သရော်စာ

သွန်းခ – ဆွဲစိမယ်ဆိုတာချည်းပဲ

 သွန်းခ – ဆွဲစိမယ်ဆိုတာချည်းပဲ
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၅
မဲပေးခါနီးလေ အမျိုးမျိုးကြားရလေပါပဲဗျာနော်။ ခု ၂၁၊၁ဝ၊၂ဝ၁၅  ညနေ ၆း ၃ဝ မှာ VOA ကတစ်ဆင့်ကြားလိုက်ရပြန်တာက ပြည်ဗိုလ်ချုပ်ကြေးရုပ်နားမှာ မဲစာရင်းမှန်ကန်ရေး အတွက် ၃ဝ ရာခိုင်နှုန်းပဲ တာဝန်ယူနိုင်မယ်ဆိုတဲ့အပေါ်မကျေနပ်တာ တစ်ကိုယ်တော်ဆန္ဒပြလို့တဲ့။ ဖမ်းတယ်ခေါ်မလား၊ ခေါ်ယူစစ်ဆေးမေးမြန်းတယ်ခေါ်မလား နောက်ဆုံး ကြားလိုက်ရတာက တော့ မေးစရာတွေကျန်နေသေးလို့ ပြန်ခေါ်သွားပြန်ပြီတဲ့ခင်ဗျ။ ဆန္ဒထုတ်ဖော်ရာမှာသုံးခဲ့တဲ့ ဗီနိုင်းနဲ့ ဝါးလုံး ၂ လုံးကိုတော့ ရှာဖွေပုံစံနဲ့သိမ်းသွားပြီဆိုတော့ ဥပဒေနဲ့အညီ အရေးယူတော့မယ်လို့ထင်တာပါပဲ။ ဆန္ဒထုတ်ဖော်တဲ့သူဘက်က သဘော ထားက ဘာဖြစ်လို့ ၃ဝ ရာခိုင်နှုန်းပဲတာဝန်ယူမှာလဲ၊ ရာခိုင်နှုန်းပြည့်တာဝန်ယူရမယ်ပေါ့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌခမျာလည်း ရှင်းလိုက်ရတာ အမျိုးမျိုးပါလား။ ပြည်တွင်းရော ပြည်ပကပါ အာရုံစိုက်နေကြတဲ့ မဲပေးရေးကိစ္စက တော့လွယ်လွယ်နဲ့ ညစ်လို့မရနိုင်ဘူးထင်ပါတယ်။ ကြည့်နေ၊ ကြားနေရတာတွေကတော့ မင်းတို့လည်းကြိုက်သလောက် ညစ်၊ ငါတို့လည်း အစွမ်းကုန်ထောက်ပြသွားမယ်ဆိုနေကြသလိုပါပဲ။ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြတဲ့နေရာမှာ မဲပေးလိုသူကိုသာ မဲဆန္ဒသက်သေခံလက်မှတ်ထုတ်ပေးမည်ဆိုတဲ့အ ပြောနဲ့ပတ်သက်ပြီးလည်း သိပ်ဘဝင်မကျကြသလိုလိုပါ။ “မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးတာနဲ့ပတ်သက်ပြီး မသ မာမှုတွေဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြတာတွေရှိပါတယ်။ ရွေးကောက်ပွဲဟာ မဲ မပေးမနေရ စံနစ်မဟုတ်တဲ့အတွက် မဲ မပေးလိုသူတွေ မပေးဘဲနေနိုင်တယ်။ သက်သေခံလက်မှတ်ကလည်း မဲစာရင်းမှာပါတဲ့ မဲပေးလိုသူကိုပဲ ထုတ်ပေးမှာဖြစ်ပါ တယ်” ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကြီးကိုယ်တိုင်က မြွက်ဟသွားတာဆိုလေတော့ ပြန်သုံးသပ် ကြည့်ပါတယ်။ လူပြိန်းတွေးတွေးတယ်ပဲပြောပြော မဲပေးခွင့်ရနေတာတောင် သက်သေခံလက်မှတ်ကြီးက တိုကင်ကြီးနဲ့ တူ နေသလားလို့ပါ။ အလှူအိမ်မှာစားဖို့ တိုကင်ကြီးနဲ့များတူသွားသလားလို့လေ။ နောက်ပြီး မဲပေးပါ့မယ်လို့ အားလုံးနီးပါးက ဆုံးဖြတ်အားခဲထားကြတာကို နည်းနည်းလေးလောက် အာရုံနှောက်လိုက်သလိုများလားလို့။ အားလုံးက အချက်ပြနေတာ တစ်နေရာထဲမှာဆိုတာကို ရိပ်မိလေ၊ မလှုပ်အောင်လုပ်ကြလေများလား။ တွေးမိတာကိုပြောတာပါ၊ တွေးတောင်မတွေးရတော့ ဘူးလားဗျာ။

လူကြီးတွေလုပ်တာ ကောင်းအောင်လုပ်တာပါလို့ မပြောကြပါနဲ့တော့ခင်ဗျာ။ ခံရလွန်းလို့ အရာရာကို တွေးနေ၊ ပူနေရပါ တယ်။ မဲပေးခွင့်ရသွားပြီ၊အဲဒါနဲ့မပြီးသေးဘူး သက်သေခံလက်မှတ်က လာဦးမယ်၊ အဲဒီမှာ အမှားတွေပေါ်လာဦးမယ်၊ အ မှားတွေပြင်ရင်းပြင်ရင်းနဲ့ မှားတာတွေနည်းသွားမယ်ဆိုတော့ စဉ်းစားကြပါတော့ မိဘပြည်သူစစ်စစ်တို့ခင်ဗျာ။  နောင်မှာမဲစာ ရင်းအမှန်တွေဖြစ်သွားလိမ့်မယ်၊ မဲပေးခွင့်မဆုံးရှုံးစေရပါဘူးဆိုပြန်လေတော့ ဘယ်အထိများ မှားကြဦးမှာလဲလို့ပါ။ မဲပေးဖို့ ရက်ကဖြင့် ဟိုဒင်းနားကပ်နေပြီ၊ ခုထက်ထိ အဲဒီလိုပြောနေတုန်းဗျာ။ (၂ဝ၊၁ဝ၊၂ဝ၁၅) မနက်ကမှပြောသွားခဲ့တာလေ။ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးလို့ ဖတ်လိုက် ရတာပဲ။

မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဖွင့်ခဲ့တဲ့ကာလတုန်းက မဲစာရင်းထဲမပါရင် လာပြောနိုင်တယ်၊ စနစ် တကျ စီစဉ်ဆောင်ရွက်ပေးပါ့မယ်၊ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိပါပြောပြီး ညီမ လင်မယား ၂ ယောက်လုံး မဲစာ ရင်းထဲမပါလို့သွားပြောတော့ ရုံးတံခါးပိတ်ထားတာတွေ့ခဲ့ရပါသတဲ့။ အချိန်ကနေ့လည် ၁ နာရီပါ။ ထပ်ဆင့်ကြိုးစားခဲ့ကြ ပေမယ့်ခုစာရေးနေတဲ့အချိန်အထိ ဘာမှမသိကြရသေးပါဘူး။ မြန်မာပြည်ထဲမှာနော်၊ တော်နေကြာ စင်္ကာပူကအကြောင်း တွေပြန်ပြောနေတယ်ထင်ကြဦးမယ်။ ဟော၊ စင်္ကာပူက တူမတော်ကလည်း မဲပေးခဲ့ရတုန်းက သူ့မကျေလည်မှုတွေ  ချက် ထဲကနေ (ချက်ဘောက်စ်ကိုပြောတာပါ) ပြောခဲ့တာ မကျေမချမ်းနဲ့ပါပဲ။

ဘာဖြစ်လို့ မဲကို နည်းအမျိုးမျိုးနဲ့ညစ်ပတ်နေကြတာလဲ၊ ဘာဖြစ်လို့ ရှေ့ကဖုံး နောက်ကပေါ်နေကြတာလဲဆိုတာကိုရော သတိမထားမိကြတာလား၊ မသိချင်ယောင်ဆောင်နေကြတာလားဆိုတာ ပြည်သူတွေဘက်ကတွေးပြီ။ ပါးစပ်က လွှတ်ခနဲ ထွက်သွားတာတို့၊ ဖျတ်ခနဲရေးဖြစ်လိုက်တာပါတို့ကလည်း ပြောသူ၊ ရေးသူကဏ္ဍအနေနဲ့တောင် ဖွင့်ခဲ့ကြသလား အောက်မေ့ စရာ။ အစွမ်းကုန် မဲဆွယ်ခဲ့ကြသလို အစွမ်းကုန် အရှက်မဲ့ခဲ့ကြတာလည်း မျက်မြင်ကိုယ်တွေ့။ အာဏာမရဖူးသူတွေက အာဏာကို ရူးတတ်ကြသတဲ့ပြောသူကပြောခဲ့လိုက်တာများဗျာ။ အာဏာဆိုတာရထားခြင်းအားဖြင့် ဘယ်လောက်တာဝန်ကြီး တယ်၊ ပြည်သူတွေအတွက် ဘယ်လိုပေးဆပ်ကြရမယ်၊ လိုရင်းပြောပါမယ်ဗျာ။ အာဏာဆိုတာကို အနက်ဘယ်လိုဖွင့်ပြီး ဘယ်လိုနားလည်နေကြတယ်ဆိုတာ လုပ်ရပ်တွေနဲ့တင်မကဘူး၊ အပြောနဲ့ပါ လှစ်ပြလိုက်သလိုဖြစ်မနေကြဘူးလား။

ဘယ်အစိုးရတက်တက်ပါ၊ကောင်းဖို့လိုပါတယ်။ ခြွင်းချက်အနေနဲ့ အခုလက်ရှိအစိုးရကိုတော့ ပြည်သူတွေမကြိုက်ကြတော့ ဘူးဆိုတာ အရောင်တွေက စကားပြောသွားခဲ့ပါပြီ၊ လူပင်လယ်တွေက သက်သေပြခဲ့ကြပါပြီ။ ဒံပေါက်အားဖြင့် မစွမ်းသာ၊ထီး အားဖြင့်လည်းအရေးမသာ၊ တီရှပ်အားဖြင့်လည်းမျက်နှာမရ၊ ယပ်တောင်အားဖြင့် အရှက်သာရခဲ့တဲ့ မဲဆွယ်စည်းရုံးရေး ကာလများဗျာ။ ကာတွန်းတွေက နှိပ်လိုက်၊ ဆောင်းပါးတွေက ဆော်လိုက်နဲ့ ပြောစရာကြီးကိုဖြစ်လို့။ ရှက်စရာအကောင်းဆုံးက ပြောနေတုန်းထပြန်ကုန်ကြလို့ နောက်ဆို ပရိသတ်တွေပြန်ထွက်လို့မလွယ်တဲ့ မိုးလုံလေလုံ ကွင်းထဲမှာမဲဆွယ်ကြပါလားလို့ကာတွန်းရေးရလောက်အောင် ဖြစ်ခဲ့တဲ့ဖြစ်ရပ်။

ရေးသာရေးရတာပါဗျာ။ အီလက်ထရောနစ်အက်ထ် ကြီးကလည်းမြုပ်လိုက်ပေါ်လိုက်၊ လိုက်ခ် တစ်ချက်နှိပ်၊ တစ်ချက် ရှဲမိ ရင်လည်း ငြိတိတိဆိုတော့။ ဒါပေမယ့် အခု ကိစ္စက ကြားရ၊ ဖတ်ရသမျှရေးတာလေဗျာ။ မယုံရင်မနက်ဖြန်သတင်းစာတွေ မှာဖတ်ကြည့်ကြပေါ့။ ဘယ့်နှယ်ဗျာ၊ ရွေးကောက်ပွဲ အလွဲတွေနဲ့ပတ်သက်လာရင် ချက်ချင်းဆိုတာချည်းပါပဲလား၊ အမှားပြင် တာ မဟုတ်ဖူးဗျ၊ ဆွဲစိတာကို ပြောနေတာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts