သရော်စာ

ရန်လိုကျွဲ – သတင်းထောက် တောခိုခြင်း

 

media_solider

ရန်လိုကျွဲ – သတင်းထောက် တောခိုခြင်း

(ဇွန်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၄)မှ သရော်စာဆောင်းပါးဖြစ်ပါသည်)

 (မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၅

မုံရွာသို့သွားသော ခရီးသည်တင်ကား ကြီးတစ်စီးထဲတွင်  သတင်းထောက် ရန် လိုကျွဲ လိုက်ပါလာသည်။

            ယခု ခရီးစဉ်သည်  သတင်း အချက် အလက်အတွက် ထွက်ရသော ယခင် ခရီးစဉ်တို့နှင့် လုံးဝမတူချေ။  အဘယ် ကြောင့်ဆိုသော် ဤခရီးစဉ်သည် သတင်း ထောက် ရန်လိုကျွဲ လက်နက်ကိုင်တော် လှန်ရေးဆင်နွှဲရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်ကို စွန့်ခွာခဲ့သော ခရီးစဉ်ဖြစ်သော ကြောင့်ပင်တည်း။

            လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးရန် ရုတ်တရက်  ဆုံးဖြတ်ရ ခြင်းမှာလည်း တပ်မတော်၏ ထုတ်ပြန်ချက်တစ်စောင်ကြောင့်ဟု ဆိုရမည်။

            မေလဆန်းပိုင်း တရုတ်-မြန်မာနယ်စပ်မြို့တစ်မြို့တွင် သူ ပုန်အဖွဲ့ပေါင်းစုံက ညီလာခံလုပ်သည်။ ထိုညီလာခံသို့ ကိုးကန့်သူ ပုန်တို့လည်း တက်၏။ တပ်မတော်က ကိုးကန့်သူပုန်တို့နှင့် တိုက် ပွဲကြီးငယ် ရင်ဆိုင်နေချိန်တွင် လုပ်သော ညီလာခံဖြစ်၏။ ထို အတောအတွင်း တပ်မတော်၏ ထုတ်ပြန်စာက စာနယ်ဇင်းတို့ကို သတိပေးသော စာဖြစ်သည်။ ညီလာခံတွင် ထုတ်ပြန်မည့် ကိုး ကန့်သူပုန်တို့၏ ကြေညာချက်ကို စာနယ်ဇင်းများတွင် ရေးသား ထုတ်လွှင့်ခြင်း မပြုရ၊ ပြုလျှင် အရေးယူမည်ဟူသတည်း။

            ညီလာခံသို့သွားပြီး ကိုးကန့်သူပုန်တို့နှင့် တစ်ဝိုင်းတည်း ထိုင် ဆွေးနွေးတိုင်ပင်ကြသူတို့ကိုတော့ အရေးမယူဘဲ သတင်း သမားကို တရားစွဲမည်ဆိုတာကတော့ လွန်သည်ဟု သတင်း သမားဘိုးအေကြီးတစ်ဦးက မကျေမနပ်တုံ့ပြန်သည်။

            ထို့ပြင် စာက သတင်းသမားတို့ထံ တရားဝင်လမ်းကြောင်း မှ ရောက်လာခြင်းမဟုတ်။ စာနယ်ဇင်းကောင်စီသို့ ဝင်လာသော စာဖြစ်သည်ဟု အင်တာနက်တွင် လက်ဆင့်ကမ်းမျှဝေနေကြခြင်း ဖြစ်သည်။ စာနယ်ဇင်းကောင်စီက တရားဝင်မဖြန့်။ သို့သော် လည်း အင်တာနက်စာမျက်နှာများကျေးဇူးကြောင့် ပြန့်အားက အတော်ကောင်း၏။ တရားဝင်ပဲ ရောက်ရောက်၊ မည်သည့်နည်း နှင့်ပဲ ရောက်ရောက် စာထဲတွင် တရားစွဲမည်၊ အရေးယူမည် စသဖြင့် သတိပေးခြင်းကို ရန်လိုကျွဲ လုံးဝမကျေနပ်။

            ကိုးကန့်သူပုန်တို့ကို အစိုးရအာဘော်စာနယ်ဇင်းများတွင် ကိုးကန့်သောင်းကျန်းသူဟု ဖော်ပြထားသည်။

            ကိုးကန့်သူပုန်တို့၏ ကြေညာချက်ကို ဖော်ပြရုံနှင့် သတင်း သမားကို ကိုင်မည်ဆိုလျှင် သတင်းစာဆရာကြီးများ ထောက်ပြ သကဲ့သို့ မေးခွန်းတစ်ခုက ပေါ်လာသည်။ သူတို့နှင့် တစ်ဝိုင်းတည်း အတူထိုင်ဆွေးနွေးသော သူပုန်အဖွဲ့ ဆယ့်လေးငါးဖွဲ့မှ ကိုယ်စား လှယ်များကိုမူ အဘယ်ကြောင့် အရေးမယူသနည်းဟု မေးစရာ ရှိလာသည်။

            ထိုမေးခွန်းကို အတွေ့အကြုံများသော ရန်ကုန်အခြေစိုက် သတင်းသမားတို့အား မေးမြန်းသောအခါ အားလုံးက စိတ်ဝင် တစားဖြေကြားခြင်းမပြု။ သူတို့ကို မြန်မာလိုမေးခြင်းဖြစ်သော် လည်း ရန်လိုကျွဲ၏ မေးခွန်းကို သူတို့က ဘာသာပြန်ကြည့်နေကြ သေးသည်။

            ”ကိုးကန့်သောင်းကျန်းသူဆိုတာတွေနဲ့ ဆွေးနွေးတဲ့ သူ ပုန်တွေကို အရေးမယူဘဲ သတင်းသမားတွေကို ဟိုကြေညာချက် ထည့်ရေးရင် အရေးယူမယ်ဆိုတာ ဘာသဘောလဲ”

            မေးခွန်းက ရှင်းသည်။ မြန်မာလိုပဲ မေးသည်။

            နားမလည်နိုင်စရာ အကြောင်းမရှိ။ သို့သော်လည်း ရန်လို ကျွဲကို ဂရုမစိုက်ကြ။ အဖက်မလုပ်ကြ။ ဒီမေးခွန်းဖြေလိုက်လျှင် အရေးယူခံရမည်ဟု သဘောပေါက်ထားကြလေသလား မသိ။

            နောက်ဆုံးတွင် မော်ကွန်းမဂ္ဂဇင်းတိုက်သို့ သွားမှ ရန်လို ကျွဲ စိတ်သက်သာရာရသွား၏။ မော်ကွန်းအယ်ဒီတာတို့ထံမှ အပြုသဘောဆောင်သော တုံ့ပြန်ချက်ရ၏။

            အယ်ဒီတာတစ်ဦးဖြစ်သူ ဇေယျာလှိုင်က ရန်လိုကျွဲမေးခွန်း နားထောင်ပြီးနောက် ဘာမှ ပြန်မပြောသော်လည်း မိုနာလီဇာကဲ့ သို့ ပြုံးပြသည်။ အပြုံးထဲတွင် အဖြေရှာပါဟု ဆိုလိုဟန်ရှိသဖြင့် သူပြုံးနေပုံကို ဓာတ်ပုံရိုက်ယူထားလိုက်သည်။

            အတွေ့အကြုံပိုကြီး၊ အကြားအမြင် ပိုများဖွယ်ရှိသော၊ မျက်မှန်ပိုထူသော အယ်ဒီတာနောက်တစ်ဦးဖြစ်သူ ဥာဏ်လင်း ကို ချဉ်းကပ်ရာ သူက ”ပြီးခဲ့တဲ့ အနှစ် လေးငါးဆယ်အတွင်း မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ညီလေးသဘောပေါက် တယ်မဟုတ်လား”ဟု ဆိုသည်။

            မေးတာမဖြေဘဲ ကိုယ့်ကိုပင် မေးခွန်းပြန်ထုတ်သည်။ သူ့ မေးခွန်းထဲတွင် အဖြေရှိကောင်းရှိမည်ဟု ယူဆရသည်။ ထို့ ကြောင့် မှတ်စုစာအုပ်ထုတ်ပြီး သူ့အဖြေကို မှတ်သားထား လိုက်သည်။

            နောက်ထပ်တွေ့ရသည့် အယ်ဒီတာက ကျော်ဇေယျာထွန်း။ သူက လေပေါသူဖြစ်သောကြောင့် သူ့ဆီက အဖြေထွက်လာမှာ သေချာသည်ဟု ထင်ထားသည့်အတိုင်း သူ့ထံတွင် ပြောစရာက အသင့်ရှိနေသည်။

            ”ဒီမေးခွန်းက ငါတို့ကို မေးရမှာ မဟုတ်ဘူးကွ။ စာထုတ်တဲ့ အဖွဲ့အစည်းကို မေးရမှာ”ဟု ဆို၏။

            ”သူတို့ထုတ်ပြန်ချက်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တို့၊ ဘာတို့မပါတော့ ကျွန်တော်လည်း ဆက်သွယ်မေးမြန်းဖို့ အခက် အခဲဖြစ်နေတယ် အစ်ကိုကြီး”ဟု ညည်းတွားပြလိုက်ရာ…

            ”ဖုန်းနံပါတ်ထည့်မယ်ဆိုရင်လည်း အဲဒီဖုန်းနံပါတ်က အလုပ်ဖြစ်မယ်လို့ မင်းထင်သလား”

            ခက်သည်။ အယ်ဒီတာတို့က အတော်ခက်သည်။ သူတို့ကို မေးခွန်းတစ်ခုမေးမိရုံနှင့် ကိုယ့်ကို မေးခွန်း လေးငါးခု ပြန်ထုတ် တော့သည်။ သို့သော်လည်း မော်ကွန်းမဂ္ဂဇင်းတိုက်သို့ လာရကျိုး နပ်သည်။ အယ်ဒီတာ ကျော်ဇေယျာထွန်းက အကြံကောင်းတစ်ခု ပေးလာလေသည်။

            ”ဟိုဟာမရေးရ၊ ဒီဟာမရေးရဆိုပြီး တားမြစ်တာကိုတော့ သတင်းသမားတွေက ကြိုက်မှာမဟုတ်ဘူး။ အစိုးရရော၊ စစ် ခေါင်းဆောင်များရော သတင်းသမားတွေကို ဘယ်လိုသဘော ထားတယ်ဆိုတာ အဲဒီစာ ဖတ်ကြည့်ရင် ရှင်းပါတယ်။ အဲ…အစိုးရက သူပုန်တွေကိုတော့ ကြောက်ပုံရတယ်ကွ။ သူပုန်အဖွဲ့ တွေနဲ့ တွေ့ဆုံဆွေးနွေးတာတို့၊ စာချုပ်ချုပ်တာတို့လည်း လေး လေးစားစားလုပ်လေ့ရှိတယ်။ အဲဒါဘာကြောင့်လို့ ထင်သလဲ ညီ လေးရန်လိုကျွဲ”

            ”သူပုန်ဆိုတာက အဖွဲ့အစည်းနဲ့၊ ဘာနဲ့ လုပ်တတ်လို့ လေး စားတာဖြစ်မှာပေါ့ဗျာ”

            ”မဟုတ်သေးဘူးလေ။ ဒီမယ် ရန်လိုကျွဲ၊ ငါတို့သတင်း သမားတွေလည်း အဖွဲ့ဖွဲ့ပြီး လုပ်နေတာပဲ။ ကိုယ့်တိုက်နဲ့ ကိုယ့် အယ်ဒီတာတွေ၊ သတင်းထောက်တွေ တာဝန်အသီးသီးယူ လုပ် ကိုင်နေတာလည်း အဖွဲ့အစည်းနဲ့ လုပ်တဲ့သဘောပဲလေကွာ။ ပြီး တော့ သတင်းသမားအသင်းအဖွဲ့တွေ၊ ကွန်ရက်တွေမှာလည်း ကိုယ့်သဘောနဲ့ ကိုယ် ဝင်လုပ်ကြတာပဲမဟုတ်လား”

            ”ဟုတ်သားပဲ။ ကျွန်တော်တို့လည်း အဖွဲ့အစည်းနဲ့ နေတဲ့ သူတွေပဲ။ ဒါဆိုရင် ဗိုလ်ချုပ်ကြီးတွေက ကျွန်တော်တို့ကို ဘာ ကြောင့် မလေးစားတဲ့ သဘော ပြောနေရ၊ ခြိမ်းခြောက်နေရတာ လဲ အစ်ကိုကြီး”

            ”လေးစားစေချင်ရင် မင်းလည်း သူပုန်တွေလို သေနတ် ကိုင်ပေါ့ကွ။ ဒါဆို မင်းကို လေးစားမှာပေါ့ ရန်လိုကျွဲရယ်”

            အယ်ဒီတာ ကျော်ဇေယျာထွန်းနှင့် စကားပြောရသည်မှာ တန်ဖိုးရှိလှသည်။ မည်သူမျှ မမြင်သော အကြောင်းအရာတို့ကို သူ မြင်တတ်သည်။ ယခု သူပြောသည့် ”လေးစားစေချင်ရင် မင်း လည်း သူပုန်တွေလို သေနတ်ကိုင်ပေါ့ကွ”ဟူသော အချက်ကို တခြားဝါရင့်သတင်းသမားတို့ထံမှ ကြားရမည်မဟုတ်။ ထပ်ပြော ရလျှင် သူ့ပြောဆိုချက်က တန်ဖိုးရှိလှသည်။ ထို့ကြောင့် စကား ဝိုင်းမဆုံးမီမှာပင် ရန်လိုကျွဲ ထပြန်လိုက်သည်။ ရုတ်တရက်လှည့် ပြန်သည့်အတွက် သူကတော့ အံ့သြသွားပုံရသည်။

            ”ဟေ့ကောင် ရန်လိုကျွဲ၊ ငါက ရယ်စရာပြောတာနော်။ မင်း က ပြန်တော့မလို့လား။ ဘာလဲ၊ သေနတ်သွားဝယ်မလို့လား၊ ဟား…ဟား…ဟား…”ဟု ဆိုလိုက်သေးသည်။

            သူ့ဟာသူ ရယ်စရာပြောသည်ဖြစ်ပါစေ၊ ကိုယ်က အတည် ယူလည်း ရနိုင်သည်။ ရယ်စရာပဲဖြစ်ဖြစ်၊ ငိုစရာပဲဖြစ်ဖြစ် ကိုယ့်ကို လေးစားမှုရှိလာစေရန် လက်နက်ကိုင်မှ ဖြစ်မည်ဟု ရန်လိုကျွဲ တွေးလိုက်မိသည်။ ဟုတ်သည်၊ လက်နက်ကိုင်ထားမှ လူကို လူလို့ ထင်သူများ ရှိနိုင်သည်။ လေးစားခံရမှုအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်မှဖြစ်မည်ဟု ချက်ချင်းဆုံးဖြတ်လိုက်ပြီး မော် ကွန်းရုံးခန်းမှ ချက်ချင်းထပြန်လိုက်ခြင်းဖြစ်သည်။

            အထပ်မြင့်တိုက် လေးလွှာရှိ မော်ကွန်းမဂ္ဂဇင်းရုံးခန်းမှ အထွက် မတ်စောက်လှသော၊ အန္တရာယ်ကြီးလှသော လှေကား ရှည်ကြီးကို ဆင်းရသည်မှာ ဤတစ်ကြိမ် အထိတ်တလန့်မဖြစ် တော့။ လက်နက်ကိုင်တော်လှန်ရေး လုပ်မည့်သူသည် ဤလှေ ကားအကြောင်း စာဖွဲ့နေဖို့ သင့်မည်မဟုတ်ချေ။ အခုကတည်းက စိုးရိမ်စရာမရှိရလေအောင် စိတ်ဓာတ်ကို အထူးမောင်းတင်ထား ဖို့ လိုမည်။

            အပြန်လမ်းတွင် စာရေးဆရာမ သွေး(စစ်ကိုင်း)နှင့် ဆုံ သည်။ သူ့ဆီမှလည်း အကြံကောင်း၊ ဥာဏ်ကောင်းများ ထွက် တတ်သည်။

            ”ဟဲ့ကောင် ငကျွဲ၊ မင်း ဘယ်လဲ”

            ”ဟာ…အစ်မကြီး၊ ကျွန်တော် ရန်ကုန်ကနေ ဆုတ်ခွာမှ ဖြစ်တော့မယ်။ အဲ…ကျွန်တော် ရန်ကုန်မှာ မနေတော့ဘူး”

            ”ဘာလဲ၊ အကြွေးရှင်တွေ နောက်က လိုက်နေလို့လား။ ပိုက်ဆံအတွက် ပူမနေပါနဲ့ကွာ။ ပိုက်ဆံက သူတို့ပိုက်ဆံဆိုတော့ တကယ်ပူရမှာက သူတို့က ပူရမှာကွ။ မင်းက အနေသာကြီး။ ဟီး ဟီး”

            ”မဟုတ်ဘူး။ အကြွေးရှင်တွေကို ကျွန်တော်မကြောက်ပါ ဘူး။ အဲဒီ ပိုက်ဆံပေါ်လစီ၊ အကြွေးပေါ်လစီနဲ့ ပတ်သက်ရင် ကျွန် တော်လည်း အဲဒီလိုပဲ သဘောထားပါတယ်။ အခုဟာက ကိုယ့် တစ်ကိုယ်ရေကိစ္စအတွက် မဟုတ်ဘူးဗျ။ ကျွန်တော်တို့ စာနယ် ဇင်းလောကတစ်ခုလုံးနဲ့ ဆိုင်လာတဲ့ ကိစ္စတစ်ခုအတွက် ကျွန် တော် ရန်ကုန်က ထွက်ပြီး တောခိုမှ ဖြစ်တော့မယ်။ တောခိုမယ်၊ လက်နက်ကိုင်တော်လှန်ရေးလုပ်တော့မယ်ဗျာ”

            ”ဟိုက်…ရန်ကုန်မှာလည်း မော်တော်ကားတွေ သိပ်များ နေပါပြီကွယ်”

            အစ်မကြီးမသွေး၏စကားကြောင့် အံ့သြသွားသည်။ ကိုယ် ပြောတာ တခြား၊ သူထင်တာက တခြား ဖြစ်နေပြီထင့်။

            ”မဟုတ်ဘူး။ ရန်ကုန်မှာ မော်တော်ကားများလာတာကို ကြောက်လို့ တောခိုတာမဟုတ်ဘူး။ အစ်မကြီးလည်း သိမှာပေါ့။ တပ်မတော်က စာတွေ ဘာတွေထုတ်ပြီး ကျွန်တော်တို့ စာနယ် ဇင်းသမားတွေကို အကျပ်ကိုင်နေပြီ။ ဒီတော့ ကျွန်တော်ချစ်မြတ် နိုးလှတဲ့ သတင်းလောကကြီးအတွက် ကျွန်တော် တောခိုမှ ဖြစ် တော့မယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို မလေးမစားမလုပ်ပါ   နဲ့ဗျာ”

            ”ဟုတ်ပါတယ်။ မင်းက တောခိုမယ်၊ သူပုန်ဖြစ်တော့မယ်။ သူပုန်ဖြစ်လာရင် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ်။ သွားရေးလာ ရေး၊ ဘာရေးညာရေးအတွက် မော်တော်ကားလေး ဘာလေး လို လာမယ်။ အစိုးရက မင်းကို ကားပါမစ်တွေ၊ ဘာတွေ ချပေးမယ်။ မင်းက ရန်ကုန်ပြန်လာပြီး ရောင်းစားတာပဲလုပ်လုပ်၊ တကယ်ပဲ သုံးသုံး ရန်ကုန်မှာ ကားတွေ ထပ်များလာမယ်။ အင်း…အခု လည်း ရန်ကုန်က မင်းမြင်တဲ့အတိုင်းပဲ၊ မော်တော်ကားတွေ လမ်း ပေါ်မှာ သိပ်များနေပြီလို့ ပြောတာကွ”

            ”သြော်…ဟုတ်တယ် ဟုတ်တယ်၊ အစ်မကြီးက ကွက် ကျော်မြင်တတ်သားပဲ။ အဲဒီလိုရှင်းပြမှပဲ ကျုပ်သဘောပေါက် တော့တယ်။ ကဲ…ကျုပ် တောခိုမယ်ဗျာ။ အတည်ပြောနေတာဗျ။ တောခိုဖို့ ဘယ်ကိုသွားရမလဲ ပြောဗျာ”

            ”ဟဲ့…ငကျွဲ၊ ငါ့ကို သူပုန်နဲ့ အဆက်အသွယ်ရှိတယ်ထင်လို့ ဒီလိုမေးနေတာလား”

            ”မဟုတ်ပါဘူးဗျာ၊ အစ်မကြီးက တောသူဆိုတော့ တော အကြောင်း သိနိုင်မယ်ထင်လို့ မေးကြည့်တာပါ”

            ”ဟုတ်လား၊ ငါက တောသူပုံ ထွက်နေတုန်းပဲလား။ ဒါ တောင် ငါက အစွမ်းကုန်ပြင်ထားတာ”

            ”တောပုံတော့ အထိုက်အလျောက် ပျောက်နေပါပြီ။ ကဲ…ပြောဗျာ၊ ကျွန်တော် တောခိုဖို့ ဘယ်သွားရမလဲ။ တကယ်သိချင် လို့ မေးတာနော်။ I am serious. နောက်နေတာ မဟုတ်ဘူး”

            အလေးအနက်ပြောနေသည်ဆိုမှ စာရေးဆရာမကြီးက ရယ်နေသေးသည်။

            ”ဟီးဟီးဟီး ဟားဟားဟား၊ မင်းက တောခိုမယ် ဟုတ်လား”

            ”ဟုတ်တယ် အစ်မကြီးရေ၊ တောခိုမှ ဖြစ်မယ်။ လက်နက် ကိုင်တော်လှန်ရေးသည်သာ ကျွန်တော်တို့ကို ဗိုလ်ချုပ်ကြီးတွေ လေးစားဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လာပြီလို့ ကျွန်တော် ယုံကြည်တယ်။ ဒီလိုဖြစ်လာအောင်လည်း အခြေအနေက တွန်းပို့ နေ…”

            ”ဟီးဟီး…နင်က အဲဂလောက် အလေးအနက်ဖြစ်နေပေ မယ့် တောခိုမယ်ဆိုတဲ့ နင့်ရည်ရွယ်ချက် အကောင်အထည်ပေါ်ဖို့ မဖြစ်နိုင်တော့ဘူးကွယ့်”

            ”ဘာလို့ မဖြစ်နိုင်ရမှာလဲဗျ။ အစ်မကြီးက စာနယ်ဇင်း လောကသားအချင်းချင်းတောင် မယုံကြည်တော့ဘူးလား။ ခက် တော့တာပဲ။ တောခိုချင်တယ်ဆိုတာကို ရယ်စရာလို သဘော ထားနေတာလား”

            ”အဟိ…နင့်ကို မယုံတာလည်း မဟုတ်၊ ယုံတာလည်း မဟုတ်ဘူး။ ဖြစ်ပျက်နေတာတွေကို သတင်းသမားဖြစ်တဲ့ နင် သေချာမသိတာကိုပဲ အံ့သြမိတယ်”

            ”ဟုတ်ပြီဗျာ။ လိုရင်းပြောဗျာ”

            ”တောခိုတယ်ဆိုတာ တောရှိမှ ဖြစ်မယ်လေကွာ။ ပဲခူးရိုးမ ဆိုရင်လည်း အပင်မရှိ ငုံးတိတိရိုးမဖြစ်တာ ကြာပြီ။ နယ်စပ်က သစ်တောတွေလည်း ပြောင်သလင်းခါလုပြီလို့ နင်တို့သတင်း သမားတွေပဲ ရေးကြတာ နင်မေ့နေပြီလား”

            ”ဟာ…ဟုတ်ပါရဲ့ဗျာ၊ ဟုတ်ပါရဲ့။ တောတွေ မရှိတော့ ကျွန် တော် ဘယ်ကို ခိုရပါ့မလဲ အစ်မကြီးရယ်၊ အကြံပေးပါဦးဗျာ”

            စာရေးဆရာမက အကြံကောင်းတစ်ချက်ပေးပြီး လှည့် ထွက်သွားသည်။

            ”တောမရှိပေမယ့် တောင်တွေ ရှိပါသေးတယ်။ တောင်ခို ပေါ့ကွယ်။ အဟိ…မြန်မာပြည်မှာ ပထမဆုံး တောင်ခိုတဲ့သူဆိုပြီး နင် နာမည်ကြီးလာမှာ သေချာတယ်။ ဟီးဟီး”

            ဘယ်တောင်ကို သွားခိုရင် ကောင်းမလဲဟု အော်မေးလိုက် ရာ လတ်တလော နာမည်ကျော်နေတာ လက်ပံတောင်းတောင်ပဲ၊ အဲဒီကိုသွားပေါ့ကွာ။ ဒါမှ မင်း ပိုပြီး နာမည်ကြီးလာလိမ့်မယ်ဟု  အစ်မကြီးက ဆို၏။

            လက်ပံတောင်းတောင်သည် မုံရွာမြို့တစ်ဖက်ကမ်းတွင် ရှိ သည်ဆိုတာလောက်တော့ ရန်လိုကျွဲသိသည်။ ထို့ကြောင့် အစော ပိုင်းက ဆိုခဲ့သလို မုံရွာသို့သွားသော ခရီးသည်တင်ကားကြီး တစ် စီးထဲတွင် သတင်းထောက်ရန်လိုကျွဲ လိုက်ပါသွားခြင်းဖြစ်သည်။

            ကားက မြို့တွေ၊ ရွာတွေကို ဖြတ်ကျော်လာသည်။ အရာ အားလုံးက ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်သည်။ ကားစီးရင်း ရန်လိုကျွဲ တွေးမိသည်က တခြားမဟုတ်၊ လက်နက်ကိုင်တော်လှန်ရေး အကြောင်းပင်ဖြစ်သည်။ အနယ်နယ်မှ သတင်းထောက်များကို စည်းရုံးမည်။ အဖွဲ့အမည်ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်း ထောက်များ ဒီမိုကရက်တစ်တပ်ဦးဆိုပြီး ပေးလိုက်မည်ဟု တွေး လိုက်သေးသည်။

            ထိုအချိန် ရန်ကုန်တွင် စာရေးဆရာမက အလုပ်ဆင်း အိမ် ပြန်ရောက်လာသော သူ့ခင်ပွန်းသည်ကို ရန်လိုကျွဲအကြောင်း ဖောက်သည်ချနေ၏။ ခင်ပွန်းသည် ကိုနိုင်စွမ်းက ဧရာဝတီ သတင်းဌာနမှ စာတည်းတစ်ဦးဖြစ်သောကြောင့် သတင်းသမား အချင်းချင်း အကြောင်းသိစေရန် သတင်းပေးခြင်းလည်း ဖြစ်၏။

            ”ဒီကနေ့ လမ်းမှာ သနားစရာကောင်းတဲ့ သတင်းထောက် တစ်ယောက်နဲ့ တွေ့ခဲ့တယ်”

            ”ဟုတ်လား၊ ဘယ်လောက်အထိ သနားစရာကောင်း သလဲ။ ထမင်းမစားရတာ ဘယ်နှရက်ရှိသွားပြီလဲ”

            ”သြော်…ကိုနိုင်စွမ်းရယ်၊ ရှင်ကလည်း စာနယ်ဇင်းသမား ပီသစွာနဲ့ ထင်ကြေးလျှောက်ပေးတော့တာပဲ။ ကျုပ်စကားဆုံး အောင် နားထောင်ပါဦး”

            သတင်းထောက်ရန်လိုကျွဲနှင့် ညနေပိုင်းက အမှတ်မထင် ဆုံခဲ့ရပုံ၊ တောခိုချင်သော ထိုသတင်းထောက်ကို နတ်လမ်းညွှန် လုပ်ခဲ့ပုံ စသဖြင့်တို့ကို စာရေးဆရာမက သူ့လင်တော်မောင်ကို အသေးစိတ်ပြန်ပြောပြ၏။

            ”ဟိုက်…ဒီလောက်တောင် ဖြစ်နေပြီလား။ ဒီကောင်လေး ငါသိတယ်ကွ။ စိတ်လည်းမြန်တယ်။ လုပ်ချင်တာရှိရင် ချက်ချင်း ကောက်လုပ်လိုက်တာ။ အခုလောက်ဆို မုံရွာသွားတဲ့ ကားတစ်စီး ပေါ် ရောက်နေလောက်ပြီ။ မင်းကလည်းကွာ၊ ဘာကြောင့်မတား လိုက်တာလဲ”

            ”သြော်…ရှင်က ကျုပ်ကို အပြစ်တင်မနေပါနဲ့။ သူက သတင်းသမားပဲ။ စဉ်းစားဆင်ခြင်ဥာဏ် ရှိရမှာပေါ့။ ကျုပ်က အဆင်းဘီးတပ်ပေးတယ်ပဲ ထားဦး၊ ဘာကိုပဲလုပ်လုပ် စဉ်းစားပြီး မှ လုပ်ပေါ့တော်”

            ”ဟော…မင်းက အဆင်းဘီးတပ်ပေးတာ အရေးမကြီး ဘူး။ ဒီကောင်လေး ရန်ကုန်ကနေ ဟိုဟိုဒီဒီသွားပြီဆိုရင် အချိန် ကုန်မယ်။ စရိတ်ကုန်မယ်။ ပြီးတော့ ရန်ကုန်ကို ပြန်မလာဘူး၊ တကယ်ပဲ တောခိုမယ်၊ အဲ…တောင်ခိုမယ်ဆိုရင်လည်း သူပုန်ကြီး ဖြစ်သွားမယ်။ တကယ်ဆို မင်းက သူ့ကိုချော့မော့ပြီး နှစ်သိမ့်ဆွေး နွေးပညာပေးထားရမှာ မဟုတ်ဘူးလား။ ငါ့မိန်းမဖြစ်ပြီး ညံ့လိုက် တာကွာ”

            ကိုနိုင်စွမ်းက ထိုသို့ မြည်တွန်တောက်တီးနေသော်လည်း သူ့ဇနီး သွေး(စစ်ကိုင်း)က တဟီးဟီး တဟားဟားဖြစ်နေ၏။

            ”တောတွေ မရှိတော့လို့ တောင်ခိုမယ်ဆိုတဲ့ သတင်း ထောက်ကြီး တကယ်ပဲ မုံရွာသွားတယ်ပဲ ထားပါဦး၊ ရန်ကုန်ကို မကြာခင် ပြန်ရောက်လာပါလိမ့်မယ်။ စောင့်ကြည့်နေပါ။ ရောက် လာမှ ထမင်းခေါ်ကျွေးပြီး အတွေ့အကြုံတွေ မေးဖို့ ပြင်ထား ပေတော့”

            ”ဟင်…မကြာခင်ပြန်လာမယ်ဆိုတာ မင်း ဘယ်လိုသိ သလဲ။ ပြန်လာပြီပဲ ထားပါဦး၊ သူပုန်ထဖို့ စည်းရုံးရေးလာဆင်းတာ ဖြစ်နေဦးမယ်။ တော်ပါပြီကွာ၊ ဒီကောင်လေးလာရင် ရှောင်မှပဲ။ တော်ကြာ ငါတို့ပါ အမှုတွဲထဲ ပါနေမယ်”

            ”ဘာမှ အမှုတွဲထဲ ပါစရာအကြောင်းမရှိဘူး”

            ”ဆိုစမ်းပါဦး။ ဘာကြောင့် မင်းက သိပ်သေချာနေရတာလဲ”

            ”လက်ပံတောင်းတောင်ဒေသမှာ ကြေးနီတွေ၊ ဘာတွေ တူးကြတာ ရှင်မသိဘူးလား။ ကြေးနီတူးဖော်ရေးစီမံကိန်းမှာ တူး လိုက်ကြ၊ တူးလိုက်ကြတာ။ အဲဒီဘက်မှာ တောင်တွေ အလုံး လိုက် အလုံးလိုက် ပျောက်ကုန်ပြီလို့ သတင်းတွေမှာ ဖတ်လိုက်ရ တယ်။ ဒီတော့ တောင်ခိုဖို့ သွားတဲ့ သတင်းထောက်လေး တော လည်း မတွေ့၊ တောင်လည်း မတွေ့တဲ့အတွက် စိတ်ဓာတ်ကျပြီး ရန်ကုန်ကို ပြန်ရောက်လာလိမ့်မယ်လို့ သေချာပေါက် ပြောနိုင် တာပေါ့တော်။ ဟီးဟီး ဟီးဟီး ဟီးဟီး”

            ”သြော်…ဟုတ်သားပဲ၊ ဟားဟား ဟားဟား ဟားဟား”    ။       ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts