စာစုတို

သွန်းခ – မြန်မာပြည်ကြီးအတွက်တော့ စိုးရိမ်တယ်

သွန်းခ – မြန်မာပြည်ကြီးအတွက်တော့ စိုးရိမ်တယ်
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၅

သွန်းခ ညတုန်းက စာမရေးလိုက်နိုင်ပါဘူး၊ စိတ်မကောင်းလို့ပေါ့ဗျ။ စင်္ကာပူအကြောင်း စဉ်းစားမိလို့ပါ။ လောဘကြီးတယ်ပဲ ပြောပြော စင်္ကာပူမှာရှိနေတဲ့ သွန်းခတို့မြန်မာနိုင်ငံသား “ရွှေ” တွေက နှစ်သိန်းကျော်တာလေ။ ကြိုတင်မဲပေးဖို့က ၂၁၈၇၅ ယောက်ထဲပဲဆိုတော့ နည်းများနည်းနေသလားလို့ပေါ့။ တကယ့်တကယ် အစိန်ကြီးနေ့ကျမှပဲ ပြည်တော်ပြန်မဲပေးကြမှာလား၊ ဒါမှမဟုတ် အဲဒီမှာ ဆန္ဒမဲပေးဖို့စာရင်း သွင်းရခက်နေကြတာလား။ ကြားရတာ စစချင်းနေ့မှာကိုက မဲပြားတွေထုတ်ပေးတာ အလွဲတွေနဲ့ဆို မဟုတ်လားဗျ။ တွေ့တယ်ဗျို့၊ တွေ့ပါတယ်။ သွန်းခက သတင်းစိတ်ဝင်စားတော့ လူမှုကွန်ရက်လည်း မကြာ မကြာဖွင့်ကြည့်နေတတ်တော့ သိနေတယ်ဗျ။

ဒီလိုဗျ၊ စိတ်မကောင်းတာ။ ညတောင်အိပ်ပြီး ကြိုတင်မဲပေးဖို့ကြိုးစားနေကြရှာတဲ့ “ရွှေ” တွေအကြောင်း လူမှုကွန်ရက်ထဲ လည်းတွေ့၊ နေ့စဉ်ထုတ်သတင်းစာတွေလည်းတွေ့၊ ချက်ခ်ဘောက်စ်ကနေလည်း သွန်းခရဲ့ တူ၊ တူမနဲ့ သွန်းခ အစ်မတော် ကို မေးပြောပြောဖြစ်နေတော့ သိပ်ကိုစိတ်ဓာတ်တွေတက်ကြွနေကြတာ သိလိုက်ရတော့တာပဲ။ ဘယ်သူက သူများနိုင်ငံသွား နေချင်ပါ့မလဲ၊ သူများနိုင်ငံမပြောနဲ့ သူများအိမ်တောင် သွားမနေချင်ကြလို့ ကိုယ့်အိမ်မှာ ကိုယ်နေတတ်ကြတဲ့ “ရွှေ” တွေလေ ဗျာ။ နေစရာမရှိတာတောင် ဆွေမျိုးတွေ သိပ်အားကိုးနေတာမဟုတ်ဖူး။ ကျူးကျော်တယ်ပြောရင်ပြော၊ တဲထိုးပြီး နေပစ်လိုက် တတ်ကြတဲ့ “ရွှေ” မျိုးဥစ္စာ။

ကြည့်၊ စင်္ကာပူမှာ လမ်းဘေးအိပ်နေကြတာများ ခွေခွေတစ်မျိုး၊ စန့်စန့်တစ်မျိုး၊ မိုးလင်းပေါက် စကားထိုင်ပြောနေကြတာတွေလည်းရှိသေးသတဲ့။ တက်ကြွကြတာများဗျာ၊ သွန်းခကြည့်ရင်း ကြားရင်း မတ်တတ်ရော ပက်လက်ပါ မျက်ရည်ကျပါ တယ်ဆို။ ပြီးတော့ အားပေးမယ့်ပါတီကလည်း ပါတီတစ်ခုတည်း၊ မျက်ရည်မကျခံနိုင်ရိုးလား၊ ဝမ်းသာတာကိုးဗျ၊ ဝမ်းသာ လွန်းလို့ မျက်ရည်ကျပြီပေါ့။

သွန်းခ တွေးမိပြီဗျ။ ဒီလောက်တောင်အားပေးနေကြပြီဆိုရင် သေချာပေါက် ညစ်ကြတော့မှာကိုပါ။ တွေးပြီလေ၊ ဟိုးပြီးခဲ့တဲ့ ကာလတွေမှာ ပေါ်တင်ကြီး ညစ်ပတ်ခဲ့ကြတာ မှတ်မိမှာပေါ့။ ခုလည်းကြည့်၊ ရွေးကောက်ပွဲရွေ့မယ်၊ မရွေ့ဘူးမပြောခင် (လူကြီး လူကောင်းဟုယူဆရသော) ပုဂ္ဂိုလ်ကြီးတချို့ရဲ့  လွှတ်ခနဲ ပြောလိုက်မိတာပါ ဆိုတာတို့၊ ဘာတို့က ရင်ထဲရှိလို့ပြောထွက်သွားကြတာနေမှာပေါ့ဗျ။ ညစ်ချင်စိတ်၊ ဝန်တိုစိတ်၊ မစ္ဆရိယစိတ်တွေရှိနေလို့ဆိုတာ အပေါ်လွင်သားလားဗျ။ ရှိပါသေး တယ်၊ ရှိသေးတယ်။ အကုန်ချမရေးချင်လို့ပါ၊ ဟိုနားသွား ဟိုစကားပြော၊ ဒီနားလာ ဒီစကားပြော၊ တကယ့်တော ပြောတောင် ပြောကာလထဲကိုရောက်နေတော့ကာ အမှန်တကယ်ပြောင်းလဲချိန်တန်အောင် လူထုက ပြောင်းလဲလိုက်ကြပြီထား၊ တ ကယ်မှ ပြောင်းလဲပါ့မလားဆိုတာ သွန်းခ စိတ်ပူပြီပေါ့ဗျာ။

အပစ်အခတ်ရပ်စဲရေး စိုက်လိုက်မတ်တတ်ကြိုးစားခြင်းရလဒ်အတွက်လည်း သွန်းခ ကြိုဆိုပါသဗျ။ အပြုသဘော အမှန် တကယ်ဆောင်ကြဖို့တော့ လိုမယ်ထင်တယ်ဗျနော်။ နောက်မှ “အုံး” ခနဲ၊ “ဂျုံး” ခနဲ မကြားချင်လို့ပါ။ ဟုတ်တယ်လေ။ အဲဒါလည်း ဟိုးရှေးရှေးတုန်းကစခဲ့တဲ့ ညီအစ်ကိုတတွေ ရန်ဖြစ်လိုက်၊ စကားပြန်ပြောလိုက်၊ ပြန်ဆော်ပလော်တီး လိုက်ကြ တာတွေက မနည်းမနောဥစ္စာ။ လက်နက်ကိုင်တဲ့သူတွေရဲ့ သဘောထားအစစ်အမှန်တွေကို ဖော်ထုတ်နိုင်တာ သိပ်ကိုကျေ နပ်စရာပါ။ ဒါပေမယ့် အတွင်းကျကျဆွေးနွေးပွဲတွေကို ပြည်သူတွေမကြားကြ၊ မသိခဲ့ကြဘူးနော်။ အဲဒီလောက်အချိန် မရဘူးမပြောနဲ့လေ၊ ရွေးကောက်ပွဲကျတော့ အချိန်ဆွဲလိုက်ချင်သေးတာကို။ သဘောပြောတာပါ။ ဘယ့်နှယ့်ဗျာ၊ မဲဆွယ် စည်းရုံးရေးလုပ်ရတာ လွယ်မှတ်လို့။ အချိန်တွေ၊ ငွေတွေ၊ လူတွေ ဘယ်လောက်ကုန်ကျထား၊ ပင်ပန်းထားလဲ။ ကိုယ်စားလှယ် လောင်းတွေကို ခြိမ်းခြောက်ရ၊ ရိုက်ရနှက်ရ၊ ထိုးရကြိတ်ရတာတွေတောင် အလကားလုပ်လို့ရတာမှ မဟုတ်တာ။ ငွေကုန် ကြေး ကျခံပြီး လုပ်ခဲ့ရတယ်မဟုတ်လား။ ကိုယ့်လုပ်ရပ်တွေ ကိုယ်သိကြမှာပါလေ။ မသွားရ၊ မလာရတားတယ်။ တလွဲအမိန့် တွေထုတ်ကြတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်မလုပ်ခဲ့ပဲ မဲဆွယ်စည်းရုံးရေးကာလမှာ ထည့်ပြောပြီး မဲဆွယ်ကြတယ်။ အာရုံတွေလွှဲခဲ့ကြတယ်။ ကလေးကလားဆန်ဆန်တွေ လုပ်ပြကြတယ်။ အဲဒီလူတွေ ဘယ်လိုလုပ်ပြောင်းလဲချိန်တွေမှာ ပြောင်း လဲကြပါ့မလဲ။ သွန်းခ စိုးရိမ်တာ အဲဒါပဲဗျ။

ပြီးတော့ ဖွဲ့လာမယ့်အစိုးရသစ်တစ်ရပ်အတွက် ကြိုပြီးတွေးပူမိသေးတယ်။ ဘယ်လောက်များခေါင်းစားလိုက်မယ့် အစိုးရ သစ်တစ်ရပ်လဲလို့လေ။ အဖက်ဖက်ကယိုယွင်း၊ ပျက်စီး၊ ချွတ်ခြုံကျနေပြီဖြစ်တဲ့ နိုင်ငံ့အရေးကြိုးပမ်းကြရမယ့်ကိစ္စတွေး ကြည့်ရင် တော်တော့်ကိုတာဝန်ကြီးတာမဟုတ်လား။ ညစ်လုံးလုံးပြီး၊ ကန့်လန့်တိုက်ကြဦးမယ့်ဟာတွေကလည်း ရှိဦးမှာ။ ခု တောင်ကြည့်၊ နိုင်ငံ့ဝန်ထမ်းတွေထဲမှာ ညစ်ပေါက်ကပ်ကျယ်လုပ်နေကြတဲ့သူတွေက ခပ်များများ။ အချိန်တန်တော့ သူ့ဟာ သူဖြစ်သွားပါလိမ့်မယ်ဆိုတဲ့ အေးရာအေးကြောင်းမဟုတ်တဲ့ ရေသာခိုအချောင်လိုက်၊ ကိုယ့်ဇာတ် ကိုယ်မျှောလိုက်ကြမှန်း မသိမျောနေကြတဲ့သူတွေက ခပ်များများ။ လက်ရှိအာဏာရပါတီများနိုင်ခဲ့ရင် လက်ရှိသမ္မတကိုပဲ သမ္မတအဖြစ်တင်မြှောက်မယ်လို့ပြောပြန်တော့ စိတ်ညစ်ရပြန်ပြီပေါ့။ သူ့ဟာသူ တင်ပဲမြှောက်မြှောက်၊ ခါးပဲမြှောက်မြှောက် ကြားလိုက်ရလို့ စိတ်ညစ် သွားတာတော့ အမှန်ပါပဲ။ ပြောချင်ရာပြောကြ၊ ဖြေချင်ရာဖြေကြ၊ လုပ်ချင်ရာလုပ်နေကြတဲ့ဟာကြီးတွေကို လူမှုကွန်ရက်တွေ ကနေတွယ်ကြတာများတော့ အီလက်ထရောနစ်အက်ထ်ဆိုတာကြီး ငုတ်ကောင်ဘဝကနေပြန်ပေါ်လာပြန်ရော။ ပေါ်ပေါ်ထင်ထင်ပုံတွေနဲ့ရေးတင်ကြတာကိုးဗျာ။ အကွက်ထဲဝင်သွားတော့တာပေါ့။ ဟိုဟိုဟိုဆရာကြီးရဲ့စကားလိုပေပေါ့။ သာမန်လူ့အရေပြားပေါ်ဆားရည်လောင်းချလို့ ဘာမှမဖြစ်ပေမယ့် အနာရှိနေတဲ့အရေပြား၊ စုတ်ပြဲနေတဲ့အရေပြားပေါ်များ ဆား ရည် သွားလောင်းချလိုက်မိလို့ကတော့ လုံးဝကိုမှမခံနိုင်ဆိုသလိုလေ။ မလုပ်ကြပါနဲ့၊ ပုဂ္ဂိုလ်ရေးအရ မစော်ကားမိကြပါစေနဲ့။ တရားမျှတအောင်ပြောတာနော်၊ တရားမျှတအောင်ပြောတာ။ ဟိုသမ္မတကြီး နှစ်ခါလာတော့ နှစ်ခါ အနမ်းခံရတာပေါ့ဆိုတဲ့ဟာမျိုးလည်းပါတယ်။ နောက်မှ “လွှတ်ခနဲ” လို့ လုပ်လို့ရကြေးဆို သူတို့လည်း “ဖျတ်ခနဲ” တင်လိုက်မိသရှင်။ တင်လိုက်မိ သဗျာ ဆိုရင်။ အင်း…..လောလောဆယ်တော့ အာမခံ မရသေးဘူးဗျ နော်။ တစ်ဖက်သားကို နစ်နစ်နာနာမပြောမိ၊ မလုပ်မိ ကြ ပါစေနဲ့။ ကိုယ့်လုပ်ရင်လည်း မကြိုက်ဘူးမဟုတ်လား။

မြန်မာပြည်ကြီးအတွက်စိုးရိမ်တော်မူတာ သွန်းခ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဟိုဟိုသက်ကြီးပိုင်းတစ်ယောက်ဆိုပေါ်ပေါ်ထင်ထင်၊ လူသိရှင်ကြားကို စိုးရိမ်ပစ်လိုက်တာ ဘာကြာသေးတာမှတ်လို့။ သားတွေသမီးတွေ၊ အဝေးရောက်ဆွေ မျိုးတွေအတွက် “မြန်ရွှေပြည်ကြီးအရေး” စိတ်ပူတာများကတော့ တွေးတတ်၊ တောတတ်၊ မြော်မြင်တတ်ကြသူ၊ လူတွေမှန် ရင် သွန်းခလိုပဲ မြန်မာပြည်ကြီးအတွက် စိုးရိမ်မိကြမှာအမှန်ပါပဲလို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သွန်းခ – မြန်မာပြည်ကြီးအတွက်တော့ စိုးရိမ်တယ်
  1.ူစိတ်ကောင်း၇ှိ၇င် ဗျာ မိမိ ၇ှုံးမှာ ကို မြင်နေ၇င် ခု က တည်း က သင့် မြတ်ေ၇း အတွက် အဆင်သင့်၇ှိတဲ့ မူ ချထားပြီး ဖြစ်၇ မှာ ခုတော့ အဖျက်သမားစိတ် ဘဲမွေးထားတာကိုး

Comments are closed.