ဝေဖန်ရေးရာ

ကိုသစ်(သီတဂူ) – ပြည်သူကို ကျောခိုင်းသွားပြီလား

 

ကိုသစ်(သီတဂူ) – ပြည်သူကို ကျောခိုင်းသွားပြီလား

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၅

(က) ကြွေးကြော်သံမျှဖြင့်

အမျိုးသားရေး၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး စသည်ဖြင့် နှပ်ကြောင်းပေး၍ ကြွေးကြော် ချီတက်လာခဲ့သော မျိုးချစ်အဖွဲ့ကို လူတစ်ချို့က နှစ်ထောင်းအားရ ကျေနပ်ခဲ့ကြဘူးပါသည်။ ကြောင်ကြာကြာ ရေမငုတ်ပါ။ မျိုးချစ်တို့အော်နေသည့် အမျိုးသားရေးသည် တတိုင်းပြည်လုံး၊ တစ်မျိုးသားလုံး တိုးတက်ရေးအတွက် မဟုတ်၊ ပြည်သူကို ဒုက္ခပေးခဲ့သော လူတစ်စုကောင်းစားရေးကြီးမှန်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာသောအခါ ပြည်သူတွေက နှာခေါင်းရှုံ့သွားကြပါတော့သည်။ တစ်ချို့က “ထင်သလောက်လည်း မဟုတ်ပါဘူးကွာ”ဟုဆိုကာ လက်တွန့်နောက်ဆုတ်သွားကြပါလေတော့သည်။  အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအတွက် အမှန်တကယ်လက်တွေ့လုပ်ဆောင်ချက်မှာ အလွန်အင်မတန် အားနည်းလွန်း သည်ဟု ဝေဘန်လာကြပြီဖြစ်သည်။ အမျိုးသားရေးဟု ဘယ်လိုပင် ကြွေးကြော်ကြွေးကြော် လက်တွေ့မပါလျှင် ယနေ့ခေတ် ပြည်သူတွေက သိပ်လက်မခံချင်တတ်ကြတော့။ အလုပ်မဖြစ်သော ကြွေးကြော်သံများကြားတွင် ကြီးပြင်းလာခဲ့ကြသော ပြည်သူများပီပီ ကြွေးကြော်သံမျှဖြင့် လမ်းမဆုံးစေချင်ကြသည်မှာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ပင်ဖြစ်ပါလိမ့်မည်။

(ခ) မပြေးသော် ကန်ရာရှိ

မြန်မာစကားပုံများတွင် မပြေးသော်လည်း ကန်ရာရှိ ဟူသော စကားပုံသည်လည်း ထင်ရှားသော စကားပုံတစ်ခုပင်ဖြစ်ကြောင်း စာဖတ်သူသိပြီးဖြစ်သည်။ လူတစ်ယောက်အနေနဲ့ ပြေးသည့်အခါ ခြေဖျားပိုင်းနဲ့ ထောက်ကာ နောက်ကိုကန်ပြီး ပြေးရတာဖြစ်လို့ ခြေရာက ခြေပြင်တစ်ခုလုံး မြေမှာ ထင်မနေဘူးပေါ့။ ခြေရာက နောက်ကိုကန်ထားတဲ့ ရှေ့ပိုင်းရာကလေးပဲ မြေကြီးမှာ ထင်ကျန်နေခဲ့တယ်။ အဲဒီလူဟာ ခြေကန်ရာကြီး ရှိနေပါလျှက် သူမပြေးပါဘူးလို့ ဇွတ်ငြင်းနေမယ်ဆိုရင် သူ့စကားက မခိုင်မာတော့ဘူးပေါ့။ သူ့ခြေရာက အထင်အရှားရှိနေပြီလေ။ ဒါကိုပဲ မပြေးသော် ကန်ရာရှိလို့ ပြောတတ်ကြပါသည်။ ထို့အတူပါပဲ။ လူတစ်ယောက်ဟာ သူ့လုပ်ရပ်တွေက သူလုပ်တယ်ဆိုတာ ထင်ရှားနေပေမယ့် သူမလုပ်ရပါဘူး လို့ တွင်တွင်ကြီး ဘူးခံငြင်းနေတဲ့ အခါမျိုးမှာ မပြေးသော်လည်း ကန်ရာရှိလို့ ပြောတတ်ကြပါသည်။

 ယခုအခါ မျိုးချစ်အဖွဲ့ကို အစိုးရလက်ကိုင်ဒုတ်အဖြစ် ပြည်သူများက ထင်မြင်လာကြ၊ ပြင်းပြင်းထန်ထန် ဝေဘန်လာကြပြီဖြစ်သည်။ ဘာသာရေးအဖွဲ့အစည်းတစ်ခုကို သည်လိုအထင်ခံရပြီဆိုကတည်းက ဘယ်လိုမှ မကောင်းတော့။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာရေးကိုအကြောင်းပြုပြီး နိုင်ငံရေးမလုပ်ရ၊ မဲမဆွယ်ရ ဟု ပုဒ်မ (၅၈-ဂ) တွင် ပါရှိပါသည်။ သို့သော် ယခုအခါ ပြည်သူတွေကို သွေးဆူစေမည့် ဟိုလူ့မဲမပေးနဲ့၊ ဒီလူ့မဲပေး၊ ဟိုပါတီကို မဲမပေးနဲ့၊ အဲဒီပါတီကို မဲပေးရင် ဘာနိုင်ငံ ဖြစ်သွားမယ်၊ ညာနိုင်ငံဖြစ်သွားမယ် စသည်စသည်ဖြင့် ပြည်သူကြားထဲမှာ ပေါ်ပေါ်တင်တင် ပြောဟောနေကြ၊ ရေးသားနေကြ၊ စာရွက်စာတမ်းများ ဖြန့်ဝေနေကြသော  မျိုးချစ်ခေါင်းဆောင်တစ်ချို့ကို တွေ့မြင်ကြားသိခဲ့ကြပြီးဖြစ်သည်။ တစ်ချို့တရားရုံးများသို့သွား၍ တရားစီရင်ရေး စနစ်ကို ၀င်ရောက် စွက်ဖက်လာသည့်အထိ လက်ရဲလာကြပြီဖြစ်သည်။ မဘသဆိုတာ အစိုးရရဲ့ လက်ကိုင်ဒုတ် မဟုတ်ပါဘူးဟု တွင်တွင်ငြင်းနေပေမယ့်လည်း လုပ်ရပ်များက သက်သေခံနေသည်။ မပြေးပါဘူး မျက်စိမှိတ်ငြင်းနေပေမယ့်လည်း ခြေကန်ရာကြီးက အထင်သားကြီး ပေါ်လွင်နေတာကို ပြည်သူတွေက မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ မပြေးပါဟုဆိုသော်လည်း ကန်ရာက ရှိနေပြီပဲမဟုတ်လား။

(ဂ) တိုက်ခိုက်ဝေဘန်ရေး အဖွဲ့အစည်းလား

မဘသပုဂ္ဂိုလ်တစ်ချို့သည် မဘသအဖွဲ့က ထုတ်ဝေသည့် အတုမရှိဂျာနယ်နှင့် အောင်ဇေယျတု ဂျာနယ်များကနေ ပုဂ္ဂိုလ်ရေး ဝေဘန်ထိုးနှက် တိုက်ခိုက်ခြင်းကို အစဉ်မပြတ် လုပ်ဆောင်နေသည်မှာ အားလုံးအသိပင်ဖြစ်သည်။ စနစ်ကို ဝေဘန်တာမျိုး သိပ်မတွေ့ရ။ စာပေဝေဘန်ရေးလည်း မဟုတ်။ ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက်မှုများကိုပြုလုပ်ရာ၌ လိမ္မာယဉ်ကျေးသော လူသာမာန်တို့တောင် အသုံးမပြုကြသည့် ပြင်းထန်ကြမ်းတမ်းလှသော စကားလုံးများကို လက်နက်သဖွယ်အသုံးပြုပြီး လက်ရဲဇက်ရဲ လုပ်ဆောင်နေ တာကို တွေ့မြင်နေရသည်။ လူမှုကွန်ယက်များကဆင့် မျိုးချစ်တွေကို ခလုတ်တိုက်လို့ပဲ ရမယ်၊ အပြုတ်တိုက်လို့ မရဘူး၊ အပြုတ်တိုက်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် စသည်ဖြင့် ပြောဆိုကြိမ်းမောင်းသံများကိုလည်း တွေ့မြင်ကြားသိကြပြီးဖြစ်သည်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ ဟုတ်ပါရဲ့လား၊ ဗုဒ္ဓဘာသာ ၀င်အချင်းချင်း တိုက်ခိုက်နေတဲ့ အဖွဲ့များလားဟု ပြည်သူတွေက သံသယဖြစ်နေကြပြီဖြစ်သည်။ ညင်သာသော နည်းစနစ်ကို သုံးသင့်ပြီဖြစ်ကြောင်း..။

(ဃ) ညီညွတ်ရေးနှင့် မဘသ

မဘသပေါ်လာပြီးနောက် တိုင်းပြည်အတွင်း အသံများ ပို၍ကျယ်လောင်လာသည်မှာ အားလုံး အသိပင်ဖြစ် သည်။ လူအချင်းချင်း ကွဲကြပြဲကြ။ ရဟန်းအချင်းချင်း ကွဲပြဲကြနှင့် ဖရိုဖရဲ နိုင်လွန်းလှသည်။ လူအချင်းချင်း ဆဲကြဆိုကြ ရန်ဖြစ်ကြ၊ ရဟန်းအချင်းချင်း စိတ်ဝမ်းတွေ ကွဲလိုက်ကြသည်မှာ အများအသိပင်ဖြစ်သည်။ ထိုအကွဲအပြဲသည် မဘသကြောင့်ဟု ပြည်သူတွေက ထင်မြင်ယူဆနေကြသည်။ ဘာသာရေးအဖွဲ့ အစည်းတစ်ခုကို သည်လိုအထင်ခံရပြီဆိုကတည်းက ဘယ်လိုမှ မကောင်းတော့။ ရန်ကိုရန်ချင်း မတုံ့နှင်းကြဖို့ မြတ်ဗုဒ္ဓက ဆုံးမတော်မူခဲ့ပါသည်။ ဘာသာခြားတို့ အကြိုက်တွေ့သွားစေမည့်၊ အထင်သေးသွားနိုင်သည့် အကွက်များဖြစ်သည်။ တကယ်ဆိုရင် အချင်းချင်း ဝေဘန်တိုက်ခိုင်နေမည့်အစား တခြားသူများကြောင့် တိုင်းပြည်အတွင်းမှာ မငြိမ်မသက်ဖြစ်နေရင်တောင် ကိုယ်က မေတ္တာတရား လက်ကိုင်ထားလို့ ငြိမ်းချမ်းရေး အတွက် ဦးဆောင်ဦးရွက်ပြုပြီး ငြိမ်းချမ်းအောင် ဖြေရှင်ပေးရမည်မှာ ဘာသာရေးအဖွဲ့အစည်း၏ ကျင့်ဝတ်တစ်ခု ပင်ဖြစ်သည်။ ကိုယ်ကိုယ်တိုင်က ညီညွတ်ရေးငြိမ်းချမ်းရေးကို ပျက်ပြားစေမည့် သွေးဆူစေသော ဟောပြောမှုမျိုး၊ ရေးသားဖြန့်ဝေမှုမျိုးများကို စိတ်ခံစားချက်ပေါ်အခြေမခံဘဲ ချစ်ခြင်းမုန်းခြင်းမဖက်၊ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိတည်းဟူသော အဂတိတရားလေးပါးသို့ မကပ်ရောက်ဘဲ အထူးသဖြင့် ရှောင်ရှားကြဖို့လည်း လိုအပ်ပါသည်။

(င) အမျိုးဘာသာ သာသနာကို စောင့်လျှောက်လိုသော် 

အမျိုးကိုချစ်သောပုဂ္ဂိုလ်တို့ လုပ်ဆောင်ရမည့် အမျိုးသားရေးမှာ ပြည်သူကို ဒုက္ခပေးနေသော စစ်အာဏာရှင် သက်စိုးရှည်ရေးအတွက် ကြားကန်ပေးရန် မဟုတ်။ တိုင်းပြည်နဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတပ် တအား ပါဝင်အားဖြည့်ပေးဖို့လိုပါသည်။ မဘသအဖွဲ့သည် စီးပွါးရေးလုပ်စားနေသော အဖွဲ့အစည်း မဟုတ်၊ နိုင်ငံရေးလုပ်နေသော အဖွဲ့အစည်းလည်း မဟုတ်ရ၊ ဘာသာရေးအဖွဲ့အစည်းသက်သက်သာဖြစ်သည်ဟု ကြေငြာထားသည်ကို တွေ့မြင်သိရှိရပါသည်။ ထို့ကြောင့် တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမားရေး၊ စီပွါးရေး၊ နိုင်ငံရေးများကို စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု ထင်ပါသည်။ ထို့ကြောင့် ထိုအရေးများကို အထွေအထူး မပြောလိုပါတော့။

သို့သော် ဘာသာရေးအဖွဲ့အစည်းဖြစ်သည့်အတွက် ဘာသာသာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင် ရမည့် တာဝန်များစွာရှိပါသည်။ မြန်မာပြည်ရဲ့ ဘာသာရေးသာသနာရေးကိစ္စအ၀၀ကို မျိုးချစ်အဖွဲ့ တစ်ခုတည်းက လုပ်ပေးရမည်ဟု မဆိုလိုပါ။ သည်လို အဖွဲ့အစည်းတစ်ခုတည်းအပေါ်မှာ ပုံအပ်ထား၍လည်း မရ။  ပုံလည်းအပ်မထားချင်။ ကိုယ့်ဘာသာသာသနာတိုးတက်ရေးအတွက် ဘာသာဝင် တိုင်း လုပ်ဆောင်ရ မည်ဖြစ်သည်။ ယခုအခါ ဘာသာခြား သာသနာပြုတို့သည် နယ်စွန်နယ်ဖျားသို့ သက်စွန့်ဆံဖျား သွားရောက်၍ သာသနာပြုနေကြချိန်တွင် ကျနော်တို့က ထိုဒေသများသို့ ရောက်အောင် သွားကြဖို့လိုပါသည်။ ချင်းပြည်နယ် တောင်တန်းတွေပေါ်မှာ သာသနာမပြန့်သေးပါ၊ ရခိုင်ပြည်နယ်မှာလည်း ဘာသာရေး လိုအပ်ချက်တွေ များစွာရှိပါသည်။ ထို့အတူ ကယားပြည်နယ်၊ ကရင်ပြည်နယ် ရှမ်းပြည်နယ်တို့တွင် လုပ်ဆောင်ရမည့် သာသနာ ပြုလုပ်ငန်းများ များစွာရှိနေပါသည်။  မဘသအဖွဲ့သည် အမျိုးဘာသာသာသနာကို ကာကွယ်စောင့် ရှောက်မည့် အဖွဲ့ဟု အပြည့်အ၀ယုံကြည် ထားကြသူတွေလည်း ရှိနိုင်ပါသည်။

ထို့ကြောင့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဘာသာ၊သာသနာ မရောက် သေးသော အခြားနယ်စွန်နယ်ဖျားအရပ်ဒေသများသို့ သာသနာ ရောက်စေလိုသောဆန္ဒ အမှန်တကယ် ရှိလိမ့်မည်ဟုလည်း ယုံကြည်ထားသူတွေ ရှိနိုင်ပါသည်။ သို့ဆိုလျှင် မဘသ ဆရာတော်များ အနေဖြင့် လူစည်ကား၍ လာဘ်လာဘပေါများလှသည့် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးတွေပေါ်မှာ သာ နေထိုင်သီတင်းသုံးတော်မမူပဲ သာသနာပြုပုဂ္ဂိုလ်များကို အမှန်တကယ်လိုအပ်နေသော အဆိုပါ ဝေးလံ ခေါင်သီသော နယ်စွန်နယ်ဖျားအရပ်ဒေသများသို့ သာသနာပြုကြွကြဖို့ လိုအပ်ပါသည်။

မဘသ အရှင်ကောင်းအရှင်မြတ်တို့ဘုရား…

အမျိုးဘာသာဘာသာသာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောစသည့် ဒေသများသို့ ကြွကြပါကုန်ဘုရား၊ ချင်းပြည်နယ် တောင်တန်းတွေပေါ်သို့ ကြွတော်မူကြပါကုန်ဘုရား၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည်စသည့် သာသနာအပြည့်အ၀မထွန်းကားသေးသော နယ်စွန်နယ်ဖျား နယ်စပ်ဒေသများတွင် သာသနာပြုအရှင်ကောင်းများကို ငံ့လင့်နေကြပြီဖြစ်၍ ထိုအရပ်ဒေသ များသို့ ကြွတော်မူကြပါကုန်အရှင်မြတ်တို့ဘုရား။ ထိုအရပ်ဒေသများတွင် သီတင်းသုံး၍ ဗုဒ္ဓတရား အဆီအနှစ်များကို တိုက်ကျွေးတော်မူကြပါကုန်ဘုရား။ မြို့ကြီးများရှိ ဘာသာဝင်တို့အတွက် ဗုဒ္ဓစာပေများ အခမဲ့ဖြန့်ဝေနိုင်အောင် ကြိုးစားတော်မူကြပါကုန်ဘုရား။

(စ)  ပြည်သူကို ကျောခိုင်းသွားပြီလား

မဘသဟာ ပြည်သူတွေကို ကျောခိုင်းသွားပြီလားဟူသော သံသယက ပြည်သူတွေရဲ့ ရင်ထဲမှာ ကြီးထွားလာနေပြီဖြစ်သည်။ မဘသခေါင်းဆောင်တစ်ချို့ ပြောပြောနေသည့် သမ္မတကြီးကို ထောက်ခံတယ် ဆိုသော စကားလုံးက မဘသက ပြည်သူတွေကို ကျောခိုင်းသွားပြီလားဟူသော ယုံမှားသံသယကို ဖြစ်ပေါ်စေပါတော့သည်။ သည်စကားလုံးက ပြည်သူတွေရဲ့ ရင်ဘတ်ကို ဆောင့်ကန်လိုက်သလိုမျိုး ကြားရသူ ပြည်သူအပေါင်းကို အင့်ကနဲ၊ ရင်နင့်သွားစေသော စကားလုံးပင်ဖြစ်သည်။

ကိုယ်ကြိုက်တာ ကိုယ်ထောက်ခံခွင့် လူတိုင်းမှာရှိသော်လည်း ငါးနှစ်တာ တာဝန်ယူသွားသော အစိုးရကို ပြည်သူတွေက နှစ်လိုဘွယ်မရှိကြောင်း၊ အမူအကျင့်တွေက စနစ်ဟောင်းကြီးအတိုင်းပင်ဖြစ်ကြောင်း ပြည်သူတွေက သိရှိပြီးသားဖြစ်သည်။ ဘာသာရေးအဖွဲ့အစည်းတစ်ခုကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုနှောင့်နှေးစေမည့် အဖွဲ့အစည်းဟု အထင် မခံစေလိုပါ။ သမိုင်းတရားခံ မဖြစ်စေချင်ပါ။ တိုင်းပြည်ဆင်းရဲလျှင် လူမျိုးတွေလည်း ဆင်းရဲပါလိမ့်မည်။ လူမျိုးတွေဆင်းရဲလျှင် ဘာသာသာသနာလည်း အရောင်ပြောင်လိမ့်မည်မဟုတ်ပါ။

ယနေ့ ပြည်သူတွေ လိုလားတောင့်တနေသောအရာမှာ စစ်မှန်သော ပြောင်းလဲရေးပင်ဖြစ်သည်။ ပြည်သူတွေ ဘာလိုချင်သည် ဘာဖြစ်ချင်သည်ဆိုတာကို သိနေရပါမည်။ ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုသင့်။ ဘာသာခြား တွေမရှိမှ ကိုယ့်ဘာသာ သာသနာတိုးတက်မယ်ဆိုတဲ့ အတွေးမျိုးကို လွန်လွန်ကဲကဲ လက်ခံယုံကြည် နေတာမျိုးကို ပြည်သူတွေက သိပ်မနှစ်သက်ကြတော့။ ဘုရားလက်ထက်ကတည်းက ဇေတ၀န် ကျောင်းအနီး တွင် ဘာသာခြား ကျောင်းများရှိခဲ့ပြီး ဘုရားရှင် ကိုယ်တိုင် ဘာသာခြားကျောင်းများသို့ သွား၍ ဆွေးနွေးခဲ့ ဘူးကြောင်း ပိဋကတိစာပေ၌ လာရှိပါသည်။

သတိကြီးကြီးထားပြီး ပြည်သူထဲက ပြည်သူတွေကို အချင်းချင်း အမုန်းမပွါးစေရေးအတွက် ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။ စိတ်ခံစားချက်ကို လွန်ကဲစွာအလေးပေးပြီး ကိုယ့်ရဲ့ မဆင်မခြင်ပြောဟောမှုကြောင့် ပြည်သူတွေ မညီမညွတ်မဖြစ်စေလိုသည်မှာ ပြည်သူတို့၏ စစ်မှန်သော ဆန္ဒပင်ဖြစ်ပါလိမ့်မည်။

 သြဇာတိက္ကမ ကြီးမားလှသည်မြန်မာပြည်က ဆရာတော်ကြီးတစ်ပါးနှင့် စကားပြောကြရင်း မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ ဆန္ဒကို မေးလျှောက်ကြည့်တဲ့အခါ ဆရာတော်ကြီးက

“ဘာမှတော့ သိပ်မပြောချင်တော့ပါဘူးကွာ၊ ဒါပေမယ့် ဘယ်သူ့ထမင်းစားနေတာလဲဆိုတာကိုတော့ စဉ်းစားကြစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ပါ။ ကိုယ်တို့ဘ၀တွေ ဘယ်သူ့ကြောင့် အညွန့်ကျိုးခဲ့ရ သလဲဆိုတာကို။ ပြီးရင် အများကိုကြည့်။ အများကိုကြည့်ဆိုတာ သာသနာတော်ကိုကြည့်ရမယ်၊ တိုင်းသူ ပြည်သားတွေကို ကြည့်ရမယ် ဆိုတာလေးကို ငါပြောချင်တယ်”ဟု မိန့်တော်မူပါသည်။

နိုင်ငံရေးပါတီများနှင့် ဘာသာရေးအဖွဲ့အစည်းများအကြားတွင် သပ်လျိုသွေးခွဲ ရန်တိုက်ပေးနေကြသူများ ရှိပါသည်။ တစ်ယောက်ကိုတစ်ယောက် ပုတ်ခတ်စော်ကားတိုက်ခိုက်နေရုံမျှဖြင့် အမျိုးဘာသာ သာသနာက တိုးတက်လာမည်မဟုတ်ပါ။ ဘာသာသာသနာကို အကြောင်းပြပြီး ပြည်သူကို ကျောမခိုင်းသင့်။ မျိုးချစ် ခေါင်းဆောင်တစ်ချို့ရဲ့ လက်လွတ်စပယ် ပြုမူပြောဆိုနေကြသည့် လုပ်ရပ်တွေကိုကြည့်ပြီး မဘသဟာ တကယ်ပဲ အမှန်တရားကို မျက်ကွယ်ပြုသွားပြီလား၊ တကယ်ပဲ ပြည်သူတွေကို ကျောခိုင်းသွားပြီလား-ဟူသော သံသယဆူးကြီးကတော့ဖြင့် တစ်နေ့တစ်ခြား ကြီးထွားလာနေပါတော့သည်။

မေတ္တာတရားလက်ကိုင်ထားပြီး တစ်ဦးကိုတစ်ဦး အမုန်းမပွါးခြင်း၊ စာနာနားလည်ခြင်း၊ သည်းခံခွင့်လွှတ် တတ်ခြင်း၊ တိုင်းပြည်နဲ့လူမျိုးအတွက်အမျှော်အမြင်ကြီးမားခြင်း၊ ပျော့ပျောင်း ညင်သာသောနည်းလမ်းများဖြင့် ကိုယ်လိုချင်သောပန်းတိုင်ကို အရောက်သွားခြင်း၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုများကို ရှေ့တန်းမဆင်ဘဲ လူသား အချင်းချင်း ငြိမ်းချမ်းစွာရှင်သန်နေထိုင်ခြင်းဆိုသည်မှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းတိုင်းအတွက် မရှိမဖြစ် သော လိုအပ်ချက်များပင်ဖြစ်လိမ့်မည်ဟု ယုံကြည်နေမိပါတော့သည်။

ကိုသစ် (သီတဂူ)

10/5/2015

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts