆီမဆိုင် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဦတင်အေးက ဂရုမစိုက်ပေမဲ့ မောင်မိုးသူကတော့ ဂရုစိုက်ရတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဦးတင်အေး အဲသည်လိုပြောလိုက်တာနဲ့ ချက်ချင်းပဲ အမေရိကန်ဒေါ်လာဈေးက ခုန်တက်သွားပါတယ်။ ဒေါ်လာဈေးခုန်တက်သွားတော့ ကုန်ဈေးနှုန်းကလည်း လိုက်တက်တာကိုး။ အမေရိကန် ပိတ်ဆို့မှုကို မောင်မိုးသူကလည်း ဂရုမစိုက်ဘဲနေနိုင်ပေမဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုတော့ ငါ့ဝမ်းပူဆာ မနေသာပါဘူးခင်ဗျ။

ကော်မရှင်ဥက္ကဋ္ဌကြီး ဦးတင်အေးဟာ ငယ်ကျင့် ငယ်မူမပျောက်ဘဲ ပြောမိသွားတာလည်း ဖြစ်နိုင်တာပဲလေ။ စကားအပြော လွဲတာကတော့ မပြောတော့ပါဘူး။ အပြောထက်အရေးကြီးတဲ့ အလုပ် မလွဲဖို့က အရေးကြီးတာမဟုတ်လား။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အဓိကတာဝန်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲပြုလုပ်ကျင်းပရေး မဟုတ်လား ။ရွေးကောက်ပွဲတခုရဲ့ အရေးပါဆုံးက မဲစာရင်းပဲ ဖြစ်ပါတယ်။ မဲစာရင်း ပထမထုတ်ပြန်ရာမှာလွဲ ၊နောက်တကြိမ် ထုတ်ပြန်တော့မမှန်၊ ၃၀ရာခိုင်နှုန်းပဲ မှန်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောသေးခင်ဗျ။ သည်ထက်ဆိုးတာက လာမကြည့်တဲ့သူတွေ တာဝန်တဲ့။ ပြီးတော့ မီဒီယာ တွေကလည်း မြှောက်ထိုးပင့်ကော် လုပ်တယ်လို့ အများပြည်သူနဲ့ မီဒီယာကို အပြစ်တင်တာ တွေ့ရတယ်ခင်ဗျ။

လတ်တေလာပြဿနာက ကိုရီးယား၊ဂျပန်နဲ့ စင်ကာပူ နိုင်ငံများမှာ အဲသည်နိုင်ငံများရောက် မြန်မာနိုင်ငံသားများဟာ ကိုရီးယားမှာဆိုရင် ဆိုးလ်၊ဂျပန်မှာဆိုရင် တိုကျိုအထိ ခရီးဝေးကနေစိတ်အားထက်သန်စွာ ကြိုတင်မဲပေးဖို့ လာရောက်ကြပါတယ် ။မြန်မာသံရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လျော့ရဲရဲနဲ့ တာဝန်မကျေကြဘူးဖြစ်နေတယ်ခင်ဗျ။ သံရုံးတာဝန်ခံတစ်ဦးကဆိုရင် ကိုယ်စားလှယ်လောင်းတစ်ဦး အမည်မပါတာ သူတို့ မသိဘူး။ ပို့ပေးတဲ့အတိုင်း ဖြန့်ဝေရတာလို့ ပြောတယ်ခင်ဗျ။ တီးတိုး တီးတိုး သဖန်းပိုး ပြောနေကြတာကေတာ့ ပါမလာတဲ့ ကိုယ်စားလှယ်လောင်တစ်ဦးက အခြေအနေ သိပ်မဟန်တဲ့ ခေါင်းဆောင်ကြီးတစ်ဦးက ရွေးတဲ့နေရာလို့ ပြောနေသံ ကြားရတယ်ခင်ဗျ။

စင်ကာပူမှာတော့ ညအိပ်စောင့်ကြ၊ရက်တိုးပေးရတာတွေ ဖြစ်နေတယ်ခင်ဗျ။

မောင်မိုးသူနဲ့ တိုက်ရိုက် ပတ်သက်တာကတော့ တံဆိပ်တုံးရိုက် ဆန္ဒမဲပေးမှုပဲခင်ဗျ။ ဘယ်ပညာရှင် ပုရောဟိတ်ကများ ခက်ခဲနက်နဲပြီး အမှားအယွင်းများပြားနိုင်တဲ့ တံဆိပ်တုံးထု မဲပေးစနစ်ကို တီထွင်ဖန်ဆင်း လိုက်ပါလိမ့်လို့ မောင်မိုးသူ ရင်သပ်ရှုမော အံ့ဩရပါတယ်။

မောင်မိုးသူက ကိုယ်စားလှယ်သုံးဦးကို တံဆိပ်တုံးထုပြီး မဲပေးရမယ်ခင်ဗျ။အဲသည်လို မဲပေးဖို့အရေး လူတွဲမပါရင် မဲရုံကို မလာနိုင်တဲ့ မောင်မိုးသူဟာ စင်ကာပူက ကလေးတွေလို ညအိပ် သွားစောင့်ရလေမလား။ တံဆိပ်တုံး သုံးနေရာ မှန်မှန်ကန်ကန်ထုဖို့ဆိုတာ အသက်ကကြီး၊ လက်ကတုန်နေတဲ့မောင်မိုးသူတစ်ယောက် ကိုယ်စားလှယ်တစ်ယောက်ကို တံဆိပ်တုံးထုဖို့ ငါးမိနစ်၊ ၁၀မိနစ်ကြာနိုင်တယ်၊ သုံးယောက်ဆို မိနစ် ၂၀၊ ၃၀ပေါ့၊ မောင်မိုးသူရဲ့ မဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၂၀၀၀၊ ၃၀၀၀ ဆိုရင် ဘယ်လိုလုပ်ပြီးတော့မှာလဲ။ ဒုက္ခော။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးဦးတင်အေးဟာ မောင်မိုးသူတို့ မန္တလေးသားခင်ဗျ။ မောင်မိုးသူတို့ စုဝေး စကားပြောနေကျ၊ လက်ဆည်ကန် ဆေးရိုးဝင်းမြောက် ပေါက်တည့်တည့်မှာရှိတဲ့ ဗောင်းနို့ဆီ တိုက်ကခင်ဗျ။ သူတို့ မိသားစုက နို့ဆီ ထုတ်ဆိုပဲ။ သူတို့ အိမ်ခေါင်မိုးထိပ်မှာ ဝန်ကြီးခေါင်းဗောင်း ရုပ်တုကြီး ရှိ သတဲ့ခင်ဗျ။ ဦးတင်အေးရဲ့ ဝန်ကြီးဖြစ်မယ့် ရှေ့ပြေးနိမိတ်လား မသိပါဘူး။ အဲသည်တိုက် အဲသည် အရုပ်ဟာ မောင်မိုးသူတို့ ခေတ်ကဖြစ်ပါတယ်။ ဆိုလိုတာက ဦးတင်အေးနဲ့ မောင်မိုးသူတို့ဟာ တစ်ရပ်တည်းသား ဖြစ်တယ် ဆိုတာပါ။ သူ့သားတစ်ယောက်ရဲ့ အနုပညာလုပ်ငန်းမှာ မောင်မိုးသူ နည်းနည်းပါးပါး ပါဖူးတယ်ခင်ဗျ။ အဲ သည်ကလေးနဲ့ မောင်မိုးသူ ရင်းပါတယ်။

ဟဲ ဟဲ …  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးမောင်မိုးသူနဲ့ တရပ်တည်းသားဆိုရမယ့် ဦးတင်အေးဟာ သူ တာဝန်ယူ လုပ်ဆောင်ရမယ့် ရွေးကောက်ပွဲဆိုသဟာကြီးကို ခက်သည်ထက်ခက်အောင် ၊ရှုပ်သည်ထက် ရှုပ်အောင် ၊ ကြန့်ကြသည်ထက် ကြန့်ကြာအောင် လုပ်နေလေရော့သလားလို့ မောင်မိုးသူ တစ်ယောက် သံသယတွေ တစ်ပုံတစ်ခေါင်းကြီး ဝင်နေတယ်ခင်ဗျ။

သံသယဝင်လို့ ဦးတင်အေးဟာ ဝေဖန်တာ ခံနိုင်ရည်လည်း ရှိပုံမရဘူးခင်ဗျ။ သူတို့ကိုယ်တိုင်က ဖြစ်စေ သူတို့သားတပည့်များက ဖြစ်စေ၊ အခြားတပါးသူတွေကို နစ်နစ်နာနာ ပြောဆိုဝေဖန်ကြပေမဲ့ သူတို့ကျတော့ ကာချုပ်ကြီးတို့ သမ္မတကြီးတို့ဆိုရင် ဆတ်ဆတ်ထိမခံဘဲကိုး။

ကော်မရှင်ဥက္ကဋ္ဌကြီး ဦးတင်အေးသားလည်း စာနယ်ဇင်း၊ ဂျာနယ်၊ သတင်းစာ ထုတ်နေတာပဲလေ။ သတင်းစာ၊ ဂျာနယ်လစ်တစ်ယောက်ဟာ အမြင်မတော် ဆင်တော်နဲ့ ခလောက် ဖြစ်နေတာကိုတော့ မသိဟန် မမြင်ဟန်ဆောင်လို့ မဖြစ်ဘူးလေ။

ရွေးကောက်ပွဲကော်မရှင်နှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts