ကဗျာ

စက္ကူ – ပွင့်လင်းမြင်သာ ငရဲခန်းများ ပျို့ခြင်း

စက္ကူ – ပွင့်လင်းမြင်သာ ငရဲခန်းများ ပျို့ခြင်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၅

အခြေအနေကို ထိန်းချုပ်တယ်၊
ကြွက်သားတွေ ဖွံ့ဖြိုးလာအောင် တည်ဆောက်
အကြောတွေပါ ဖုထစ်လာတဲ့အထိ
ဦးနှောက်သွေးကြောတွေကိုတော့ ထားပါလေ
အခြေအနေက ရှုပ်ထွေးလွန်းလှ
အဖွဲ့အစည်း နှစ်ရာကျော်က
တကယ်ကိုယ်စားပြုသလား မေးခွန်းအမေးမခံတဲ့ လူတစ်ထောင်လောက်ရဲ့
စိတ်တစ်ခု ယုတ်ကိုးဆယ်ကို ထိန်းချုပ်ရတယ်ဆိုတာ
ရင်သားဗလာနဲ့ မိန်းမတွေကို ကြည့်ရသလောက်
မရိုးရှင်းပေမယ့်
ထိန်းချုပ်ရခက်တဲ့ အခြေအနေတွေနဲ့ ယဉ်ပါးသူ
ဒီနိုင်ငံသား ဖော်လံဖားအတွက်တော့
စားပြီးအိပ်နေ ဘိက္ခဝေပဲပေါ့။

အခြေအနေကို အတည်ငြိမ်ဆုံးအချိန်ထိ ဆွဲတင်တယ်
သွေးပုလင်းကျကွဲတာ၊ သွေးပိုက်ပေါက်တာ
မကြားချင်၊
သွေးပါတာပဲလိုချင်
တစ်သွေးတစ်သံ တစ်မိန့် တစ်မန်းနီးနဲ့ ထိန်းချုပ်
လုံခြုံရေးကို အကြောင်းပြကာ
ခြေအိတ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက်
ဘွတ်ဖိနပ်တွေရဲ့ ကြံ့ကြံ့ခံ စိတ်မျိုးနဲ့
အခြေအနေဟာ အသေကောင်လို တည်ငြိမ်စ ပြုပါပြီ
လွယ်သားပဲ
သတင်းစာရှင်းလင်းပွဲက မိုက်ခွက်တွေထက်တောင် လွယ်သေးသားပဲ။

အခြေအနေဟာ ရှုပ်ထွေးမှု မရှိတော့ပေမယ့်
ထိန်းချုပ်ရမယ့် သပွတ်အူလျှို့ဝှက်အမိန့်တွေက အစိမ်းရောင်သံပိုက်လုံးကြီးဆီက
ကျလာနေတုန်းပဲ
သေနတ်ပြောင်းတွေဟာ ပူလွန်းတော့
လမ်းပေါ်က အလောင်းကောင်တွေရဲ့ ပါးပေါ်တင်ကြည့်ရင် ရှဲခနဲ
ဘာနဲ့မှ လဲယူလို့မရတဲ့ ဖြတ်သန်းမှုတွေကို
အသက်နဲ့ လဲယူခဲ့ကြရတဲ့ ထိန်းချုပ်ခံရမှုဟာ
ဆွမ်းတော်က ကြွက်စာဖြစ်တဲ့အထိ
ဖရီးဒမ်းက ဖီးကြမ်းဖြစ်တဲ့အထိ
တည်ငြိမ်အေးချမ်းသွားခဲ့ပါပြီ။       ။

illustration : Toni Demuro

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts