ကဗျာ

အောင်ကျော်သွင် – ခေါင်းထောင်ကြည့်လိုမရတဲ့ပြဿနာ

 အောင်ကျော်သွင် – ခေါင်းထောင်ကြည့်လိုမရတဲ့ပြဿနာ
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၅

တဆစ်ဆစ်နဲ့ ကိုက်ခဲလို့
ခေါင်ထောင်ကြည့်ဖို့ မစွမ်းသလို
လောကအဝန်းအဝိုင်းကြီးဟာ အရေခွံကျွတ်သွားလေရဲ့။

ပလက်ဖောင်းတွေဟာ တောင့်တင်းကုန်ပြီ
ဓားကို တပတ်လျှိုထိုးထားတဲ့ရင်ဘတ်နဲ့
ကိုယ့်နဖူးကိုယ်စမ်းလို့
ယဉ်ကျေးမှုကြီးတခုလုံးကို ခွာချလိုက်ရဲ့
သေကွဲနဲ့ရှင်ကွဲကြားမှာ ပါးပါးလေး
လူစဉ်မီရုံလေးရယ်ပါ။

မြစ်တွေက
အလျားလိုက်စီးဆင်းနေတယ်
လူတွေကတော့ ကောက်ကွေ့လို့ပေါ့
ဒါဟာ ခေတ်ရဲ့နိယာမလား …

ဘာပဲဖြစ်ဖြစ်
အညစ်အကြေးတွေကိုသန့်စင်ပေးတဲ့
ဆပ်ပြာဟာ
အညစ်အကြေးတွေလူးခဲ့တယ်ဆိုတာကိုတော့
ငြင်းမရနိုင်ဘူး
ဒါဟာလည်း နိယာမတခုဆိုရင်
အခက်ကြီးထဲကိုခုန်ချကြရလိမ့်မယ်။

အိပ်ယာကထတိုင်း ကိုယ့်ခေါင်းကိုယ်
ပြန်ပြန်စမ်းကြည့်နေရတဲ့အဖြစ်
မျက်နှာသစ်ဖို့ထက်
ဦးနှောက်တွေများ ကျပျောက်သွားသလားလို့
ခန္ဓာကိုယ်ကြီးဟာ တစ်နေ့စာ လုံခြုံဖို့
ဝင်ကစွပ်တွေလို စွပ်မိစွပ်ရာ

စုပ်ခွက်တွေအများကြီးနဲ့ အသက်ရှူတတ်လာတယ်။

မာကြူလီမီးယဉ်ကျေးမှု
ဟိုက်ဒရောလစ်ယဉ်ကျေးမှု
အလင်းရိုင်ခြင်း၊ တွန်းကန်အား
ပြတ်ရွေ့ကြောင်းတလျှောက်ကတုန်ခါမှု
လူခြေတိတ်ချိန်
အော်ကြီးဟစ်ကျယ်သီချင်းတီဆိုတတ်မှု
ယဉ်ကျေးမှုတွေကိုလွန်မြောက်ပြီးခါမှ
အဆီတစ်အစ် အသားတစ်ရစ်
လိမ်ညာတတ်မှု
အမိန့်ပေးစေခိုင်းလို့ ခြိမ်းလားခြောက်လား
လူတန်းစားများလည်း တိုးပွားလာလေရဲ့။

ဘာပဲဖြစ်ဖြစ်ပေါ့
ရောင်းလိုအားနဲ့ ဝယ်လိုအားကြားမှာ
ဒီတစ်နှစ်တော့
ခေါင်းထောင်ကြည့်ရနိုင်စေသား …။    ။

အောင်ကျော်သွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts