တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ရွှေ့ဆိုင်းမယ် မရွှေ့ဆိုင်းတော့ဘူးဆိုတဲ့ ညစ်ကွက်

တူမောင်ညို – ရွှေ့ဆိုင်းမယ် မရွှေ့ဆိုင်းတော့ဘူးဆိုတဲ့ ညစ်ကွက်
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅

“ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅) ဆိုတာဟာ ရွေး/ကော်ဥက္ကဋ္ဌ က “မင်းတို့ လက်တွေ ခုံပေါ်တင် –  ဖြန့်ပြစမ်း” ဆိုပြီး ကျောင်းဆရာကြီးအထာနဲ့ အတိုက်အခံပါတီတွေကို ကျောင်းသားလေး တွေသဖွယ် သဘောထားပြီး  သွေးတိုးစမ်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ထောင့်စေ့ကွက်စေ့ ညစ်ပတ်မှုတွေထဲက နောက်ထပ်အမျိုးအစား တစ်ခုသာ ဖြစ်ပါတယ်။ ဒီလိုညစ်ပတ်မှုတွေ တမျိုးပြီး၊ တမျိုး မရိုးရအောင်ဆက်ပြီး ပေါ်ပေါက်လာ နေဦးမှာပါ။

ဒါကြောင့်ရာနှုန်းပြည့်အနိုင်ရရေးတို့ – အနိုင်ရပါတီအာဏာလွှဲပြောင်းရေးတို့အထိ ခရောင်းလမ်းကို လျှောက်ကြရမှာပါ။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရတဲ့ ကြံ့ဖွံပါတီကို ဗိုလ်သန်းရွှေက အာဏာအမွေပေးသလို ရော့အင့်ဆိုပြီး ချောမောလိမ့်မယ် မဟုတ်ပါဘူး။

တကယ်တော့ “ရွေးကောက်ပွဲရွေ့ဆိုင်းမယ်”ဆိုတဲ့ကိစ္စဟာ (ဗိုလ်)ဦးတင်အေး စေတလုံးအာဏာပိုင်တဲ့ကိစ္စပါ။ ဘယ်သူ့ကိုမှ ညှိနှိုင်းနေစရာ၊ တိုင်ပင်နေစရာ မလိုပါဘူး။ အခုလည်း ခေါ်ယူညှိနှိုင်းတယ်လို့ မင်္ဂလာယူပြီးပြောနေပေမယ့်“ရွှေ့ဆိုင်းခြင်းမပြု/မူလသတ် မှတ်ရက်အတိုင်း ကျင်းပမယ်”လို့ ဆုံးဖြတ်တော့ (ရွေ့ဆိုင်းဖို့ တင်ပြကြတဲ့) နိုင်ငံရေး ပါတီတွေရဲ့သဘောထားကို ကော်မရှင်က အလေး ထားခဲ့လို့လား။

ကော်မရှင်အစည်းအဝေး (၂/၂၀၁၅) မှာ နိုင်ငံရေးပါတီ (၇) ပါတီအနက် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ရွှေ့ ဆိုင်းခြင်းမပြုဖို့ ကန့်ကွက်တာ(NLD)ပါတီ တစ်ခုထဲဖြစ်ပါတယ်။ ကျန်တဲ့ (တစည)၊ (ကြံ့ဖွံ့)၊ (NDF)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီနဲ့ ရခိုင်အမျိုးသားပါတီတွေက ရွေးကောက်ပွဲနေ့ရက်ရွေ့ဆိုင်းတာကို ထောက်ခံကြသူတွေနဲ့ ကော်မရှင် ရဲ့အဆုံးအဖြတ်ကို နာခံမယ်ဆိုတဲ့ ကော်မရှင်ရဲ့ကြံဖော်ကြံဖက်ပါတီတွေဖြစ်ပါတယ်။

ဒီလိုဆိုတော့ လွယ်လွယ်ကြည့်လိုက်ရင် “သဘာဝဘေးအန္တရာယ်ကျရောက် – နယ်မြေအေးချမ်းမှုမရှိ” ဆိုတဲ့အကြောင်းပြ ချက်နဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ထောက်ခံတင်ပြတဲ့ပါတီတွေရဲ့သဘောထားကို ကော်မရှင်က လျစ်လျူရှုပြီးရွှေ့ဆိုင်းခြင်းမပြုဖို့ ကန့် ကွက်တဲ့ (NLD) ပါတီ တစ်ပါတီထဲရဲ့အလိုဆန္ဒအတိုင်း ဆုံးဖြတ်လိုက်တာပဲလို့ မြင်နိုင်စရာရှိတယ်။

ဒီလိုမြင်အောင်/ထင်အောင် အကွက်ဆင်ညစ်ပတ်တာကို အစိုးရပိုင်သတင်းစာရဲ့ရေးသားဖော်ပြမှုထဲမှာ အထင်းသားမြင်နိုင် တယ်။ ဒါကတော့ “တိုင်းဒေသကြီး (၆) ခုနဲ့ ပြည်နယ် (၆) ခုမှာ သဘာဝဘေးအန္တရာယ်တွေကျရောက်ပြီး အိမ်ထောင်စု နှစ်သိန်းခြောက် သောင်းကျော်မှ လူဦးရေ တစ်သန်းခြောက်သောင်းကျော် ဘေးသင့်ပြီး၊ ၁၃၂ ဦးသေဆုံးခဲ့” တာကို ကော်မရှင်နဲ့ ကျန်ပါတီတွေက အလေးထားခဲ့ပေမယ့် (NLD) ပါတီတစ်ခုထဲကသာ “သဘာဝဘေးအန္တရာယ်ကျရောက်မှုမှာ ဒေသဆိုင်ရာဖြစ်သည့် အသေးအဖွဲ့ကိစ္စ ဖြစ်၍ ရက်ရွှေ့ဆိုင်းခြင်းကို သဘောမတူပါကြောင်း” ဆိုတဲ့ သဘောပေါ်လွင်အောင် တမင်အကွက်ချရေးသားထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရ (ပြန်ကြားရေးဝန်ကြီးဌာန) တက်ညစ်လက်ညီ ညစ်ပတ်မှုက သိပ်ဆိုးဝါးလွန်းပါတယ်။ (NLD) ပါတီဟာ မဲအနိုင်ရရေး – အာဏာရရေး – အစိုးရဖွဲ့ရေးကိုတစ်ခုကိုပဲရှေ့တန်းတင်တယ်၊ ပြည်သူတွေ ဒုက္ခပင်လယ်ဝေ နေတာကို အသေးအဖွဲ့လိုသဘောထားတယ်လို့ မြင်အောင်၊ ထင်အောင်အကွက်ချလုပ်ကြံရေးသားဖော်ပြထားတာပါ။ ကော်မရှင်ရဲ့အကဲစမ်းမှုနဲ့ သတင်းစာထဲက သရုပ်ဖျက်အကွက်ဆင်ရေးသားမှုကို ထိထိမိမိတုန့်ပြန်ဖို့လိုအပ်ပါတယ်။ ဒါ ကြောင့် ညစ်ပတ်ကောက်ကျစ်မှုတွေကို ရင်ဆိုင်ရာမှာ မိမိတပါတီထဲ တိတ်တိတ်ကျိတ်ပြီးကန့်ကွက်လို့မရဘူး။ ပြည်သူ တစ်ရပ်လုံးသိအောင် ကြားအောင် အော်ဟစ်ကန့်ကွက်ရလိမ့်မယ်။ မဟာမိတ်ပါတီတွေနဲ့အတူ ကန့်ကွက်ရမယ်။  ပြည်သူ လူထုအင်အားနဲ့ ကန့်ကွက်ရမယ်။

(ဗိုလ်) ဦးတင်အေးတို့ လူတစ်စုဟာ အများပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ဆင်းရဲဒုက္ခရောက်နေတာကို အခိုက်အတံ့ပင်ဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ၊ ထာဝရဖြစ်စေ  မြင်တွေ့နေရမှ စားဝင်အိပ်ပျော်ပြီး ကျေနပ်ပီတိဖြစ်တတ်တဲ့ (sadist) စိတ္တဇဝါဒီ တွေလို့ ထင်ပါတယ်။ သူတို့တတွေ စစ်ကျောင်းသားဘဝမှာ ပြည်သူလူထုအပေါ် နေလိုမီးလို အစဉ်သဖြင့် ကျင့်ကြံ လုပ်ဆောင်ပါ့မယ်လို့ သစ္စာကတိပြုခဲ့ကြတယ်ထင်ပါရဲ့။

အတိုက်အခံပါတီတွေနဲ့ပြည်သူတွေ ဘက်ကိုကြည့်ကြပါအုံးစို့။

အတိုင်အခံပါတီတွေရော ပြည်သူတွေထဲမှာ တညီတညာထဲ ရင်ထဲက အသံတစ်သံ ဟိန်းထွက်သွားပါတယ်။ ဒီလို ညစ်ပတ် လာလိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးသား၊ ကြိုတင်တွက်ဆထားပြီးသားပါဆိုတဲ့ အချက်ပါပဲ။ ဆရာဝင်းတင် ပြောသွားခဲ့တဲ့ “ဒီအစိုးရကို လုံးဝ မယုံဘူး” ဆိုတဲ့စကားနဲ့ တစ်သံထဲပါပဲ။

ဒါပေမယ့် ဒါဟာာ အင်အားတစ်ရပ် အနေနဲ့ ဖွဲ့ဖွဲ့စည်းစည်းမရှိတာကိုလည်း ကျနော်တို့သတိပြုရမှာပါ။ ဒါကြောင့်လည်း (ဗိုလ်) ဦးတင်အေးတို့ လူတစ်စုက အကဲစမ်းဝံ့နေတာပါ။ တကယ်တော့ မဲစာရင်းတွေ တမင်တကာ ထပ်ခါထပ်ခါမှားပြီး ထုတ်ပြန်နေတုန်းက တည်းက တစုတစည်းတည်းပြတ်ပြတ်သားသားတုန့်ပြန်အရေးဆိုခဲ့ကြရမှာပါ။

ဒီလိုလူထုအားနဲ့ ထိထိရောက်ရောက် ကန့်ကွက်အရေးဆိုဖို့ လူထုရှေ့ဆောင် အတိုက်အခံပါတီကြီးဘက်က ပျက်ကွက်ခဲ့ပါ တယ်။ “ကိုယ်တိုင်ကိုယ်ကျ- တာဝန်အရ – မဲစာရင်း စစ်ဆေးကြ” ဆိုတာလောက်နဲ့ ကျေနပ် တင်းတိမ်ရောင့်ရဲနေခဲ့ကြပါတယ်။  ကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပြီး ကန့်ကွက်တာကိုတော့ (ဗိုလ်) ဦးတင်အေးကော်မရှင်က ပန်းနဲ့ပေါက်နေ တာလားလို့မေး ပါလိမ့် မယ်။  ဒါကြောင့် သူတို့ဘက်က ကမ်းတတ်ပြီး တစ်ခုပြီးတစ်ခု ညစ်ပတ်ဝံ့နေတာ၊ သွေးတိုးစမ်းဝံ့နေတာပါ။  ပြည်သူ လူထုစွမ်းပကားကို မဲစာရင်းမှားပြင်ရုံလောက်၊  ရွေးကောက်ပွဲနေ့မှာ မပျက်မကွက် မဲပေးရုံလောက်ပဲ ကန့်သတ်ထား ကြမယ်ဆိုရင်တော့ “ရာနှုန်းပြည့်အောင် နိုင်ရေး – ခေတ်စနစ်ပြောင်းလဲရေး”တို့ဆိုတာတွေဟာ စိတ်ကူးယဉ် အိပ်မက်သာဖြစ် နေပါလိမ့်မယ်။

ညစ်ပတ်ဆိုးသွမ်းသူတွေနဲ့သူတို့ရဲ့ယုတ်မာကောက်ကျစ်မှုမျိုးစုံကို ပြတ်ပြတ်သားသားအနိုင်ယူဖို့ဆိုရင် ပြည်သူလူထုအင် အားကို စွမ်းအားပြည့်ဖော်ထုတ်စည်းရုံးရှေ့ဆောင်သွားဖို့လိုပါတယ်။

ညွန်း – ကြေးမုံသတင်းစာ (၁၄ – ၁၀ -၂၀၁၅) စာမျက်နှာ ၇ 

Photo : AFP 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – ရွှေ့ဆိုင်းမယ် မရွှေ့ဆိုင်းတော့ဘူးဆိုတဲ့ ညစ်ကွက်
  1. သေချာတာကတော့ မှန်ကန်စွာမဲပေးခွင့်ရရင် NLD အပြတ်အနိုင်ရမှာပါ။ အာဏာပိုင်များက ကြံ့ခိုရေးပါတီဝင်ဆိုတော့ သူတို့ပါတီနိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားတာ သဘာဝကျပါတယ်။ ဒါပေမဲ့ရက်မရွှေ့တော့ပဲ နိုဝင်ဘာ ၈ ရက်ပဲ ကျင်းပမယ်ပြောတာ အလားအလာအများကြီးကောင်းနေပါတယ်။

    မီဒီယာရေးသူများကတော့ ညစ်မဲ့လူကို လူညစ်ပဲ ပြောမှာ ရေးမှာပါပဲ။ ဒါပေမဲ့ NLD စောင့်ကြည့်အဖွဲ့ အင်အားကောင်းရင် သူတို့တရားမျှတအောင် လုပ်ကိုလုပ်ပေးရပါမယ်။

    အထူးသဖြင့် ၇၀% မဲပေးမဲ့ ကျေးလက်ဒေသ မဲရုံများကို NLD စနစ်တကျ စောင့်ကြည့်ဘို့ အထူး အရေးကြီးပါတယ်။ ကျေးလက်မဲရုံတွေမှာ တရာမျှတစွာ ဒေသ အာဏာပိုင်များနဲ့ NLD စောင့်ကြည့်အဖွဲ့ ပြေပြေလည်လည်ရှိပါစေပဲ ဆုတောင်းလိုက်ပါတယ်။

    ကျေးလက်ဒေသမှာ NLD စောင့်ကြည့်အဖွဲ့စည်းကမ်းရှိ ညီညွတ်ဖို့ Politic Policy ကောင်းဖို့ နောက်တနေ့မှရေတွက်မဲ့ မဲပုံးတွေကို ညပိုင်းမသမာမှု မလုပ်နိုင်ဖို့ သေချာစောင့်ကြည့်မှာ ဖြစ်ပါတယ်။

Comments are closed.