သာဂိ သရော်စာ ဝေဖန်ရေးရာ နိုင်ငံတကာရေးရာ

နိုင်ငံတကာသာဂိ – အမေရိကန်သမ္မတရွေးကောက်ပွဲအကြို နိုင်ငံရေး အခင်းအကျင်းများ

နိုင်ငံတကာသာဂိ – အမေရိကန်သမ္မတရွေးကောက်ပွဲအကြို နိုင်ငံရေး အခင်းအကျင်းများ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၅

မိုးမခအယ်ဒီတာမင်းတွေက ပြောတယ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲအကြို အခင်းအကျင်းတွေ ရေးပါဦးတဲ့။ မြန်မာပြည်က ရွေးကောက်ပွဲအတွက် မြန်မာပြည်သူတွေ ဗျာများနေကြချိန်မှာ တိုင်းတပါးက ရွေးကောက်ပွဲက ဘာ အရေးပါမှာလဲ ဗျာ။

သို့သော်လည်း ရွေးကောက်ပွဲပြီးသွားတာနဲ့ ပြီးသွားတာမှ မဟုတ်တာ တဲ့။ နောက်လာမယ့် ဇာတ်တွေ အခန်းဆက်တွေက အများကြီးဆိုတော့ သူများရွေးကောက်ပွဲအကြိုမြင်ကွင်းတွေ စိတ်ပြေလက်ပျောက် ဖတ်ကြရအောင် ရေးသာ ရေးပါ ဆိုတာနဲ့  ရေးရပါသဗျာ။

အမေရိကန်ပြည် နိုင်ငံရေးအခင်းအကျင်းဟာ မြန်မာပြည်က အတိုင်းပဲဗျ။ ဘာမှ မထူးပါဘူး။ ရှေးရိုးစွဲတွေနဲ့ ခေတ်သစ်မျှော်သူတွေရဲ့ တိုက်ပွဲပဲ။ လက်နက်ကိုင်သူတွေနဲ့ ဦးနှောက်မီးညှိချင်သူတွေရဲ့ တိုက်ပွဲပဲ။ အသားအရောင် လူတန်းစား မညီမျှသူတွေရဲ့ တိုက်ပွဲပဲ။ လူကြီးတွေနဲ့ လူငယ်တွေရဲ့ တိုက်ပွဲပဲ။ သည်လိုပဲ ကောက်ချက်ဆွဲရမယ်။

သမ္မတက ခေတ်သစ်မျှော်၊ လွှတ်တော်က ရှေးရိုးစွဲ။ ပွတ်တိုက်မှုတွေ အကြီးအကျယ်ဖြစ်ပြီး ကိုယ့်ဆွဲချ သူ့ဆွဲချနဲ့ တိုင်းပြည်ဟာ ဘယ်ကိုမှ တိုးတက်မလာနိုင်ဘူး။ အငြင်းအခုန်တွေနဲ့ ပြီးနေတာ အမေရိကန်မှာပါဗျာ။ မြန်မာပြည်မဟုတ်ပါဘူး။ တပ်က ကြားမနေဘဲ ၀င်အာဏာသိမ်းလိုက်လို့ကတော့ အမေရိကန်လည်း မြန်မာပြည်လို ဖွတ်ဇာတ်ခင်းသွားဖို့သာ ရှိတာပေါ့။ သို့သော် တပ်က ကြားနေသော်လည်း သေနတ်ခါးကြားထိုးထားတဲ့ အစွန်းရောက်အမေရိကန်တွေက အချင်းချင်း ပစ်သတ်နေကြတာနဲ့ ပြည်သူတွေဟာ မြေစာပင်ဖြစ်ပြီး အမေရိကန်မှာ အပြစ်မဲ့လူတွေပဲ သေပွဲဝင်နေရရှာတယ်။

သမ္မတ (အစိုးရ) နဲ့ လွှတ်တော်တို့ ပွတ်ကြတာ မီးတောင် ထတောက်မတတ်ဖြစ်နေတာ အမေရိကန်ပါ။ ဒါနဲ့ လွှတ်တော်က စပီကာ (ပြောခွင့်ရ လူများစုပါတီ ခေါင်းဆောင်) ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီအမတ်ချုပ်ကြီး ‘ဘိုနာ’ လည်း ဦးနှောက်တွေစားပြီး (ကိုယ့်ပါတီအမတ်တွေကိုလည်း မနိုင်၊ အစိုးရနဲ့လည်း ညှိမရ) လွှတ်တော် စပီကာရာထူးကကော လွှတ်တော်အမတ် အဖြစ်ကကော နှုတ်ထွက်ပါတော့မယ်ဆိုပြီး ဆလံတိုက်သွားလေရဲ့ဗျာ။ မြန်မာပြည်ကကော ဘာထူးလဲဗျာ … စစ်တပ်ရယ် အစိုးရရယ် လွှတ်တော်ရယ် ရွေးကောက်ပွဲနား နီးလို့ ‘ပွတ်’ လိုက်ကြတာ ဟို ရွှေမန်းဆိုတဲ့ စပီကာလည်း ပါတီဥက္ကဌကနေ ပြုတ်ကရော မဟုတ်လား။ သူ့ကို ညှိလို့မရတာနဲ့ ပါတီနဲ့ စစ်တပ်က အရေးယူလိုက်တာဆိုလား။ မြန်မာလွှတ်တော်စပီကာကတော့ လွှတ်တော်ကနေ မပြုတ်ဘဲ ပါတီက ပြုတ်သွားတာပါ။ ဒါလေးတော့ ကွဲသား။

အခု အမေရိကန်မှာ သမ္မတဖြစ်ချင်သူ ရှေးရိုးစွဲ ကြံ့ဖွတ်ပါတီ အဲလေ ယောင်လို့ ရစ်ပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ၁၅ ယောက်တောင် ရှိသဗျာ။ အခု သူတို့ပါတီက သူတို့ကို သမ္မတအလောင်းအဖြစ် ရွေးဖို့အရေး ကြိုတင်မဲဆွယ်နေကြတာ တပြည်လုံး ဟုန်းဟုန်းထနေပေါ့။ အဲသည်ထဲမှာ တစ်ပြေးနေသူက အိမ်ပွဲစား သူဌေးကြီး ဒေါ်နယ်ဒတ်၊ အဲလေ ဒေါ်နယ်ထရန့် ပါတဲ့။ မြန်မာပြည်မှာ တလောကခေတ်စားတဲ့ (မယ်ပွဲတွေ) မစ်ယူနီဗာ့စ်ပွဲတွေရဲ့ မူလလက်ရင်း ပိုင်ရှင်ကြီးပေါ့ဗျာ။ သူကတော့ မြန်မာပြည်က မဘသတို့ မျိုးချစ်တို့ မျိုးစောင့်တို့လို ကြွေးကြော်သံနဲ့ မဲဆွယ်စည်းရုံးနေတာ အကြီးအကျယ် အောင်မြင်နေတာပါ့ ခင်ဗျာ။

သူက ဘာပြောသလဲဆိုတော့ … တောင်ဘက်စည်းရိုးကို အရိုးတွေထိုးပြီး ကာရမတဲ့။ အမေရိကန်တောင်ဘက်မှာ မက္ကဆီကိုပြည် ရှိသမို့လား။ အဲသည်က ရိုဟင်ဂျာတွေ (အဲလေယောင်လို့) အဲသည်က တရားမ၀င်လူသားတွေ ခိုးဝင်နေလို့ တိုင်းပြည် ဆင်းရဲသတဲ့။ အစိုးရကို အခွန်တိုးပြီး ဆောင်စရာ မလို။ လူအို လူနာ လူပိုတွေကို ပြုစုစောင့်ရှောက်နေစရာ မလို။ တိုင်းပြည်ကို ဖျက်နေတာ မူဆလင်တွေ ဘာသာခြားတွေ ဆိုသတဲ့။ ခေတ်သစ်မျှော်သူတွေဟာ အမေရိကန်ရဲ့ တန်ဖိုး မဘသ (အဲလေ) အမျိုး ဘာသာ သာသနာကို ဖျက်ဆီးနေတာမို့ သူတို့ပြိုင်ဖက် အိုဘားမားတို့ ကလင်တန်တို့ ဒီမိုကရက်တို့ကို အာဏာရသွားစေလို့ မဖြစ်ဘူး ဆိုသတဲ့ဗျာ။ ဟာ ရုတ်တရက် သူ့စကားကြားလိုက်ရတော့ မြန်မာပြည်က မဘသတွေ၊ ဦးဝီရသူတွေ၊ ဦးသိန်းစိန်တို့ ရွှေမန်းတို့ အမျိုးတွေ ရီပတ်ဘလစ်ကန်တွေ ဖြစ်ပြီး အမေရိကန်ကို ရုပ်ဖျက်ထိုးဖောက်လာပြီလားတောင် ထင်မိသဗျာ။ ဆင်တူလွန်းလို့ပါဗျာ။ မြန်မာပြည်က ကြံ့ဖွတ်တွေနဲ့ အကွက်ချင်း တူလွန်းလို့။

လက်ရှိသမ္မတ အိုဘားမားအစိုးရတို့ သမ္မတလောင်းဖြစ်ချင်တဲ့ ဟယ်လရီကလင်တန်တို့ စတဲ့ ဒီမိုကရက်တွေကတော့ ဒေါ်စု တို့ ဦးဝင်းထိန်တို့ အင်န်အယ်ဒီတို့လိုမျိုး –  အကြမ်းမဖက်ဘဲ ဖြေရှင်းဖို့၊ လက်နက်ကိုင်ပြီး မနှိမ်နင်း၊ ငြိမ်းချမ်းရေးနည်းနဲ့ အပေးအယူ ညှိနှိုင်းဆွေးနွေး ဦးနှောက်တွေ မီးညှိ အလင်းဆောင်လို့ အခက်အခဲတွေ ဖြေရှင်းစို့လို့ ဆိုနေကြတာပါဗျာ။ မက္ကဆီကန်က ခိုးဝင်တွေနဲ့ တရားမ၀င်နေထိုင်သူတွေကို ဥပဒေအခွင့်အရေး ပေးဖို့။ အမေရိကန်တလွှားမှာ တဆိတ်ရှိ သေနတ်ပစ် အကြမ်းဖက်နေတာတွေကို ကာကွယ်ထိန်းသိမ်းဖို့၊ ကုစားပေးနိုင်ဖို့။ အလုပ်သမား လယ်သမား ကျောင်းသား ပြည်သူ လုပ်ခ လစာ အခွင့်အရေးတွေ တန်းတူညီမျှ ရကြဖို့။ အသားအရောင် ဘာသာ လူတန်းစား မခွဲခြားဖို့ စတာတွေကို ရှေ့တန်းတင်ပြီး ဆောင်ရွက်ကြ၊ မဲဆွယ်ကြလုပ်နေကြတာ ဖြစ်ပါတယ်။ အခွန်အခတွေနဲ့ လူအို လူနာ လူပိုတွေကို လူမှုဖူလုံရေးပေးကြဖို့၊ ပညာရေးတွေ လူမှုရေးတွေ နည်းပညာတွေ အဆင့်မြင့်ကြဖို့ လှုံ့ဆော်စည်းရုံးနေကြတာပါ။

အဲသတော့ ၂၀၁၆ မှာ အမေရိကန်သမ္မတဖြစ်ချင်တဲ့ ဒီမိုကရက်ပါတီက သမ္မတလောင်း ဘယ်နှစ်ဦးများ ရှိပါလိမ့်လို့ ကြည့်လိုက်တော့ ၅ ဦးမျှသာ ရှိပါသဗျာ။ သူတို့တွေက နှုတ်ကြမ်း လူကြမ်း လက်သရမ်းတဲ့ ကြံ့ဖွတ်ပါတီ အဲလေ ယောင်လို့ ရီပတ်ဘလစ်ကန်ပါတီက ဒေါ်နယ်ထရန့်လို သမ္မတလောင်းတွေ မဟုတ်ပါဘူးခင်ဗျာ။ ဟီလရီကလန်တန် … တဲ့။ သမ္မတကတော်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ အထက်လွှတ်တော်အမတ်ဟောင်း စတဲ့ အတွေ့အကြုံရှိသူပါ။ ဘာနီဆန်းဒါး … တဲ့။ အထက်လွှတ်တော်အမတ်၊ ယခင်က သမဂ္ဂတို့ ဘာတို့ တက်ကြွလှုပ်ရှားသူ။ ဂျင်ဝက် … တဲ့ ။ လွှတ်တော်အမတ်ဟောင်း၊ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ခဲ့ဖူးသူ။ စတဲ့ နိုင်ငံရေးသမ္မာ ရှိသူတွေ က ဒီမိုကရက်ပါတီကနေ သမ္မတလောင်းအဖြစ် အရွေးခံချင်ကြတာပါ။

ကဲ သည်တော့ သူတို့တတွေ အမေရိကန်ပြည်အနှံ့ လှည့်လည်ပြီး မဲဆွယ်စည်းရုံးကြတဲ့အခါမှာ ခုနင်က ပြိုင်ဘက်ပါတီလို ပြည်သူတွေကို စော်ကား၊ အများတွေကို သရော်၊ အခြားသမ္မတလောင်းတွေကို အပုတ်ချတဲ့ ညစ်ထေးသော နိုင်ငံရေးမဲဆွယ်မှုတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြတာကို တွေ့ကြရပါတယ်။ သည်လိုရေးနေတော့ သာဂိတယောက် ဘက် အတော်လိုက်တာကလား လို့ ထင်မှာပဲ။ မတတ်နိုင်ဘူးဗျာ။ စစ်တပ်နဲ့ ကြံ့ဖွတ်က ညစ်လို့ ရှုံးကာမှသာ ရှုံးလေရော့ ကျုပ်က အင်န်အယ်ဒီနဲ့ ဦးဝင်းထိန် အဲလေ ယောင်လို့ ဒေါ်စုကလွဲလို့ တပြားမှ မလျော့ဘူးလို့ ဆိုရမှာပဲဗျာ။

တိုင်းပြည်တိုးတက်ဖို့ဆိုတာ အရပ်တကာလှည့်ပြီး အတင်း လည်တုတ်နေလို့မှ ရတာမဟုတ်တာ ပရိသတ်ကြီးရယ်။ အတင်းအဖျင်းတွေ ဖတ်ချင်ရင် မောင်ရစ်ရဲ့ ဖေ့စ်ဘွတ်အကောင့်သွားဖတ်တော့ မှာပေါ့။ (အို ကန်တော့ ကန်တော့။ စတာ ဘာ၊ စတာ ဘာ)။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ ပြည်သူကို အကျိုးရှိတဲ့စကား၊ ပညာရတဲ့စကား၊ လိုအပ်တဲ့ စကားတွေ ပြောကြမှ ဖြစ်မှာကိုးလေ။ ဟိုလူ ဒီကိစ္စက ဘယ်သို့ ဘယ်ချမ်းသာနဲ့ အတင်းအဖျင်း အပုတ်ချစကားတွေ မိန့်ခွန်းလုပ်ပြောပြီး ဒန်ပေါက်ထုတ်ဝေနေလို့ ဖြစ်တာမှ မဟုတ်တာ။

အမေရိကန်မှာလည်း ရီပတ်ဘလစ်ကန်တွေက သမ္မတလောင်းဖြစ်ချင်သူတွေဟာ ကြံ့ဖွတ်ပါတီက ဌေးဦးတို့လို့ ဗလွှတ်ရွှတ်တတ်တွေ ပြောနေတာနဲ့ အချိန်ကုန်နေချိန်မှာ (ကျနော်က ဗာစကိုးဒဂါးမား ၀င်စားတဲ့ လူပါလို့ မဲဆွယ်မှာ ပြောတယ်ဆိုလား ကြားတာပဲ)။ ဒီမိုကရက်တွေ ဘာပြောသလဲဆိုတော့ … Climate Change ဥတုရာသီ ပြောင်းလဲနေတာကို သတိပေးပါတယ်။ Tax Reform အခွန်အခ ကောက်တဲ့စနစ်ကို ပြုပြင်ဖို့အရေး ပြောပါတယ်။ အခွန် မပေး ဆန့်ကျင်ရေးချည်း ပြောနေတာ မဟုတ်ပါ။ Income inequality – ၀င်ငွေ မမျှတမှုတွေကို ထောက်ပြပါတယ်။ Campaign Finance Reform မဲဆွယ်မှု ငွေကြေးထောက်ပံ့မှု ပြင်ဆင်ရေးကို ပြောပါတယ်။

ဒီမှာ ကြားဖြတ်လို့ Campaign Finance Reform ကို ၀င်ပြောလိုက်ဦးမယ်။ ရီပတ်ဘလစ်ကန် ရှေးရိုးစွဲပါတီကြီး နောက်ကွယ်မှာ ငွေကြေးရှင်ကြီးတွေ၊ ငွေကို ရေလိုသုံးပြီး နိုင်ငံရေး ကစားသူ အရင်းရှင်ကြီးတွေ၊ ကုန်သည်ကြီးတွေ အများအပြားရှိပါတယ်။ သူတို့တွေက သူတို့အကျိုးအတွက် ငွေကို လေလိုသုံးပြီး (အခုက ရေရှားနေတော့ ရေချွေတာရတယ်လေ၊ လေပဲ ပေါတော့တာကိုး)။ နိုင်ငံရေးကို စွက်ဖက်တာကြောင့် အမေရိကန်နိုင်ငံရေးဟာ လူထုနိုင်ငံရေးမဟုတ်ဘဲ လူတစု နိုင်ငံရေး ဖြစ်နေတာကိုး။ လူထုတွေက နိုင်ငံရေးကို စိတ်ပျက်ပြီး မဲ မပေးကြလေလေ၊ သူတို့တွေပဲ အချင်းချင်းမဲပေးပြီး နိုင်ငံရေး လုပ်စားကြလေလေ ဖြစ်နေပါတယ်။ ဒါကြောင့် ခုနင်က မဲဆွယ်မှု ငွေကြေးထောက်ပံ့ပုံ ဥပဒေကို ပြင်ဆင်မှသာလျင် လူတစုအသံကို ကျော်လွန်ပြီး လူထုအသံက အောင်မြင်မှာ ဖြစ်ပါတယ် ခင်ဗျ။ မြန်မာပြည်မှလည်း ခရိုနီတွေ၊ စစ်အုပ်စုတွေ၊ ကြံ့ဖွတ်အလိုတော်ရိတွေကြောင့် လူထုဒီမိုကရေစီမဖြစ်တော့ဘဲ လူတစုဒီမိုကရေစီ ဖြစ်နေတာကို ကာကွယ်တွန်းလှန်ကြဖို့ အချိန်ကျပြီ မဟုတ်လား။ (တို့အရေး တို့အရေး … အဲလေ ဟုတ်ပေါင်)။

ဒီမိုကရက်တွေရဲ့ မဲဆွယ်တဲ့ နေရာမှာ ပြောဆိုဆွေးနွေးတဲ့ အချက်တွေက ကီးဝဒ် ထုတ်ပြရမယ်ဆိုရင် ကျန်နေသေးတဲ့အချက်တွေက စိတ်ဝင်စားစရာပါ။ မြန်မာပြည်ကြီးအတွက်လည်း လိုအပ်နေတဲ့ အချက်၊ ကမ္ဘာကြီးအတွက်လည်း မျက်ခြေမပြတ်ရမယ့် အချက်တွေပါ။

ခုနင်က ပြောတဲ့ Climate Change, Tax Reform, Income Inequality, Campaign Fiance Reform တွေအပြင် – Domestic Surveillance (ပြည်တွင်းမှာ အစိုးရ၏ စောင့်ကြည့်မှုများ)။ Wall Street Reform (စီးပွားရေးငွေကြေးစနစ်များ ပြုပြင်ရန်)။ College Affordability (လူတိုင်း ကောလိပ်တက်နိုင်ရေး)။ Diplomacy (စစ်ရေးထက် နိုင်ငံရေးဦးစားပေးဖို့) , Paid Family Leave (မီးဖွားပြီးနောက် မိဘများ အလုပ်ခွင့် ခံစားနိုင်ဖို့) , Health Care (ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရန်) , Minimum Wage (အနည်းဆုံးလုပ်ခငွေ တိုးနိုင်ရန်) တွေအကြောင်းကို ဒီမိုကရက်တွေက ပြည်သူတွေ အရေးစိုက်ကြဖို့ နှိုးဆော်ပါတယ်။ (ကွာတယ်နော် … လမ်းခင်းပေးမယ်၊ ကပ်သုံးပါးကျော်မယ့် ထမင်းကျွေးမယ်၊ ရိုဟင်ဂျာတွေ အလိုမရှိ၊ ပါးရိုက်လိုက်ရလို့၊ နွားနို့သာ သောက်။ ဗိုက်လှန်ပြလိုက်ရမလား၊ ကျနော်က မာန်နတ် ၀င်စားသူပါ လို့ ပြောပြီး မဲဆွယ်တဲ့ ရီပတ်ဘလစ်ကန်တွေ (အဲလေ) ကြံ့ဖွတ်တွေနဲ့ ကွာပါ့)။

အင်း တော်လောက်ပါပြီ။ အော် စကားမစပ်။ အခု အမေရိကန်လွှတ်တော်မှာ စကားဦးက ဖော်ပြခဲ့တဲ့ ပြည်သူ့လွှတ်တော် အမတ်ချုပ်ကြီး သူရရွှေမန်း (အဲလေ ယောင်လို့) အမေရိကန်လွှတ်တော် စပီကာ ‘ဘိုနာ’ က ပွတ်တာတွေ စိတ်ကုန်လို့ လကုန်ကို နို့တစ်စာပေးပြီးသာ ထွက်သွားတယ် … အမေရိကန်အောက်လွှတ်တော်မှာ သူ့ကို လူစားထိုးဖို့ စပီကာခေါင်းဆောင်ကို ရီပတ်ဘလစ်ကန်ပါတီအမတ်တွေကြားထဲမှာ ခုထိကို မရှာနိုင်သေးဘူးတဲ့ဗျာ။ သူ့နောက်က လက်ထောက်ကိုလည်း မျိုးချစ် မစစ်လို့ဆိုလား၊ မျိုးမစောင့်လို့ ဆိုလား အချင်းချင်း ကန့်ကွက်ကြတယ်။ ရီပတ်ဘလစ်ကန်အမတ်တွေ ကြားထဲက အစွန်းရောက်တဲ့ မျိုးချစ် အမတ် ၄၀ လောက်က တင်းမာနေလို့ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းသင်းပြီး နိုင်ငံရေးစွမ်းဆောင်နိုင်တဲ့ အမတ်ခေါင်းဆောင်ကို ခုထိ မရွေးနိုင်သေးဘူးတဲ့ခင်ဗျ။ အမေရိကန်က လွှတ်တော်အလွမ်းဇာတ်ပြောပါတယ်။ သူတို့က စစ်တပ်နဲ့ ညတွင်းချင်း ကားနဲ့ဝိုင်းပြီး ဖိအားပေးလို့မရ မရတာကိုးနော်။

သည်တော့ မြန်မာပြည်ကြီးကလည်း ရှေ့လမှာ ပြီးတော့မယ့် ရွေးကောက်ပွဲနောက်မှာ လွှတ်တော်အသစ်ကြီး ပေါ်ပေါက်လာရေး၊ လွှတ်တော်မှသည် ဒုသမ္မတများ ပေါ်ထွန်းရေး၊ ဒုသမ္မတများမှသည် သမ္မတဆီသို့၊ သမ္မတမှသည် အစိုးရအဖွဲ့အသစ်တရပ်ဆီသို့ သွားကြရမယ့် တောကြီးမျက်မည်း နေပြည်တော်သွား လမ်းမကြီး ဘယ်လို ဇာတ်ခင်းမလဲဆိုတာ အမေရိကန်နိုင်ငံရေးအခင်းအကျင်းနဲ့ ယှဉ်ပြီး စိတ်ကူးယဉ်ကြည့်ကြတာပေါ့ဗျာ။

(ကဲ တော်သေးပြီ။ စာမူခ ပို့လိုက်ရင် နောက်တပုဒ် ရေးမယ်။ )

သင့် – သာဂိ

(Photo credit – http://mashable.com/2015/07/19/google-autocomplete-politics/#UZ7PkOUOz5q7 )

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts