ကဗျာ

အောင်ကျော်သွင် – လူမသိသူမသိ နက်ရှိုင်းနေတဲ့တောအုပ်

အောင်ကျော်သွင် – လူမသိသူမသိ နက်ရှိုင်းနေတဲ့တောအုပ်
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၅

မရဏလှိုင်ဂူကြားက နှင်းဆီဟာ မွှေးတမြမြ
အဟုန်နဲ့ ရိုက်ခတ်လာတဲ့လေပွေတွေ
ထုံ့ပိုင်း အုံ့မှိုင်းလို့ …
သေပြီးနောက် ဘဝမှာ
ချစ်ခဲ့သူနဲ့ မုန်းခဲ့သူကို မှတ်မိနိုင်ဦးမလား။

ဟုတ်တယ်
နှလုံးသားဆိုတာကြားခံပစ္စည်း
ဒဏ်ရာကသာလျှင် ဘဝကူးကောင်းမယ်
စစ်ပြေငြိမ်းလိုက်ပြီလား
အဆိပ်ခတ်ခံရလို့ပဲဖြစ်ဖြစ်
အတွင်းအားကျင့်စဉ်အောင်လို့ပဲဖြစ်ဖြစ်
ပါးစပ်ကနေ
သွေး တစ်ပွက် နှစ်ပွက်လောက် အန်ပြပါမှ
အရာထင်မယ်လေ။

လဘက်ရည်ဆိုင်ခုံပုမှာထိုင်လို့
ယဉ်ကျေးမှုအရ
တစ်ဖက်သား ခြေကြိုးခြေကြားကိုနင်းပြီး
လက်ပြနှုတ်ဆက်လို့
နောက်ကျောကိုကြည့်ကာ
မေးထိုးခေါင်းခါခံရမယ့်အဖြစ်နဲ့
လောကကိုမသိမ်းပိုက်နဲ့လေ…

မျက်စိမှိတ်ပြလို့
မျက်လုံးချင်းဆိုင်ကြည့်လို့
ရာဇဝင်ဟာ
ပြာကျမသွားနိုင်ဘူး။

ဒေါင်ဒေါင်မြည်အောင်
ခေတ်ကိုမေးတင်ကြည့်ပါ
အသားမာဖုလေးကို စမ်းစမ်းပြီး
အရင်ဘဝက ချစ်သူကိုရှာပါ
တောအုပ်ဟာ နက်ရှိုင်းလာလိမ့်မယ်။     ။

 အောင်ကျော်သွင်

illustration : Toni Demuro


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts