စာစုတို

ကိုကံညို (ထူးကြီး) – ကွက်ကျားမိုး

ကိုကံညို (ထူးကြီး) – ကွက်ကျားမိုး
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၅

ဟိုး….မှာ..မိုးတွေရွာနေတယ်လို့..ပြောတယ်။ ဒီမှာ မရွာသေးတဲ့သဘော၊ ရွာမလား…ရွာမလားစောင့်တယ်၊ ကြည်လင် ရှင်းလင်းပြီး မိုးသား မိုးရိပ်ပါ ပျောက်သွားတယ်။ ကွက်ကျားမိုး။

ဘားအံခရီးစဉ်ကအပြန်မှာ သတိလည်လာတဲ့ အတွေးတစ်စ..၊ ကွက်ကျားမိုးအကြောင်း၊ တွေ့ကြုံခံစားခဲ့ရတာတော့ အကြိမ် ပေါင်းများစွာ..၊ မှတ်မှတ်ထင်ထင်..မစုစည်းမိခဲ့..၊ မျက်ဝါးထင်ထင် ရင်ဘတ်ကို လာနှိုးတော့မှ ပြူးပြူးပြာပြာ တေးမှတ်ဖြစ် တော့တယ်..၊ ကွက်ကျားမိုး..။

ဘုရင်ညီဂူအထွက်မှာ မိုးရွာတယ်၊ ဝေါကနဲ..…ဝေါကနဲ၊ ကားက အရှိန်မလျှော့တမ်းမောင်းနေတာ၊ သုံးလေးမိနစ်စာလောက်မိုးစက်တွေကြားကိုဖြတ်တိုးအပြီးမှာ ခြောက်ခြောက်သွေ့သွေ့ကြီးဆီ ရောက်သွားတယ်။ ကားမောင်းနေတဲ့အလျှင်နဲ့ အချိန် ကို အချိုးချပြီး တည်နေရာအကွာအဝေးကို တွက်ချလိုက်ရင် ဟိုဘက်ရွာနဲ့ ဒီဘက်ရွာလောက်ပဲခြားတယ်။ အလျှင်တစ်ခုနဲ့ ရွေ့နေတာမျိုးမဟုတ်ပဲ နေရာတစ်ခုက ရပ်ကြည့်မယ်ဆို… ဟိုဘက်ရွာမှာ မိုးရွာပြီး ဒီဘက်ရွာက မိုးရေမရ ပူလောင်ခြောက် သွေ့လို့…၊ ကွက်ကျားမိုး။

လူတစ်ယောက်ဖြစ်တည်ပြီးတဲ့နောက်ပိုင်း နေထိုင်ကျင်လည်ရာဝန်းကျင်ဆိုတာ ဖြစ်ပေါ်လာပါတယ်။ ကိုယ်နေထိုင်ကျင် လည်ရာဝန်းကျင်နဲ့ပတ်သက်ပြီး စွဲလမ်းမြတ်နိုးစိတ်ရှိကြတယ်ဆိုတာ ဖြစ်သင့်တဲ့အရာပါ…။ ဒါပေမယ်.. သူလို ကိုယ်လို လူ သားတွေအားလုံးနဲ့ ခြုံငုံပြီးကြည့်နိုင်တဲ့ အမြင်စွမ်းရည်မျိုးကိုလည်း မွေးမြူကြရပါလိမ့်မယ်။ ကိုယ့်အတွက်ဆိုတဲ့အတ္တကိုဖယ်ခွာပြီး..၊ ကိုယ်တစ်ဦးတည်းအတွက် ကောင်းတာတစ်ခုတည်းနဲ့ အားလုံးအတွက် ကောင်းတာမျိုးမဟုတ်ခဲ့ရင် ကောင်းပါ တယ်လို့ လက်မခံသင့်..၊ ကွက်ကြားမိုးဆိုတာ တစ်ပြေးညီရွာတဲ့ မိုးမဟုတ်ပါဘူး။

ဧရာမကြီးမဟုတ်ပါဘူး။ ရပ်ကွက်ထဲက..ကန်ထရိုက်လုပ်ငန်းရဲ့ ညစောင့်ကြီးပဲပြောပါတော့။ အရည်အချင်းမပြည့်မှီတော့ ကျဆုံးခြင်းရဲ့ နောက်ဆက်တွဲဂယက်ကို နှာခေါင်းကလေးပေါ်ရုံလောက်နဲ့ ကူးခတ်နေရတဲ့ဘဝ၊ သနားစရာလည်းကောင်း သလို…သံဝေဂရစရာလည်းကောင်းလှပါဘိတော့။ တပ်မတော်အငြိမ်းစားအရာရှိကြီးတစ်ဦးရဲ့သား၊ တစ်ချိန်တုန်းကတော့…ဒဂုံ (၁) လိုကျောင်းမျိုးမှာ ဖခင်အရှိန်အဝါနဲ့…ခန့်ခန့်ငြားငြားဆိုပေမယ့်လည်းဖခင်ကျရှုံးပြီးနောက်မှာတော့ ပေမှီဒေါက်မှီ အရည်အချင်းကို မဖမ်းဆုပ်နိုင်လေတော့ သူဌေးရဲ့ကန်ထရိုက်လုပ်ငန်းမှာ ညစောင့်အဖြစ်နဲ့..၊ ဘာပဲပြောပြော အတွေးအမြင် ကျယ်ကျယ်ပြန့်ပြန့်တော့ ရှိသင့်ပါတယ်။ ဒါလည်း အများကြီးမဟုတ်ပါဘူး။ အမှန်ထိ အရောက်ကြည့်နိုင်ဖို့ပါပဲ။

“ကျုပ်သူဌေးကအရမ်းစိတ်ကောင်းရှိတာဗျ။ တကယ်ကို လူကောင်းတစ်ယောက်ပါ”

သူက…ရဲရဲကြီးအာမခံသော်ငြားလည်းသူဌေးမှာတော့အခက်ခဲအရှုတ်ထွေးပေါင်းများစွာကိုထောင်နှုတ်ခမ်းနင်းပြီးလူးလှိမ့်နေရတယ်၊လုပ်ငန်းတွေလက်စမသတ်နိုင်ရတဲ့ကြားထဲကြိုတင်ယူထားတဲ့ပြသနာတွေ၊နိုင်ငံတော်ကိုလုပ်ငန်းပြပြီးယူထားတဲ့ငွေတွေ၊တိုက်ခန်းရှင်တွေပေါ်အာမခံချက်ရဲရဲတွေကအရည်အသွေးပိုင်းမှာခိုလိုက်တော့ဖြစ်ပေါ်လာတဲ့အပျက်အစီး…။

“ကျုပ်ကို…ကျုပ်အဖေမျက်နှာနဲ့ အလုပ်ပေးထာတယ်ဆိုပေမယ့်…လခထက် ပေးတာကမ်းတာတွေ အများကြီးရှိတယ်ဗျ။ အလုပ်သမားတွေကို စောင့်ကြည့်ရတဲ့ရာထူးထိအောင် မသိမသာတိုးပေးထားတာ။ ဘယ်သူခိုးလဲ…ဘယ်သူခိုးလဲပေါ့ဗျာ။ တိုက်တစ်လုံးပြီးသွားတာနဲ့… ငါးထောင်မျိုး တစ်သောင်းမျိုးပေးသေးတာ”

“တစ်ခုတော့ရှိတယ်ဗျ။ ကိုယ့်အပေါ်ကောင်းတာလေးတစ်ခုတည်းကြည့်ပြီး ဒီလူ…လူကောင်းပါလို့တော့ပြောမရဘူးဗျ။ အားလုံးအပေါ်မှာ ဘယ်လိုကောင်းသလဲ…..ဘယ်လောက်ကောင်းသလဲ….. အဲဒါနဲ့ဆုံးဖြတ်မှရမယ်ထင်တယ်။ ခင်ဗျားအ ပေါ် ကောင်းတာတော့ မှန်ပါလိမ့်မယ်။ အားလုံးအပေါ်မကောင်းလို့ ဒီလိုပြဿနာပေါင်း သောင်းခြောက်ထောင်ဖြစ်နေတာ ပေါ့”

တိုင်းပြည်နဲ့ချီကြည့်မယ်ဆိုရင်လည်း အဲဒီဆုံးဖြတ်ချက်က အတော်အတန် အသုံးတည့်လိမ့်မယ်ထင်ပါတယ်။ ဖြစ်ပြီးသား လွှတ်တော်အမတ်တွေ…ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ…အစိုးရလူကြီးမင်းတွေ၊ ကိုယ့်ဒေသကို သူ့ရဲ့လုပ်ပိုင်ခွင့်ထဲကနေ တိုး တက်အောင်လုပ်ခဲ့ကြပါတယ်လို့ မဲဆွယ်ပွဲတွေမှာ ထည့်ပြောကြတယ်။ တစ်နိုင်ငံလုံး ဒေသဖွံ့ဖြိုးရေးစီမံချက်အရ လုပ်ကို လုပ်ကြရမှာဖြစ်ပါတယ်။ ဒါကို….ထူးပြီးလုပ်တယ်လို့မဆိုနိုင်ပါဘူး။ ဥပမာ……စည်ပင်သာယာက…လမ်းပေါ်ကအမှိုက်တွေ ကို ညဥ့်နက်သန်းခေါင်ကြီး သန့်ရှင်းရေးလုပ်ကြတယ်ဆိုတာ အထူးချီးမွမ်းစရာမလိုပါဘူး။ ဒါ…သူတို့ လုပ်ကိုလုပ်ရမယ့် တာဝန်ဖြစ်ပါတယ်။ ညဥ့်နက်သန်းကောင်ဆိုတဲ့ ဝိသေသထူးကိုလည်း အမှတ်ပေးစရာမလိုပါဘူး။ လူရှင်း…ကားရှင်း..အ မှိုက်ကျချိန် နားတဲ့ကာလမှာ လုပ်တာ အကောင်းဆုံးပါပဲ..။

မဆီမဆိုင်ဆွဲထည့်ရရင်…မည်သူကမှ ကွမ်းမစားရလို့ပြောခွင့်မရှိပါဘူး။ အဲ…ကွမ်းတံတွေးမထွေးရလို့တော့ သက်ဆိုင်သလို တားမြစ်ခွင့်ရှိပါတယ်။ ဒီသဘောတရားကို ဆိုရှယ်မီဒီယာမှာ ဒေသတစ်ခုနာမည်နဲ့ ထူတောင်ထားတဲ့ PAGE မှာ ရေးဖြစ်တာ ပါ။ အဲဒီဒေသရဲ့အကြီးအမှူးနဲ့ပတ်သက်ပြီး ပုတ်ခတ်တဲ့စာသားတွေမရေးကြပါနဲ့ဆိုလို့…။

“ဒီလူက…ကိုယ့်ဒေသ…ကိုယ့်ရပ်ရွာတိုးတက်ရေးတွေလုပ်တယ်…၊ လမ်းခင်းတယ်..မီးလင်းပေးတယ်…ကျောင်းဆောက် ပေးတယ်…ဘုရားထီးတင်တယ်..၊ကိုယ့်ဒေသအတွက် လုပ်ဆောင်ချက်တွေအများကြီးဖြစ်လို့….ဒီလိုလူကောင်းမျိုးကို မဲ ပေးကြပါ..ဆိုခဲ့ရင်…”

“ဘယ်ဟုတ်မလဲဗျ…၊ ဒါ..ကွက်ကျားကောင်းတာ……ကွက်ကျားမိုးရွာတာ၊ ကိုယ့်ဒေသတစ်ခုတည်းကောင်းတာကွက်ကြည့်ပြီး ဒီလူကို နိုင်ငံတော်အဆင့် လူကြီးမင်းခန့်လို့ ဘယ်ဖြစ်မလဲဗျ။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအပေါ်မှာ သူဘယ်လောက် ကောင်းခဲ့သလဲ… ဘယ်လိုကောင်းခဲ့သလဲဆိုတဲ့ ပေတံနဲ့ တိုင်းမှရမှာပေါ့”

ကွက်ကျားမိုး…၊ ဒီနေရာမှာ မရွာဘူး၊ ဟိုနေရာကွက်ကွက်ကလေးပဲ ရွာတယ်၊ အဲဒါ…ကွက်ကျားမိုးဖြစ်ပါတယ်….။

ကိုကံညို (ထူးကြီး)

illustration : Toni Demuro


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts