သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ‘ခွေးခေါင်းပြောင်းပြန်ကပ်လိုက်သည်’ ခေတ်မှသည်…

ငြိမ်းချမ်းအေး – ‘ခွေးခေါင်းပြောင်းပြန်ကပ်လိုက်သည်’ ခေတ်မှသည်…
(သည်လေဒီးစ်နယူးစ် / မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၅

အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေ၊ နိုင်ငံရေးအန်တုမှုတွေအကြောင်းပြောရင် မဟတ္တမဂန္ဒီ (၁၈၆၉ ဖွား – ၁၉၄၈ ဆုံး)  ဝါဒ လက်ကိုင်ထားရတယ်။  ဂန္ဒီကြီးရဲ့ တရားတွေ၊ အလုပ်တွေက ကမ္ဘာ့တဝှမ်းက လွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ အားကျ အတုယူ စိတ်ဓာတ်ခွန်အားဖြည့်စရာ ဖြစ်ခဲ့တယ်။ သူ့ရဲ အဓိကနည်းလမ်းက အကြမ်းမဖက် အလုံးစုံ စွန့်လွှတ်အနစ်နာခံမှုအခြေခံပြီး လွတ်လပ်ရေးကို ရေရှည်ခံနိုင်ရည်ရှိမှု၊ တစိုက်မတ်မတ်ရှိမှုနဲ့ အန်တုတိုက်ပွဲဖော် ဆောင်ခြင်း ပါ။

ဂန္ဒီကြီးတလျှောက်လုံး ကျင့်သုံးခဲ့တဲ့ ဒီ အကြမ်းမဖက် (Non Violence)  လမ်းစဉ် သစ္စာဂြဟမှာ အဟိံသဝါဒ သူတပါးကို မညှဉ်းဆဲ၊ မသတ်ဖြတ်၊ ထိခိုက်နာကြင်စေမှုကို ရှောင်ကြဉ်ခြင်းဟာ မပြောင်းမလဲ မယိမ်းမယိုင် အခြေခံခိုင်မာတဲ့ ကျင့်ဝတ် ဖြစ်တယ်။  လွတ်လပ်ရေးတိုက်ပွဲအတွက် ကိုယ်အားဖြင့် ကာယကံမြောက် အကြမ်းဖက်မှုကို တားမြစ်ခဲ့သလို အတွင်း အဇ္ဈတ္တသန္တာန် (Inner Nature) အားဖြင့်လည်း ငြိမ်းချမ်းရေးကို ရှေးရှုတယ်။  ကိုယ်၊ နှုတ်၊ အမူအရာ စိတ်နှလုံး အားလုံးကို အမုန်းတရားကင်းကင်း၊ အာဃာတ မရှိ ငြိမ်းချမ်းစွာကျင့်ကြံတယ်။  ဒါပေမဲ့ ဖိနှိပ်သူကို အာခံရမှာတော့ ငြိမ်းချမ်းရေးမူကို မလျှော့သလို တိုက်ပွဲဖော်ဆောင်မှုကလည်း မလျော့ခဲ့ပါဘူး။

သူ့ရဲ့ ရည်မှန်းချက် ပန်းတိုင် အလုပ် အောင်မြင်ဖို့ရာကို သူတပါးပေါ် အကြမ်းဖက်ခြင်းမပြုဘဲ မိမိကိုယ်ကိုသာ အနစ်နာခံရင်းနဲ့ တိုက်ပွဲပေါင်းများစွာ ဖော်ဆောင်ခဲ့တယ်။  လူငယ်ရှေ့နေဘဝ တောင်အာဖရိကမှာ လှုပ်ရှားခဲ့တဲ့ ပြည်သူ့အခွင့်အရေးတိုက်ပွဲများနဲ့ နောက်ပိုင်း အိန္ဒိယမှာ အကြမ်းမဖက်တော်လှန်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲ ပုံစံအမျိုးမျိုးကြောင့် အုပ်စိုးသူအင်္ဂလိပ်က ဂန္ဒီကြီးကို အကြိမ်ကြိမ် ချုပ်နှောင်ဖမ်းဆီးခဲ့တယ်၊ ဖိနှိပ်ခဲ့တယ်။  ဒါပေမဲ့ သူဟာ အလုံးစုံ ငြိမ်းချမ်းရေးတရားရှေ့ထား အနာခံတိုက်ရေးမူကို မစွန့်လွှတ်ဘဲ လွတ်လပ်ရေးပန်းတိုင်အထိ ဒူးမထောက် လက်မမြောက် အောင်မြင်ပေါက်ရောက်ချီတက်နိုင်ခဲ့တယ်။

ဒီလို အနစ်နာခံပြီး ကိုယ်လိုရာရအောင် တောင်းဆိုခြင်းကို ဂန္ဒီကြီးဟာ လွတ်လပ်ရေးအတွက်တင်မဟုတ် တိုင်းပြည်အရေး အရာတိုင်းမှာ သူ့စကားအောင်ဖို့ရာလည်း အကြမ်းမဖက်စွန့်လွှတ်မှုတွေနဲ့ စံပြနေထိုင်ကျင့်ကြံပြခဲ့တယ်။  ဟိန္ဒူ-မွတ်ဆလင် ချစ်ကြည်စည်းလုံးရေး၊ ဟိန္ဒူများ ဇာတ်နိမ့်-ဇာတ်မြင့် ခွဲခြားမှုအယူဝါဒတွေ ပပျောက်ရေး စတဲ့ လူထုကို ဦးဆောင်ပညာပေးလမ်းညွှန်ရေးအလုပ်တွေ အားလုံးမှာလည်း သူ့စကားမတည်မချင်း၊ သူ့ဝါဒကို လူတွေ အသိအမှတ် မပြုမချင်း အစာငတ်ခံ နေထိုင် တိုက်ပွဲဝင်ပြခဲ့တယ်။  ဒါဟာ ဟိန္ဒူဘာသာရေး အစွန်းရောက်တစ်ဦးရဲ့ ပစ်သတ်ခြင်းခံခဲ့ရတဲ့ ၁၉၄၈ ဇန်နဝါရီ ၃၀ သူဆုံးချိန်အထိပါပဲ။

ဂန္ဒီကြီးရဲ့ အနုနည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ပုံသဏ္ဌာန်တွေက အများကြီး ရှိပါတယ်။   ခရီးရှည်ချီတက်ပွဲတွေ၊ အခွန်မပေးရေး၊ အင်္ဂလိပ်အစိုးရ အုပ်ချုပ်ရေး ယန္တရား တရားရုံးနဲ့ မတရားတဲ့ ဥပဒေတွေကို အသိအမှတ်မပြု မဆက်ဆံ အာဏာဖီဆန်ရေး၊ အင်္ဂလိပ်အရင်းရှင်ကုမ္ပဏီတွေရဲ့ ပစ္စည်းများကို မသုံစွဲအားမပေးရေးစတဲ့ အကြမ်းမဖက်ပုံစံ အမျိုးစုံပါပဲ။

ဒီလို ဂန္ဒီရဲ့ ငြိမ်းချမ်းရေးလက်ကိုင်ထားတဲ့ ဝါဒတွေက ဗုဒ္ဓဝါဒနဲ့လည်း နီးစပ်တော့ မြန်မာတွေ နားလည်သဘောပေါက် လက်ခံခဲ့ကြတယ်။  အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ ကျွန်သဘောက်ဘဝ လွတ်မြောက်ရေးတိုက်ပွဲတွေမှာ ဂန္ဒီလမ်းစဉ်တွေဟာ ဦးဆောင်ဦးရွက်ပြုခဲ့ကြတယ်။  အမျိုးသားရေးလှုပ်ရှားမှု အစအဦး ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ဝံသာနုခေတ်သာမက နောက် ပိုင်း လွတ်လပ်ရေးကို (၁၃၀၀ ပြည့်အရေးတော်ပုံကြီးအပြီး ဒုတိယကမ္ဘာစစ်နောက်ခံအနေအထားကြောင့်) လက်နက်ကိုင် တိုက်ပွဲနဲ့ တိုက်ယူဖို့ ကြိုးစားခဲ့ကြတဲ့ ဒို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များအထိ ကနဦးဝါဒ အခြေခံနဲ့ နောက်ဆုံး လွတ်လပ်ရေးယူချိန်အထိ ယုံကြည်စွဲကိုင် ကျင့်သုံးခဲ့တာကတော့ ငြိမ်းချမ်းရေးအခြေခံ အကြမ်းမဖက် လှုပ်ရှား၊ လူထုသပိတ် တိုက်ပွဲ ဆင်နွှဲ ဖိအားပေးရင်း တွေ့ဆုံဆွေးနွေး လွတ်လပ်ရေးအရယူခြင်းပါပဲ။

လွတ်လပ်ပြီးခေတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာလည်း လက်နက်ကိုင်တော်လှန်ရေးတွေ နှစ်ရှည်ရှိ ခဲ့ကြပေမယ့် ၁၉၆၂ ခုနှစ် ကျောင်းသားများရဲ့ ၇ ရက် ဇူလိုင် လှုပ်ရှားမှုကစ နောက်ပိုင်း ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၂၀၀၇အလယ် ၂၀၁၅ မတ်လ ၁၀-၁၀ လှုပ်ရှားမှုအထိ  ပေါ်ပေါက်ခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသား အလုပ်သမား လူထုတိုက်ပွဲအားလုံးဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးကိုသာ အခြေခံကြပါတယ်။  ၁၉၈၈ ခုနှစ် နောက်ပိုင်မြန်မာ့ဒီမိုကရေစီတိုက်ပွဲရဲ့ ပြယုဂ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့အစည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆိုရင်လည်း စတင် ဖွဲ့စည်းချိန် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တရားဝင် ကြေညာချက် အမှတ် ၁ ထုတ်စဉ်ကတည်းက ဂန္ဒီဝါဒ ကျင့်သုံးမယ်၊  မတရားတဲ့အမိန့်အာဏာတွေ ဖီဆန်မယ်၊ ဒါပေမယ့် အကြမ်းမဖက်ဘဲ လှုပ်ရှားမယ်၊ တောမခိုဘူး၊ လက်နက်မကိုင်ဘူး၊ မြေအောက်မလျှိုးဘူးဆိုပြီး အနုနည်းတိုက်ပွဲဝင် နိုင်ငံရေး လမ်းစဉ် နည်းနာများကို ချမှတ်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် တော်လှန်ရေးသမားများ လက်ကိုင်ထား လေ့လာသင်ယူကျင့်သုံးလေ့ရှိတဲ့ နိုဗယ်လ်ငြိမ်းချမ်းရေးဆု အတွက် အကြိမ်ကြိမ်ထည့်သွင်းစဉ်းစား နာမည်စာရင်းတင်သွင်းခံခဲ့ရသူ အမေရိကန် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဂျင်းရှပ် (၁၉၂၈ ဖွား) ရဲ့ “From Dictatorship to Democracy – အာဏာရှင်စနစ်မှသည် ဒီမိုကရေစီဆီသို့  (၁၉၉၃) ” လက်ဆွဲကျမ်းစာအုပ်မှာလည်း ဂန္ဒီဝါဒအခြေခံ အကြမ်းမဖက်နည်းနာတွေ ပါတာပါပဲ။

မတရားဥပဒေတွေကို အသုံးချ တခုခု လှုပ်လိုက်တာနဲ့ တရားတွေဆွဲ၊ ထောင်တွေချ၊ နံပါတ်တုတ်နဲ့ ဆော်၊ သေနတ်နဲ့ပစ်၊ မီးဗုံးခွဲ လုပ်နေသူ ဖိနှိပ်ရက်စက် အုပ်စိုးသူစနစ်ခေတ်မှာ လူအများကို လမ်းပေါ်ဆွဲတင်မှ အာဏာဖီဆန်ဆန့်ကျင်တာမျိုးလည်း မဟုတ်ပါ။  ပုံစံမျိုးစုံ၊ အလုပ်မျိုးစုံနဲ့ လမ်းပေါ်မထွက်ဘဲလည်း ဆန့်ကျင်နိုင်ပါတယ်။  လက်ရှိအစိုးရသစ်တက်ခါစက လူထုအ များ နိုင်ငံအဝှမ်း ဖော်ဆောင်ခဲ့ကြတဲ့ မီးလင်းရေး ဖယောင်းတိုင်ထွန်း လှုပ်ရှားမှုလို၊ အခု ဖြစ်ပေါ်နေတဲ့ အရပ်ဘက် အစိုးရဌာနတွေကို စစ်တပ်က အရာရှိများ ဝင်ရောင်မှု ဆန့်ကျင်ရေး ဖဲကြိုးရောင်စုံလှုပ်ရှားမှုမျိုးပါ။

လက်မှတ်တွေကောက်နိုင်တယ်၊ အရောင်တူညီဝတ်စုံတွေ ဝတ်နိုင်တယ်၊ အလံတွေ လွှင့်တင်နိုင်တယ်၊ ဝတ်ပြုဆုတောင်းပွဲ တွေ လုပ်နိုင်တယ်၊ မီးထွန်းနိုင်တယ်၊ ကန့်ကွက်စာ၊ ထောက်ခံစာ၊ ကြေညာစာတမ်းတွေ ထုတ်နိုင်တယ်၊ ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲတွေ လုပ်နိုင်တယ်၊ ဖိနှိပ်သူဆန့်ကျင်ရေး သင်္ကေတ အမှတ်တံဆိပ်များ ရပ်ထဲရွာထဲ ထင်ကျန်နေအောင် စွမ်း ဆောင်ခြင်း စတဲ့ အကြမ်းမဖက်တဲ့ နည်းအစုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။

ဖိနှိပ်ရက်စက်မတရားမှုကို ထင်တိုင်းကြဲနေသူများကို လူပုဂ္ဂိုလ်ဦးတည် တိုက်ရတာတွေလည်း ရှိပါတယ်။  မူဝါဒတွေ၊ ဥပဒေဆိုးတွေကို ဆန့်ကျင်ရသလို စနစ်ဆိုးကို ဖော်ဆောင်နေတဲ့၊ ကျားကန်နေတဲ့ လူတွေကို  ဝေဖန်ဆန့်ကျင် နာမည်တပ် တိုက်ရတဲ့အပိုင်းတွေလည်း ရှိတယ်။  မူဝါဒဆိုး၊ ဥပဒေဆိုးနဲ့ စနစ်ဆိုးရဲ့ မတရားမှုတွေကို ထောက်ပြခြင်း အပြင်မှာ ဒီလို တိုင်းပြည်ဆင်းရဲတွင်းနက်စေတဲ့ အဆိုးတွေကို ဖန်တီးနေသူ ခေါင်းဆောင်လူတွေကို ဝေဖန်ပြစ်တင်ရပါတယ်။   အပြောင်အပြက် ရုပ်ပုံတွေ သုံး၊ သံချပ်တွေထိုး သရော်ကြ၊ ဆော်ကြရတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဖိနှိပ်သူလူတန်းစားကိုယ်စားပြုတဲ့ “လူတွေကို” ဆော်ရာ၊ သရော်ရာမှာတော့ ဒီမိုကရေစီနည်းကျ စည်းကမ်း လေးတွေ၊ ဆင်ခြင်အသိဉာဏ် ချွန်းအုပ်မှုလေးတွေတော့ လိုပါတယ်။  ဖိနှိပ်သူ၊ လက်နက်အားကိုး မင်းမူနေသူ အဓမ္မဝါဒီတွေ ကို တိုက်ချင်ဇောနဲ့ ကိုယ်တိုင် ဓမ္မနဲ့ဆန့်ကျင်တဲ့ အပြုအတွေ မလုပ်မိဖို့လည်း လိုပါတယ်။  အထူးသဖြင့် မသက်ဆိုင်တဲ့ မိသားစုဘဝတွေနဲ့ အခြား လူမှုအဖိနှိပ်ခံ ဖြစ်နေနိုင်တဲ့ အုပ်စု တစ်ခုခုကို ချိုးဖဲ့ စော်ကား ထိခိုက် မိတာမျိုးကိုတော့ ရှောင်ကြဉ်နိုင်ရပါမယ်။  ကျား-မ လိင်ခွဲခြားမှု၊ လိင်တိမ်းညွတ်မှု၊ လူမျို၊ ဘာသာ၊ အသားအရောင် အခြေပြု မတူကွဲပြားတဲ့ အုပ်စုတမျိုးမျိုးကို ဆွဲထည့် ပုံဖော် ဒီမိုကရေစီဝါဒါနဲ့ ဆင့်ကျင်ဘက်ပြု ပုဂ္ဂိုလ်ရေးတွေ မထိခိုက်၊ မတိုက်ခိုက်ဖို့တော့လိုပါတယ်။

လူထုကို လွှမ်းမိုးသက်ရောက်မှုကြီးတဲ့ စာနယ်ဇင်း မီဒီယာနဲ့ အနုပညာပစ္စည်းများမှာလည်း မတရားမှုကိုသာ ဆန့်ကျင်လိုစိတ် လူငယ်စိတ် အခံအပြည့်ပေမယ့် အတွေ့အကြုံ အသိအမြင် မကြွယ်ဝသေးသူ မသိနားမလည်တဲ့ လူငယ်လူရွယ်များကို တလွဲဆံပင်ကောင်းစေတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမျိုးသမီးနှိမ်၊ မိန်းမလျာနှိမ်၊ မလိုသူကို ထဘီဝတ်ပေး၊ ထဘီထုပ်ဆင်ပေးတဲ့ ကျင့်ဝတ်မဲ့အလုပ်တွေ ဖော်ပြပြီး လမ်းကြောင်းပေးမှုတွေကိုလည်း ရှောင်ကြဉ်ကြရပါမယ်။

မတရားမှုကို တန်ပြန်တယ်၊ ဖိနှိပ်အုပ်ချုပ်သူကို တော်လှန်ဆန့်ကျင်တယ် ဆိုတဲ့ ‘မူ’  ကိုအခြေခံရင် လက်ခုပ်လက်ဝါးပြိုင်တီး သီချင်းတွေ အော်ဆိုနေရင်လည်း တော်လှန်ရေးပါပဲ။  အိုးစည် ဗုံမောင်းတီး ကခုန်နေရင်လည်း တော်လှန်ရေးပါပဲ။  အောက်လုံးတွေ၊ ကျင့်ဝတ်မဲ့တွေ လုပ်စရာမလိုပါဘူး။

အာဏာရှင်စနစ်ကို မုန်းသူ အမှန်ဖြစ်ရင် အာဏာရှင်စနစ်အကျင့်အကြံ၊ လုပ်ထုံး လုပ်နည်း အတွေးအခေါ်တွေကို လိုက်တုတဲ့ အလုပ်ဆိုးတွေကို လက်သင့်မခံ ကျင့်ဝတ်သိသိ ငြင်းဆန်နိုင်ရပါမယ်။ အာဏာရှင်စိတ်ရှိသူတွေကတော့ ပုဂ္ဂိုလ်ရေးတွေ အဓိက တိုက်ခိုက်မှာပါပဲ။  ဒီမိုကရေစီ စံချိန်မီ လိုချင်၊ အကျင့်သီလ မှတ်ကျောက်တင်ချင်ရင်တော့ ဒါမျိုး အလုပ်ဆိုးတွေကို အတုခိုး မတန်ပြန်မိဖို့လိုပါတယ်။

ဒီမိုကရေစီ တိုက်ပွဲဝင်နေသူများဟာ တော်လှန်ရေးခရီးကြမ်းတလျှောက် ပဋိပက္ခတွေမှာ လှုပ်ရှားမှုတခုလုံးကို အဆင့်အတန်းမြင့်မြင့်၊ စည်းစနစ်မူဝါဒဘောင် ကျင့်ဝတ်ရှိရှိ၊ စည်းကမ်းတကျ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။  ဒါမှသာ အားကိုးအားထိုက်ပြုလောက်တဲ့ လူထုအင်အားကို စုစည်းနိုင်မယ်၊ ရေရှည်ခံမယ်၊ ဒါမှ အင်းအားကြီးမားတဲ့ လက်နက်ကိုင် ဖိနှိပ်အုပ်စိုးနေသူတွေကို တန်ပြန်နိုင်မယ်၊ ခရီးပေါက်မယ်၊ အောင်မြင်ပါမယ်။

၂၀ ရာစုခေတ်ဟောင်း ကျွန်ပြုနယ်ချဲ့အုပ်စိုးသူ အင်္ဂလိပ်ခေတ် စိတ်ဓာတ်ပြင်းပြလှတဲ့ သခင်တိုက်ပွဲဝင်ချိန်မှာ ဖိနှိပ်ကုတ်သွေးစုပ်နေသူ ကိုလိုနီဝါဒစနစ်ဆိုးရဲ့ အကြီးအမှူး ဘုရင်ကို ထိခိုက် “ခွေးခေါင်းပြောင်းပြန်ကပ်လိုက်သည်” လိပ်မူ ဂျော့ဘုရင်တံဆိပ်ခေါင်း ပြောင်းပြန်ကပ် စာပို့ကာ နိုင်ငံရေးအန်တု တော်လှန်စိတ်ကို ထက်ထက်သန်သန် ပြသခဲ့တယ်။  ၂၁ ရာစုခေတ်သစ်မှာတော့ လူထုအားလုံး ငြိမ်းချမ်းစွာ ပါဝင်နိုင်ပြီး ဂုဏ်သိက္ခာရှိရှိ၊ အဆင့်အတန်း မြင့်မြင့်၊ ကျင့်ဝတ် သီလ အပြည့် ဖော်ဆောင်နိုင်တဲ့ ဖဲပြားဆွဲ လက်ပတ်ဝတ်၊ အင်္ကျီ အဖြူဝတ် လှုပ်ရှားမှုတွေ၊ ဆုတောင်းပွဲတွေ၊ လက်မှတ်ရေးထိုးတောင်းဆိုပွဲတွေလို အကြမ်းမဖက်နည်းမျိုးစုံနဲ့ လူတွေကို ဇောင်းမပြု၊ မူတွေကို ဆော်တဲ့ အကျင့်ကောင်း အခြေခံ အလုပ်ကောင်းများ ဖော်ဆောင် တိုက်ပွဲဝင်နိုင်ရမှာဖြစ်ပါတယ်။

ပြန်ချုပ်ရရင် လက်နက်ကိုင်ထားသူ အဖွဲ့အစည်းက တိုင်းပြည်ထိပ်မှာ ‘နေမြဲ’ ကော၊ ‘သက်သာ’ ကော အခြေအနေနှစ်ခုလုံး ဖန်တီးထားနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချုပ်ကိုင်မှုနဲ့အတူ စနစ်ဆိုး၊ လူဆိုး၊ မူဆိုး၊ ဝါဒဆိုး၊ လိုတမျိုး မလိုတမျိုး ဥပဒေဆိုးတွေဟာ ၂၀၁၅ အလွန်မှာလည်း ဆက်လက်တည်တံ့မယ့်အကြောင်းကို ဖိနှိပ်မှုအစုံ၊ ညစ်နည်းအစုံနဲ့ အမျိုးမျိုး ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ မျက်မှောက်နိုင်ငံရေး ဖြစ်စဉ်က ပြသနေပါတယ်။  လူတစု ဒီမိုကရေစီ မဟုတ်တဲ့ လူအများ ဒီမိုကရေစီအတွက် လူထုဟာ ဆက်လက်တိုက်ပွဲဝင်နေရပါဦးမယ်။  အနစ်နာခံရေး၊ စွန့်လွှတ်ရေး၊ ဂန္ဒီဝါဒဟာ တိုင်းပြည်မှာကျင့်သုံးပေးဆပ်ခဲ့ကြတာ နှစ်လကြာရှည်ရှိပါပြီကွာ ဆိုတာလည်း မှန်ပါတယ်။  ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ရှေ့ဆက်ရပါဦးမယ်။

ဒီလို ခက်ခဲကြမ်းတမ်းဦးမယ့် ရှေ့ခရီးမှာ မလိုလားအပ်တဲ့ (အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ) ကျင့်ဝတ်တာဝန်မဲ့မှုတွေ မဖြစ်စေဘဲ ဂန္ဒီကြီးရဲ့ ငြိမ်းချမ်းရေးဝါဒ၊ ကိုယ်၊ နှုတ်၊ စိတ်နှလုံး ထိန်းသိမ်း အမုန်းတရားကင်းတဲ့ ဒီမိုကရေစီလမ်းစဉ်အမှန်ကို ဖော်ဆောင်နိုင်ဖို့ရာတော့ လိုပါတယ်။   ‘ခွေးခေါင်းပြောင်းပြန်ကပ်လိုက်သည်’ ခေတ်မှသည် ‘ဖဲကြိုးရောင်စုံခေတ်’ ဆီသို့ တက်လှမ်းကာ စိတ်အသိ၊ ဉာဏ်အသိ၊ ဦးနှောက်အသိနဲ့ယှဉ် Smart ကျကျ နိုင်ငံရေးအန်တုမှုများ ဖော်ဆောင်နိုင်ဖို့လိုကြောင်း ဖိနှိပ်အုပ်စိုးသူ အာဏာရှင်များကို ဆန့်ကျင်ဖို့ရာ ဘယ်တော့မှ နောက်မတွန့် ဝန်မလေး ရဲရင့်လှသူ၊ ဂုဏ်ပြုအပ်တဲ့ လူငယ်များကို အသိ၊ သတိကပ်နိုင်ဖို့ရာ ဆွေးနွေးထောက်ပြလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၁၄၊ ၂၀၁၅ (စာပြီးရက်စွဲ)
(ဆက်သွယ်ရန်နှင့်ပြန်လည်ဝေဖန်ရန် – nyeinchanaye81@gmail.com)

မှတ်ချက် –  The Ladies News Journal တွင်လည်း ဖြန့်ချိခဲ့သည်။
@ http://www.theladiesnewsjournal.com/
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/482541265254181/?type=3


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts