စာစုတို

ကိုကံညို (ထူးကြီး) – “ဒီလို…မချစ်ဘူး…မပြောပါနဲ့”

ကိုကံညို (ထူးကြီး) – “ဒီလို…မချစ်ဘူး…မပြောပါနဲ့”
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၅

ချစ်သူရည်းစားတွေကြားမှာ မဟုတ်ဘူး၊ ချစ်ခြင်းတရားက..နေရာတကာမှာ ပုံစံမျိုးစုံအသုံးဝင်ပါလိမ့်မယ်။ ဘယ်သူက..ဘယ်သူ့ကို… ဘယ်ပုံစံနဲ့ချစ်သလဲဆိုတာ…။

ရင်နှီးကျွမ်းဝင်တဲ့မိတ်ဆွေတွေကြားမှာ..ချစ်ခြင်းတရားရှိတယ်၊ ငယ်ပေါင်းကြီးဖော်တွေကြားမှာ….ချစ်ခြင်းတရားရှိ တယ်၊ သွေးသားရင်းချာတွေကြားမှာ…ချစ်ချင်းတရားရှိတယ်၊ လူသားအချင်းချင်းကြားမှာ……..ချစ်ခြင်းတရားရှိတယ် ဆိုတဲ့နောက် တော့..ဆရာနဲ့တပည့်ကြားမှာ ရှိကိုရှိနေတဲ့ ချစ်ခြင်းတရားကို…ဘယ်အနားသွားထားမလဲ။

နံမည်ရကျောင်းဆရာတစ်ယောက်ကို အချင်းချင်းဖြစ်တဲ့ဆရာမတစ်ယောက်က ယူကျုံးမရရင်ဖွင့်တယ်၊ စိတ်မကောင်းကြီးစွာလေသံနဲ့ဖြစ်ချင်ဖြစ်မှာပေါ့၊ “နင့်တပည့်အဲဒီကောင်တွေက…ငါ့ကိုမချစ်ကြပါဘူးဟာ…ရွံကြောက်ကြီး..ကြောက်နေကြတာ ပါ..”၊ ဒါ…ဟုတ်သလိုလိုရှိပေမယ့် တကယ်မဟုတ်တဲ့စကား။

ဆရာမတစ်ယောက်ကို…ကျောင်းသားတွေ (ယောက်ျားလေးတွေ) ကမချစ်ဘူးဆိုတာ ရာနှုန်းပြည့်မှန်နိုင်ပါ့မလား၊ စဉ်းစားစရာခေါင်းစဉ်ကြီးတစ်ခုဖြစ်လာပါတော့တယ်၊ တကယ်ကို ထင်ထင်ပေါ်ပေါ်…ကျော်ကျော်ကြားကြားရှိတာက..ဆရာ..ဆရာမ တွေက ကျောင်းသူကျောင်းသားတွေအပေါ်ထားတဲ့ ချစ်ခြင်းတရား၊ ဒီနေရာမှာ…ချစ်ခြင်းတရားလို့…သုံးလိုက်တာက နာသုံးနာကိုခြုံငုံမိမယ်လို့ထင်ပါတယ်၊ တင်ပြကြတဲ့ အနုပညာလက်ရာတွေမှာလည်း ဆရာ..ဆရာမတွေဘက်က ချစ်ခြင်းတရားကို ပဲ ထောင့်စုံဘက်စုံက ဖန်တစ်ရာတေအောင် သီကျုးကြတာ၊ မရိုးနိုင်တဲ့ဇာတ်တွေ..၊ ကျောင်းသူကျောင်းသားတွေဘက်က ရောမရှိဘူးလားဆိုတဲ့မေးခွန်းအတွက်ကိုတော့ ငရဲကြီးမှာကြောက်လို့ လက်တွန့်နေကြသလိုလို။

ပြောပြီ…၊
စောစောကယူကျုံးမရလေသံနဲ့ ဆရာမတစ်ယောက်အကြောင်း…။

မပြောခင်…တခြားဆရာမအိုကြီးအကြောင်းနဲ့ စတင်ဖွင့်လှစ်လိုက်ရင် ပိုပြီးထင်ရှားမယ်ထင်ရဲ့…၊ မူလတန်းတပည့်တွေ ခဏ ခဏ ဝင်ပြီးနှုတ်ဆက်ကြတဲ့ ပင်စင်စားဆရာမအိုကြီးက လက်မထောင်ပြီးပြောတယ်၊ “ဟေ့…အမက (၂၉) မှာ…ဖင်လှန် ရိုက်တဲ့ဆရာမဆိုအားလုံးသိ…အားလုံးကြောက်ပဲ” ပြောမှဖြစ်တော့မယ်..၊ ဖင်လှန်ရိုက်တယ်ဆိုတာ.. အမှန်တကယ်ဂုဏ် ယူဝံ့ကြွားစရာလား၊ တကယ်ဆို…ဘယ်လိုအသင်အပြကောင်းတာ..၊ ကျောင်းသူကျောင်းသားတွေကို..ဘယ်လိုဆုံးမ အောင်မြင် ခဲ့တာ..၊ ကျောင်းသူကျောင်းသားတွေကလည်း ဘယ်လိုချစ်ကြောက်ရိုသေကြတာ..စသည်ဖြင့်…၊ ဒါသည်သာ…အစစ်အမှန်ဂုဏ်ယူစရာ နံမည်ကောင်းလက်မှတ်..၊ အခုလောလောဆယ်…ကျောင်းသားတွေရဲ့ချစ်ခြင်းကိုမရလို့ တမ်းတမ်း တတပြောနေတဲ့ဆရာမလည်း အရိုက်မှာတော့ နံမည်ကျော်၊ ခုနှစ်တန်းဆိုတဲ့အသက်အားဖြင့် ၁၃/၁၄ နှစ် လူပျိုဖော်ဝင် စ…..…အပျိုဖော်ဝင်စ ကျောင်းသူကျောင်းသားတွေကို အသားပေါ်အောင်ဖော်ပေးခိုင်းပြီးရိုက်တယ်၊ နောက်…..စာသင် လောကြီးပုံကလည်း အံ့မခန်း..၊ တရားဝင်ကျောင်းကသတ်မှတ်ပေးတဲ့အချိန်လည်းသင်..ကျောင်းအပြီးနဲ့ ကျောင်းမတက် ခင်မှာလည်း အချိန်ပိုဆိုပြီးသင်၊ သူတာဝန်ယူထားတဲ့ဘာသာရပ်က..တစ်ပတ်တစ်ကြိမ် စာမေးပွဲဖြေရတယ်၊ အမှတ် (၂၀)ဖိုးမေးရင် (၂၀) အပြည့်ရသူပဲ အရိုက်မခံရတာ….၊ နှစ်ဆယ်အောက် တစ်မှတ်လျှော့တာနဲ့ တစ်ချက်ကစပြီးရိုက်တော့တာ၊ ခိုးချဖိုးမပြောနဲ့..ခေါင်းကလေးတစ်ချက်လှည့်တာနဲ့ ခွေးပြောသလို အပြောခံရလိမ့်မယ်..၊ ဒီတော့…ကျောင်းသူကျောင်း သားတွေက..သူဟေ့ဆိုတာလိုက်တာနဲ့ အနေအထားတွေက တစ်မျိုးပြောင်းသွားပြီ..၊ ဒီအရိပ်အကဲကို နှစ်ပေါင်းများစွာ ခံစားခဲ့ရလို့…ကျောင်းသားတွေက..သူ့ကိုမချစ်ဘူးဆိုတဲ့အသံ ထွက်လာတာသေခြာပါတယ်။

တိုင်တည်ခံရတဲ့ဆရာက…ဘာမှမပြောပါဘူး..၊
မဟုတ်ကြောင်း သက်သေထူဖို့အခွင့်အရေးရှိလာမှာပဲဆိုတာ ယုံကြည်ချက်သေသေခြာခြာနဲ့..။
တိုက်ဆိုင်မှုသက်သက်ပါ..၊ ဆရာမရဲ့အိမ်မီးလောင်တဲ့အထဲပါသွားတာ……..ပြာပုံအတိ..၊ အများနည်းတူ လတ်တလောကြီးပြန်လည်ထူထောင်ဖို့မလွယ်တဲ့အနေအထားမို့ မီးလောင်ပြင်ထဲမှာပဲ မျက်ရည်ဝဲဝဲ၊ ဒါ…ဝမ်းနည်းပူဆွေးလို့ စီးကျလာတဲ့မျက်ရည်..၊ ရက်မခြားခင်မှာပဲ..ဆရာမရဲ့မီးလောင်ပြင်ကွက်လပ်မှာ ဝါးအိမ်တစ်လုံးဘွားကနဲပေါ်လာတယ်၊ ကျေးရွာအစွန်အဖျားမှာနေတဲ့ ကျောင်းသားတွေက ခြံထဲက ဝါးတွေခုတ်ပြီး လှည်းနဲ့လာပို့တယ်၊ ဆရာမရဲ့မီးလောင်ပြင်ကွက် လပ်ထဲမှာထရံရက်တဲ့လူကရက်…အိမ်မိုးဖို့ သက်ကယ်ပျစ်တွေယူလာကြတယ်၊ ကျောင်းသားတွေကိုယ်တိုင် တက်မိုးကြ တယ်..၊ အိမ်ကလေးက..အလုံးအထည်ပေါ်သွားပါပြီ၊ ဆရာမတော့..တဘက်ကြီးခေါင်းပေါင်းပြီး..တွေတွေငေးလို့..။

အဖြေထုတ်မယ့်ဆရာကအချိန်ကိုက်အိမ်ရှေ့ရောက်လာပါတော့တယ်..၊ ခါးကြီးထောက်ပြီး…….ပြုံးဖြီးဖြီးနဲ့လှမ်းစတယ်..၊ ” ဟဲ့…. နင်ပြောတော့…ကျောင်းသားတွေက နင့်ကိုမချစ်ဘူးဆို…” ဆရာခမြာအသံမထွက်ပဲ မျက်ရည်တွေ…တွေတွေကျ လာပါတော့တယ်၊ ဒါ…ဝမ်းသာပီတိနဲ့လှိုက်တက်လာတဲ့မျက်ရည်..၊ နောက်…ရှားရှားပါးပါးမျက်ရည်။

ကိုကံညို (ထူးကြီး)

illustration: Toni Demuro


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts