ရသဆောင်းပါးစုံ

စံလှကြီး – ညစ်နည်းမျိုးစုံ သုံးမှာစိုးလို့မဲမပေးတော့ဘူး ဆိုပါလားဟေ့

စံလှကြီး – ညစ်နည်းမျိုးစုံ သုံးမှာစိုးလို့မဲမပေးတော့ဘူး ဆိုပါလားဟေ့
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅

“ကျွန်တော် လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးတော့ဘူးလို့စဉ်းစားထားတယ်ဗျာ”

“ဟာ ဘာဖြစ်လို့လဲ မလုပ်ပါနဲ့ဗျာ နှမြောစရာကြီး မဲပေးတယ်ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ရပိုင်ခွင့်ဗျ။ အဲဒါ ကို အလကား အဆုံးရှုံးခံတော့မှာလား”

“နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး ဆိုတာတော့ဟုတ်တာပေါ့ဗျာ။ ဒါပေမယ့်ဖြစ်နေတာက ကျွန်တော် ဟိုအဖွဲ့ ဒီအဖွဲ့တွေ ဟိုလူ ဒီလူတွေကို မယုံဘူးဗျ။ ကျွန်တော့်စိတ်ထင် မဲပေးလည်း သူတို့က ညစ်မှာပဲလို့ထင်တယ်။ သူတို့အဲဒီလို ညစ်မယ်လို့သံသယ ဝင်စရာတွေလည်း ရှိတယ်။ အဲဒီတော့ကျွန်တော် မဲပေးလည်း ကိုယ်ကြိုက်တဲ့အစိုးရအဖွဲ့ ဖြစ်လာဖို့ မသေချာတဲ့အတူတူ မဲမပေးတော့ဘူးလို့စဉ်းစားထားတယ်။ ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တောင် အကောင်အထည် မပေါ်ခဲ့ဘူးလေဗျာ”

“အဲဒီတော့ခင်ဗျား စိတ်ကူးက မဲပေးလည်း ဟိုကော်မရှင် ဒီကော်မရှင်က ညစ်နိုင်တယ်ဆိုပြီး မဲမထည့်တော့ဘူး။ အရှုံးပေး တော့မယ်ဆိုပါတော့”

“အင်း ကျွန်တော်တော့အဲဒီလိုပဲ စဉ်းစားထားတယ်။ ခင်ဗျားရော ဘယ်လိုလဲ”

“ကျွန်တော်ကတော့ကိုယ် ကြိုက်တဲ့ပါတီကို မဲပေးဖြစ်အောင် ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ လိုအပ်တာတွေလည်း အား လုံး စဉ်းစားထားတယ်။ မဲစာရင်းလည်း စစ်ပြီးပြီ။ ကျွန်တော့်နာမည် ပါတယ်။ နောက်ပြီး မဲပေးပုံ အညွှန်းစာရွက်တွေလည်း ဖတ်ထားတယ်။ ကိုယ်မဲပေးမည့်ပါတီရဲ့ အမှတ်တံဆိပ်ကိုလည်း တခြား ဆင်တူယိုးမှားတွေနဲ့မရောအောင် သေချာ ကြည့် ထားပြီးပြီ။ လိုအပ်ရင် တံဆိပ်တုံး ရိုက်တာပါ လေ့ကျင့်မယ်။ သူများတွေကိုလည်း မဲပေးဖြစ်အောင် တိုက်တွန်းမယ်”

“ခင်ဗျားပဲ အရင်တုန်းက ပြောတော့အဲဒီလူတွေကို သိပ်မယုံဘူးဆို။ အခုတော့သူတို့ကို ယုံသွားပြီလား”

“အင်း ဒါက ယုံတာ မယုံတာ နဲ့မဆိုင်ဘူးဗျ။ ကိုယ်လုပ်သင့်တယ်လို့ယုံကြည်တဲ့အရာကို လုပ်တာ။ စိတ်မဆိုးနဲ့နော်။ ခင်ဗျား အဖြစ်က ဘာနဲ့တူသလဲဆိုတော့ မဟာဇနကဇာတ်တော်မှာ ပါတဲ့သဘောင်္သား ၇၀၀ နဲ့တူနေတယ်ဗျ”

“ဟင် ဘယ်လိုတူတာလဲဗျ”

“ဒီလိုလေဗျာ ခင်ဗျားက ရွေးကောက်ပွဲမှာ မဲထည့်လည်း ၁၉၉၀ တုန်းကလို ဖြစ်လိမ့်မယ်လို့ထင်နေတယ်။ ဒီတော့မဲထည့် လည်း မထူးတဲ့အတူတူ မဲသွားမထည့်တော့ပါဘူး။ အရှုံးပေးလိုက်ပါတော့မယ်ပေါ့။ မဟာဇနက ဇာတ်တော်မှာလည်း သမုဒ္ဒရာအလယ်မှာ သဘောင်္ပျက်တော့သဘောင်္သား ၇၀၀ လုံးဟာ လွတ်လမ်းကို မစဉ်းစားကြတော့ဘူးဗျ။ လွတ်မယ်လို့ လည်း မယုံဘူးလေ။ သူတို့ဘက်က ကြည့်တော့လည်း သမုဒ္ဒရာဆိုတော့ ရွေးကောက်ပွဲထက်တောင် ခက်နေသေးတာကိုး။ အဲဒီတော့သူတို့က တို့ကျမှ ဖြစ်ရလေခြင်းဆိုပြီး ပူဆွေး ငိုကြွေးတယ်။ တချို့ကျတော့လည်း ပင်လယ်စောင့်နတ်တွေကို ကယ်ပါ ယူပါဆိုပြီး အော်တယ်။ သူတို့ကြိုးစားရမယ့်အလုပ်ကျတော့အရှုံးပေး လက်လျှော့ထားလိုက်တယ်”

“အဲဒီတော့ သူတို့ဘာဖြစ်သွားလဲ”

“ဘာဖြစ်ရမှာလဲ။ ရေနစ်ပြီး သေတဲ့လူနဲ့ငါးမန်းတို့ဘာတို့ရေသတ္တဝါတွေ ကိုက်လို့သေတဲ့လူနဲ့အကုန်လုံး သေကုန်တာပေါ့။ သူတို့ငိုနေလည်း သဘောင်္က မုန်တိုင်းကြောင့်ပျက်တော့မှာပဲလေ။ အလောင်းတော် မဟာဇနက မင်းသားတစ်ယောက်ပဲ လွတ်တယ်။ သူက သဘောင်္ပျက်တော့မယ်ဆိုတာ သိတာနဲ့သူ လုပ်သင့်တဲ့အရာတွေ အကုန်လုံး ကြိုတင်ပြင်ဆင် ထား တယ်။ သူ့ကိုယ်သူ အစားဝအောင် စားထားတယ်။ လှိုင်းပုတ်တဲ့ဒဏ်ကို ခံနိုင်အောင် ပုဆိုးနှစ်ထည်ကို ဆီစွတ်ပြီး သူ့ ကိုယ်မှာ မြဲအောင်ဝတ်ထားလိုက်တယ်။ နောက်ပြီး သဘောင်္ရဲ့ ရွက်တိုင်ထိပ် အမြင့်ဆုံးနေရာကိုတက်ပြီး အားကုန် ဒိုက် ဗင်ထိုးချတယ်။ အဲဒါမှ ခုန ငိုနေတဲ့လူတွေကို စားဖို့လာတဲ့ရေသတ္တဝါတွေကို ကျော်ပြီး အဝေးကြီးကို ရောက်သွားမှာကိုး။ ပြီး တော့ ခင်ဗျားကြားဖူးတဲ့အတိုင်း ကူးနေတုန်း မဏိမေခလာ နတ်သမီး လာကယ်လို့ သေဘေးကလွတ်တဲ့အပြင် ဘုရင်ပါ ဖြစ်သွားသေးတယ်။ မကြိုးစားတဲ့လူတွေကိုတော့ မဏိမေခလာနတ်သမီးလည်း မကယ်နိုင်ဘူးဗျ။ သူက ကြိုးစားတဲ့လူ တွေကိုပဲ ကယ်နိုင်တာတဲ့”

ဤသည်မှာ ကျွန်တော်နှင့်လုပ်ငန်းခွင်မှ မိတ်ဆွေတစ်ဦး ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြောမိကြခြင်းဖြစ်ပါသည်။ ဗုဒ္ဓမြတ် ရှင်သည် လုံ့လ ဝီရိယ၏ အစွမ်းကို ထင်ရှားစေလို၍ ထိုဇာတ်တော်ကို ဟောခဲ့သည်။ ထိုဇာတ်တော်တွင် သဘောင်္သား ၇၀၀ တို့မှာ သဘောင်္ပျက်သောအခါ ကူးလည်း သေမှာပါပဲဆိုပြီး ငိုရင်း အသေခံသွားကြသည်။ မဟာဇနက မင်းသားသာ ကြိုးစား ရင်းနဲ့သေရတာက ငုတ်တုတ်ထိုင် လက်မှိုင်ချနေရတာထက် မြတ်သည်ဆိုပြီး ကူးရာမှ မသေသည့်အပြင် ဘုရင်ပါ ဖြစ်ခဲ့သေး သည်။ ထိုဇာတ်တော်ကြောင့်ပင် မြန်မာစကားတွင် “ယောကျာ်းတို့လုံ့လ သေခါမှ လျှော့မည်” ဟူ၍ စကားပုံ ရှိခဲ့ရသည်။ တကယ်တော့ယောကျာ်း မိန်းမမဟူ လူမှန်သမျှ ထိုစိတ်ထားရှိအပ်သည်။ ကျွန်တော်တို့ရော ထိုစကားပုံကို မည်မျှ လိုက်နာ ကြပါသလဲ။

သိသော်လည်း ကျွန်တော်တို့လိုက်နာရန် ခက်နေခဲ့သည်ဟု ထင်ပါသည်။ ၂၀၀၈ အခြေခံ ဥပဒေကို အတည်ပြုစဉ်က ကျွန်တော်နှင့်နီးစပ်သူ မိတ်ဆွေများကို မကြိုက်ပါက ကန့်ကွက်မဲပေးရန် စည်းရုံးဖူးသည်။ သူတို့ကိုယ်တိုင်လည်း မကြိုက်ပါ။ ဒါပေမယ့်သူတို့အတွေးက ကိုယ်ကန့်ကွက်လည်း ညစ်မယ့်လူက ထောက်ခံမဲ လုပ်မှာပါပဲ ဟူသော စိတ်ဖြင့်အလိုက်တသိ ထောက်ခံမဲ ထည့်ကြရှာသည်။ ထိုသို့သောလူများ တစ်နိုင်ငံလုံးတွင် မည်မျှအရေအတွက်များသလဲ မသိပါ။ အမှန်တော့ မဖြစ်သင့်ပါ။ ပင်လယ်ထဲတွင် သဘောင်္ပျက်သောအခါ ကူးလည်း မလွတ်ပါဘူးဟူသော စိတ်ဖြင့်အသေခံသူတွေ၏ စိတ်မျိုး ဖြစ်သည်။

အခုလည်း ကျွန်တော့်မိတ်ဆွေမှာ ရွေးကောက်ပွဲတွင် မဲထည့်ဖို့အရေး ဟိုဟိုဒီဒီ တွေးကာ စိုးရိမ်ရှာသည်။ မဲထည့်သည့် တိုင်အောင် သူနှစ်သက်သော အဖွဲ့အစည်း နိုင်မှ နိုင်ပါ့မလား။ ကိုယ်မဲထည့်လည်း တစ်ယောက်ယောက်ကများ ညစ်လေ မလား။ အဲဒီလို ညစ်မယ်ဆိုရင်တော့ မဲသွားထည့်လည်း အပိုပါပဲ။ အိမ်မှာနေပြီး “ပြိုင်လာလျှင် အရှုံးပေး နှလုံးအေးတဲ့ဆေး” ဆိုပြီး လုပ်ရန် ကြံသည်။ အမှန်တော့သူ့ အဖြစ်က မဟာဇနက ဇာတ်တော်မှ သဘောင်္သား ၇၀၀ ထက်တောင် ဆိုးနေသေး သည်။ ဟိုလူတွေက သမုဒ္ဒရာထဲကူးဖို့ဆိုတော့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ထက်တော့ ခက်မည်ထင်ပါသည်။ နောင် ဘာဖြစ် လာမလဲဆိုတဲ့ အကျိုးရလဒ်ကိုမျှော်ကိုးပြီး စိုးရိမ်အားလျော့နေခြင်းထက် လက်ရှိအချိန်တွင် အလုပ်သင့်ဆုံးအလုပ်ကို လုပ်ရမည်သာ ဖြစ်သည်။

လက်ရှိ လူ့လောကတွင်လည်း ဒီလို ဇွဲရှိသူတွေသာ ထိပ်တန်း ရောက်ကြခြင်း ဖြစ်သည်။ ကျွန်တော်တို့မြန်မာနိုင်ငံ၏ အနီးဆုံး သမိုင်းကို ကြည့်မည် ဆိုလျှင်ပင် ဤအဖြစ်ကို တွေ့နိုင်သည်။ မြန်မာနိုင်ငံ ဗြိတိသျှ လက်အောက် ရောက်စဉ်က ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံက လွတ်လပ်ရေးအတွက် အားစမ်းကြလေသည်။ အနုနည်း အကြမ်းနည်း နည်းပေါင်းစုံ သုံးသည်။ သို့သော် အောင်မြင်မှုမရ။ ကြာလာတော့ထိုခေတ်က လူအတော်များများ၏ စိတ်တွင် ဤဘဒ္ဒ ကမ္ဘာကြီး ကုန်ဆုံး သည်အထိ အင်္ဂလိပ် မြန်မာပြည်မှ ပြန်မထွက်တော့ဟုပင် ထင်ခဲ့ကြသည်။ ဒါပေမယ့်အဲဒီလို မယုံကြည်တဲ့သခင်အောင်ဆန်း ကဲ့သို့သော လူငယ်များ ပေါ်ပေါက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောအခါ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တိုက်ရန် စဉ်းစားသောအခါ ကျန်ရဲဘော်များက သခင်အောင်ဆန်းကို ဝိုင်းမေးကြလေသည်။ ဤမျှ အင်အားကြီးသော ဗြိတိသျှ အင်ပါယာကြီးကို တိုက်ခိုက်ရန် လက်နက် ဘယ်လိုရမလဲ ဟူ၍ ဖြစ်သည်။ သူ၏ အဖြေမှာ “ဓားပြတိုက်တဲ့လူတွေတောင် လက်နက်ရအောင် ကြံနိုင်သေးရင် ကျုပ်တို့လို စနစ်တကျ စည်းရုံးမှုရှိတဲ့လူတွေအဖို့ ဘာဖြစ်လို့မရနိုင်ရမှာလဲ” ဟူ၍ ဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီးသည် ငယ်စဉ်ကပင် မလုပ်ရသေးပဲ ဖြစ်မှာ မဟုတ်ပါဘူးဟု လက်လျှော့စကား ပြောခြင်းကို မကြိုက်ခဲ့ပေ။ ကျွန်တော်တို့မြန်မာများ သူ့ကို လေးစားလျှင် သူ့စိတ်ဓာတ်ကို အတုယူသင့်ပါသည်။

တဖန် ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်တော့ဂျပန်က အမေရိကန်နဲ့စစ်မဖြစ်သေး။ စစ်အတွက် လိုအပ်သည်များကို ပြင်ဆင်နေသော်လည်း တစ်ဖက်က သံတမန် စားပွဲဝိုင်းပေါ်တွင် စကားပြောတုန်းပင် ရှိသေးသည်။ ဒီတော့ရဲဘော်တွေက စိုးရိမ်သည်။ အမေရိကန်နဲ့စေ့စပ်တာတွေ အဆင်ပြေသွားလို့စစ်တိုက်စရာ မလိုတော့ဘူးဆိုရင် တို့ကိုများ လက်စဖျောက်ပစ်လေမလားဆိုသော အတွေးဝင်သည်။ ဒီတော့ဗိုလ်ချုပ်အောင်ဆန်းက “ဟေ့သေလည်း ဗမာပီပီ ဇာတိမာန်နဲ့သေကြပါ။ ရန်သူကမိရင် လက်အားရင် လက်နဲ့ထိုး ခြေအားရင် ခြေနဲ့ကန် နောက်ဆုံး ပါစပ်အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ သေပြလိုက်ကြပါ” လို့ပြောသည်။ ဒီလို စကားမျိုးကို တစ်ကြိမ်မက အကြိမ်ကြိမ် ပြောခဲ့သည်ဟု ဆိုသည်။ သေသည့်တိုင်အောင် လုပ်သင့်သည့်အလုပ်ကို အစွမ်းကုန် ကြိုးစားလုပ်ပြီးမှ အသေခံမည် ဆိုသော စိတ်ထားဖြစ်သည်။ လူသား၏ လုံ့လ ဝီရိယကို သေမှ လျှော့မည် ဆိုသည်ကို ပြခဲ့လေသည်။

တကယ်တော့ထိုစိတ်ထားကြောင့်ပင် ဗိုလ်ချုပ်သည် ကွယ်လွန်ချိန် အထိ သူရည်မှန်းထားသည်များကို အားလုံး လုပ်သွားနိုင် ခဲ့သည်။ သူလုပ်ခဲ့ရသည်က တကယ့်သည်းထိတ်ရင်ဖိုတွေချည်း ဖြစ်သည်။ ရုပ်ဖျက်ပြီး ဂျပန်ပြည်သွားရတာတွေ ဂျပန်ကို တော်လှန်ဖို့ဗြိတိသျှတွေနဲ့လျှို့ဝှက် ဆက်သွယ်ရတာတွေ အကုန်လုံး ခက်ပေ့ဆိုသော အလုပ်တွေ ဖြစ်သည်။ သို့သော် လက်မလျှော့တတ်သော သူ့ ဇွဲကြောင့်ပင် အောင်မြင်သည်ချည်း ဖြစ်သည်။ ပြိုင်လည်း ရှုံးမယ့်အတူတူ မပြိုင်ပဲ အရှုံးပေးပါ တော့မယ် ဆိုသူများ၊ မဲစာရင်း စစ်ရတာ ခက်လို့ညစ်မှာစိုးလို့မဲမပေးတော့ပါဘူး ဆိုသည့်မြန်မာများကို မြင်လျှင် ဗိုလ်ချုပ် အောင်ဆန်း စိတ်မကောင်းဖြစ်မည် ထင်ပါသည်။

အမှန်တော့ရွေးကောက်ပွဲ ကျင်းပဖြစ်မည် ဆိုလျှင် ညစ်မည့်လူ ရှိ/မရှိကို မည်သူမျှ အာမမခံနိုင်ပါ။ ရှိချင်လည်း ရှိနိုင်သည်။ သို့သော် ညစ်မယ့်လူကို ကြောက်လို့ကိုယ်လုပ်သင့်သော အလုပ်ကို မလုပ်ပဲ အရှုံးပေးမည် ဆိုသည်ကတော့ညံ့ဖျင်းမှု ဖြစ်ပါသည်။ ကိုယ့်ဖက်က လုပ်စရာ ရှိသော မဲစာရင်း စစ်ခြင်း၊ မဲပေးရန် အညွှန်းကို သေချာဖတ်ခြင်း၊ မသမာမှု ရှိလာလျှင် ကာကွယ်ရန် နည်းလမ်း စဉ်းစားထားခြင်း၊ ပတ်ဝန်းကျင်မှ လူများကိုလည်း ပညာပေးခြင်း၊ စောင့်ကြည့်အဖွဲ့များကို ဆက်သွယ်ထားခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။

ချုပ်၍ ဆိုရသော် လူသားတို့၏ လုံ့လ ဝီရိယကို မလျှော့ပဲ လုပ်သင့်သည့်အရာကို လုပ်ရမည်သာ ဖြစ်ကြောင်းကို မြန်မာအများ စု ကိုးကွယ်ကြသည့်ဗုဒ္ဓ ရှင်တော်မြတ်ကလည်း ဟောတော်မူခဲ့ပါပြီ။ ကိုယ်တိုင်လည်း နုစဉ် ဘဝကတည်းက ကျင့်သုံးပြခဲ့ပါပြီ။ မြန်မာ နိုင်ငံသား အားလုံး လိုလိုကပင် ချစ်ခင်ကြည်ညိုကြသည့်အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ့ဘဝ တလျှောက်လုံး ဇွဲ လုံ့လ ဝီရိယကို အပြည့်အဝ ကျင့်သုံးပြခဲ့ပါပြီ။ ထို့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံသား အားလုံး ကလည်း ထို အာဇာနည် ယောကျာ်းကောင်းများ၏ နမူနာကို အားကျ အတုယူသင့်လှပါကြောင်း။

မှီငြမ်း
ပန်းရွှေပြည် ဇာတ်တော်ကြီး ဆယ်ဘွဲ့ပေါင်းချုပ်
ဗိုလ်ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း (တက္ကသိုလ်နေဝင်း)
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အတ္ထုပ္ပတ္တိ (ဗိုလ်မှူးချုပ်ကျော်ဇော)
(အောက်တိုဘာ ၁၂ ရက်နေ့၂၀၁၅ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၄) အမှတ် (၃၉) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “စံလှကြီး – ညစ်နည်းမျိုးစုံ သုံးမှာစိုးလို့မဲမပေးတော့ဘူး ဆိုပါလားဟေ့
  1. ဒီအစိုးရဆက်မရှိစေချင်ရင် သူတို့ကိုဆန့်ကျင်တဲ့အဖွဲ့ကိုမဲပေးရမှာဘဲ။ မပေးဘဲနေရင် ဘာမှမလုပ်ဘဲ ၂၅% ယူထားတဲ့အဖွဲ့ကို သွယ်ဝှိုက်အားပေးသလိုဖြစ်သွားလိမ့်မယ်။

    1. ကျွန်တော်ကတော့ မဲပေးဖို့ ဆိုတာထက် မဟာဇနက မင်းသားပြောတဲ့ စကားလေးကို သဘောကျမိတယ်။ လူတစ်ယောက်ချင်းရဲ့ ဘဝမှာရော နိုင်ငံတစ်ခုစီရဲ့ သမိုင်းမှာပါ အဲဒီအတိုင်း ကျင့်သုံးသင့်တယ်လို့ ထင်တယ်။ နတ်သမီးက သူ့ကို မင်းသား ဘာလို့ ကူးနေတာလဲ။ သင်ကူးလို့များ ဒီ သမုဒ္ဒရာက လွတ်မယ် ထင်နေသလားလို့ မေးတော့ လွတ်တာ မလွတ်တာကြောင့် ကူးနေတာ မဟုတ်ဘူး။ ယောကျာ်းကောင်းတို့ရဲ့ လုံ့လကို မလျှော့တဲ့ အနေနဲ့ ကူးနေတာလို့ ဖြေတာကို သဘောကျမိတယ်။ သူ့စကား အတိအကျကတော့ ပေါရာဏ စကားလုံးတွေပါ အန်ကယ်။ ကျွန်တော်က နားလည်သလို ပြန်ပြောတာပါ။

Comments are closed.