သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – အင်္ဂါမစုံသည့် NCA နှင့် ငြိမ်းချမ်းရေးချိုးဖြူကူနိုင်ပါမည်လော

 
မောင်မောင်စိုး – အင်္ဂါမစုံသည့် NCA နှင့် ငြိမ်းချမ်းရေးချိုးဖြူကူနိုင်ပါမည်လော
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၅
 
အောက်တိုဘာ လက်မှတ်ထိုးပွဲ

ပြီးခဲ့သောလများကတည်းက အများခန့်မှန်းထားသကဲ့သို့ပင် NCA ဟုခေါ်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုမပါဝင်ခဲ့ပေ။ KNU/KPC/DKBA ကရင် ၃ဖွဲ့နှင့် ABSDF/ CNF/ ALP/ PNLO စသည့် ၇ ဖွဲ့ လက်မှတ်ထိုးကြမည်ဖြစ်သည်။

 
အောက်တိုဘာ ၄ ရက် UPWC/ MPC တို့နှင့်တွေ့ဆုံပွဲတွင် ထို ၇ ဖွဲ့အပြင် RCSS ပါတက်ရောက်သည်ကို တွေ့ရသည်။ ထိုတွေ့ဆုံပွဲမှ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ထိုးရန်  ဆုံးဖြတ်ခဲ့သည်။
 
ထိုလက်မှတ်ထိုးပွဲတွင် အစိုးရဖက်မှ သမတ ကာချုပ်လွှတ်တော် ဥက္ကဌများ တက်ရောက်မည်ဖြစ်ပြီး ပြည်တွင်းအသိအသက်သေ များအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးခွန်ထွန်းဦး ကိုမင်းကိုနိုင် နှင့် အခြားနိုင်ငံရေးပါတီမှ ခေါင်းဆောင်များတက်ရောက်ကြ မည်ဟု ဆိုသည်။ ထို့ပြင် ပြည်ပသက်သေအဖြစ် UN/ EU/ ဂျပန် တရုတ် အိန္ဒိယ ထိုင်းတို့ကို ဖိတ်ကြားသွားမည်ဟုဆိုသည်။
 
တွက်ဆရသည်မှာ အဆိုပါလက်မှတ်ထိုးပွဲကို တတ်နိုင်သမျှ ကြီးကျယ်ခန်းနားအောင် ပြုလုပ်မည့်အလားအလာရှိသည် ခြိမ့်ခြိမ့်သဲ ကျင်းပသွားဘွယ်ရာရှိသည်ဟု မျှော်လင့်ရပေသည်။
 
သို့သော် လက်မှတ်ထိုးမည့်အဖွဲ့မှာ နည်းလွန်းနေသည်ဟု ဆိုရမည်။ နောက်ဆုံးဆွေးနွေးပွဲတွင် RCSS ပါဝင်ခဲ့သော်လည်း အောက်တိုဘာ ၁၅ တွင် ပါဝင်လက်မှတ်ထိုးမည်ဟု မဆိုခဲ့ပေ။ ဌာနချုပ်သို့ပြန်လည်တင်ပြပြီး လက်မှတ်မထိုးမှီ ၃ ရက်အလိုတွင်မှ သူတို့သဘောထားကို ထုတ်ပြန်မည်ဟုဆိုသည်။ အတော်ပင် လိပ်ခဲတင်းတင်းအခြေအနေဟုဆိုရပေမည်။
 
အကယ်၍ RCSS မပါဝင်ခဲ့ပါက လက်မှတ်ထိုးမည့်အဖွဲ့အရေ အတွက်မှာ စုစုပေါင်း ၂၁ ဖွဲ့အနက် ၇ ဖွဲ့သာထိုးမည်ဖြစ်၍ သုံးပုံတစ်ပုံသာရှိသည်ဟုဆိုရမည်။ လက်နက်ကိုင်အင်အား အရပြောလျင်ဆယ်ပုံတစ်တစ်ပုံသာရှိပေလိမ့်မည်။ နယ်မြေအရ ပြောလျင်ကရင်ပြည်နယ် တစ်ခုသာ အပစ်ရပ်သည့်သဘော ဖြစ်ပေလိမ့်မည်။ 3/10/2015 ကတင်သည့် post တွင် ရေးခဲ့သကဲ့သို့ တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူညီချက် NCA မဟုတ်တော့ဘဲ ကရင်ပြည်နယ်အပစ်ရပ်ရေးသဘောတူညီချက် KCA သာဖြစ်ပေလိမ့်မည်။
 
အကယ်၍ RCSS ပါဝင်လာမည်ဆိုပါက ၈ ဖွဲ့ ဖြစ်လာပြီး လက်နက်ကိုင်အင်အားအရ ဆယ်ပုံနှစ်ပုံခန့်နှင့် အပစ်အခတ်ရပ်နိုင်သည်ဟု ဆိုနိုင်မည်။ နယ်မြေအရလည်း ကရင်ပြည်နယ်သာမက ရှမ်းပြည် တောင်ပိုင်းပါ အပစ်ရပ်နိုင်လိမ့်မည်။ သို့သော်လည်းတပြည်လုံးအပစ်အခတ်ရပ်စဲရေးသဘောတူည် ချက် ဟုတော့ဆိုနိုင်လိမ့်မည်မဟုတ်။ အင်္ဂါမစုံသည့် NCA ဟုသာဆိုနိုင်ပေလိမ့်မည်။
 
သက်သေရောစုံပါမည်လော

အဆိုပါ အင်္ဂါမစုံသည့် NCA လက်မှတ်ထိုးပွဲသို့ပြည်တွင်း သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးခွန်ထွန်းဦး ကိုမင်းကိုနိုင်တို့အပါ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို ဖိတ်ကြားသွားမည်ဟုဆိုသည်။ အမည်ဖေါ်ပြသည့် ၃ ဦးထဲ မှ ဦးခွန်ထွန်းဦးကမူ အဆိုပါလက်မှတ်ထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးပါမှ သက်သေအဖြစ်တက်ရောက်မည်ဟု စောစီးစွာကပင်ပြောဆိုထားပေရာ တက်ရောက်ဖွယ်ရာ  မရှိဟု ယူဆရသည်။ အခြားသူများတော့ တစုံတရာမှတ်ချက် မပြုသေးပေ။ သက်သေအဖြစ်ပါဝင်မည်ဟု ကြေငြာမည့်အထဲတွင် ဦးအေးသာအောင် နိုင်ငွေသိမ်းစသူတို့ပါဝင်ပါက ထိုသူများ မည်သို့ ဆုံးဖြတ်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ် သည်။

 
နိုင်ငံတကာသက်သေများအဖြစ်တက်ရောက်မည့် UN/EU အနောက်နိုင်ငံများနှင့် ဂျပန်တို့မှာသေချာပေါက်တက်ရောက် မည်ဟုယူဆပါသည်။ထိုင်းနိုင်ငံအနေနှင့်လည်း သူ့နယ်စပ်မှ အဖွဲ့အများစုလက်မှတ်ထိုးသည်ဖြစ်၍ တက်ရောက်မည်သာ ဖြစ်သည်။ အိန္ဒိယနိုင်ငံအဖို့လည်း သူ့နိုင်ငံမှ မတရားသင်း ကြေငြာထားသည့် NSCN ( K )နာဂအဖွဲ့ လက်မှတ်ထိုးရာတွင် မပါဝင်သဖြင့် စိတ်သက်တောင့်သက်သာဖြင့် တက်ရောက် နိုင်ပေလိမ့် မည်။
 
သို့သော် တရုတ်တို့မည်သို့စဉ်းစားတုန့်ပြန်မည်ဆိုခြင်းကတော့ စိတ်ဝင်စားဖွယ်ဖြစ်သည်။ လက်ရှိ အင်္ဂါမစုံသည့် NCA လက်မှတ်ထိုးပွဲတွင် တရုတ်နယ်စပ်မှ လက်နက်ကိုင်အဖွဲ့တဖွဲ့မှ မပါဝင်ပေရာသူ၏ နယ်စပ်လုံခြုံရေး နှင့်တည်ငြိမ်ရေးအတွက်  မည်သည့် အကျိုးသက်ရောက်မှုမှ မရှိပေရာ တရုတ်အတွက် ဤလက်မှတ်ထိုးပွဲသည် စဉ်းစားဖွယ်ရာဖြစ်နိုင်သည်။ တရုတ်တို့ မည်သို့ဆုံးဖြတ် တုန့်ပြန်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပေ တော့သည်။
 
ချုပ်၍ဆိုရလျင် အင်္ဂါမစုံသည့် NCA လက်မှတ်ထိုးပွဲတွင် သက်သေ ရောစုံပါမည်လောဆိုသည်မှာ တွေးဆဘွယ်ဖြစ်သည်။
 
မည်သို့ရှေ့ဆက်ကြမည်နည်း

အောက်တိုဘာ ၁၅ ရက်လက်မှတ်မထိုးမှီ ၃ ရက်အလိုတွင် လက်မှတ်ထိုးမည့်အဖွဲ့များအား မတရားသင်းကြေငြာထားခြင်းမှ ပယ်ဖျက်ပေးမည်ဟုဆိုသည်။ အခြားအဖွဲ့များကတော့ မတရားသင်းအဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။

 
အောက်တိုဘာ ၄ ရက်တွေ့ဆုံပွဲတွင် UPWC မှဦးအောင်မင်းက လက်မှတ်မထိုးသည့်အဖွဲ့များအား စစ်ရေးအရဖိအားပေး တိုက်ခိုက်မည်မဟုတ်ဟုဆိုသည်။ မူလရရှိထားသည့်သဘောတူညီချက်များကိုလေးစားသွားမည်ဟုဆိုသည်။ လက်ရှိ လက်မှတ်ထိုးသည့် ကရင်ခေါင်းဆောင်များကလည်းကျန်သည့်အဖွဲ့များ အားလုံးပါဝင်ရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။
 
မည်သို့ပင်ဖြစ်စေ ဤသဘောထားများကို ကြိုဆိုရမည်ြ ဖစ် သည်။ သို့သော် ဤရည်မှန်းချက် အတွက် လက်တွေ့ခြေလှမ်း လည်းလိုအပ်သည်။အောက်တိုဘာ ၁၅ ရက် အင်္ဂါမစုံသည့် NCA လက်မှတ်ထိုးပွဲပြီးနောက် UPWC နှင့် လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် တနိုင်ငံလုံးဆိုင်ရာ ဦးတည်ချက်မှာ ကျန်သည့် အဖွဲ့အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းရှာသွားရေး ဖြစ်ရပေမည်။ တဖွဲ့ချင်းအလိုက် အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရေး အပစ်ရပ်နယ်မြေပိုင်းခြား သတ်မှတ်ခြင်း စစ်ဘေးဒုက္ခသည်ပြသနာ ဖြေရှင်းခြင်းစသည် တို့ကို ပြုလုပ်ရင်း ကျန်အဖွဲ့အားလုံးပါဝင်ရေးကို ရှေ့ရှုရပေမည်။
 
သို့သော် အချို့၏သဘောထားဖေါ်ပြချက်အရအောက်တိုဘာ လက်မှတ်ထိုးပြီးသည်နှင့်နိုင်ငံရေးဆွေးနွေးပွဲစတင်ဘွယ်ရာ ရှိသည်။ ဤသို့ပြုမူခြင်း သည် ပြသနာကိုဖြေရှင်းနိုင်မည်မဟုတ်ပေ။ ပိုမိုရှုတ်ထွေးစေမည်သာဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အနဲစုကဆွေးနွေးသည့် နိုင်ငံရေးမူဘောင်များကို မပါဝင်သည့် ကျန်အဖွဲ့များ လက်ခံဘွယ်ရာ အခွင့်အလမ်း မရှိသလောက်နည်းပေသည်။ UPWC အနေနှင့် NCA လက်မှတ်မထိုးသည့် အဖွဲ့များအား နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ်ဖိတ်ကြားမည်ဟုဆိုသော်လည်း လာရောက်တက်မည့် အလားအလာ လွန်စွာနဲသည်ဟု ဆိုရပေမည်။
 
သို့ဖြစ်ရာ NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးမပါဝင်ဘဲ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ချမှတ်ရာတွင် အားလုံးမပါဝင်ဘဲ တနိုင်ငံလုံးနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်လိမ့် မည် မဟုတ်ပေ။ အဂါင်္မစုံသည့် NCAလက်မှတ်ရေး ထိုးရာတွင် ပါဝင်သည့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အနဲငယ်မျှနှင့်နိုင်ငံရေးပြသနာ ဆွေးနွေးရုံဖြင့် တနိုင်ငံလုံးပြသနာကို ဖြေရှင်း၍ရမည်မဟုတ်ပေ။ ကျန်သည့် လက်နက်ကိုင်အင်အားအများစုရှိနေသည့် အဖွဲ့များလက်ခံနိုင်မည့် အာမခံချက်လည်း လုံးဝမရှိပေ။
 
အားလုံးပါဝင်နိုင်ရေးကို ဦးတည်ချက်အရင်ထား၍ လုပ်ဆောင် ရှေ့ဆက်မှ လမ်းမှန်ပေလိမ့် မည်။ NCA ဟုဆိုသည့်အညီ တနိုင်ငံလုံးပါဝင် သည် အင်္ဂါစုံသည့် NCA ဖြစ်ရေးသည် ကနဦးလိုအပ်ချက်ဖြစ်သည်။
တကယ်တမ်းဆိုလျင် NCA ကိုဤအစိုးရသက်တမ်းအတွင်း အပြီးလုပ်လိုသည့်ဆန္ဒကို နားလည်၍ ရသော်လည်း မပြီနိုင်သည်ကို မပြီးပြီးအောင် အတင်းအကြပ်ပြု၍မရပေ။ မပြီးပြတ်ပါက နောက်အစိုးရသက်တမ်းသို့ လက်ရှိဆောင်ရွက်နေသည်များကို လက်ဆင့်ကမ်း ပေးရန်သာလိုပါသည်။

အားလုံး၏စိုးရိမ်မှု

နောက်ကြောင်းပြန်မည်ကို စိုးရိမ်နေကြရ သည့် မြန်မာပြည်တွင် အပစ်ရပ်လုပ်ငန်းစဉ်အားနောက်ကြောင်းပြန်သွားမည်ကို စိုးရိမ်စိတ်ရှိကြသည်။ UPWC ဦးအောင်မင်းက NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များ စစ်ရေးအရ တိုက်ခိုက်ခြင်းမျိုးမပြုဟု ဆိုထားသော်လည်း အများပြည်သူအနေနှင့်စိတ်ဒုံးဒုံးချမယုံကြည်ရဲ ကြပေ။

 
အဘယ်ကြောင့်ဆိုသော် ရန်ကုန်မြို့တွင် NCAဆွေးနွေးစဉ်ကာလ တွင်ပင်လျင် ကချင်ပြည်နယ်တွင် လေကြောင်းပစ်ကူပါဝင်သည့် စစ်ဆင်ရေးများဖြစ်ပွါးနေခဲ့သည်။ သမတနှင့်တွေ့ဆုံသည့်  စက်တင်ဘာလအတွင်းကလည်း ကချင်ပြည်နယ်ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွါးနေခဲ့သည်မဟုတ်ပါလော။
 
NCA လက်မှတ်ထိုးရေးအတွက် KIA အားစစ်ရေးအရဖိအား ပေး၍ ရမည်မဟုတ်ဟု KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ဂွမ်မော်က ဆိုပါသည်။ လက်ရှိအချိန်တွင် မြေပြင်သတင်းများအရ မြစ်ကြီးနား ဗန်းမော်ဖက်သို့ မြန်မာစစ်ဖက်မှ စစ်အင်အားဖြည့်တင်းနေသည် ဟု သတင်းများထွက်ပေါ်နေ သကဲ့သို့ SSPP/SSA ဌာနချုပ်ရှိရာ မိုင်းရယ် မိုင်းနောင် မိုင်ရှူးကြားရှိ ဝမ်ဟိုင်းအနီးသို့ မြန်မာစစ်ဖက်မှ တိုးချဲ့နေရာယူသည်ဟု မြေပြင်သတင်းများကဆိုပါသည်။ တာဖါဆောင်တံတားတိုက်ပွဲအပြီးလေးလခန့်အကြာတွင် အစိုးရစစ်တပ်နှင့် SSPP/SSA ကြားစစ်ရေးအရပြန်လည် တင်းမာလာသည်ဟုဆိုရသည်။
 
ဤသို့သောအခြေအနေတွင် လက်မှတ်ထိုးရာတွင်မပါဝင် သော SSPP/SSA/KIA/TNLA ဒေသများတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွါးလာမည်မှာ စိုးရိမ်ဘွယ်ရာဖြစ်သည်။ ထို့ပြင် ၅ လခန့်ငြိမ်သက်နေသော ကိုးကန့်ဒေသမှာလည်း စစ်မီးပြန်မစနိုင်ဟု အာမခံချက်မရှိသေးပေ။ လက်ရှိ ကိုးကန့်ဒေသတွင် မြန်မာစစ်ဖက်မှ အလုံးအရင်းချ၍ နေရာယူထားရဆဲဖြစ်သည်။
 
ထို့ပြင်အထူးဂရုပြုရမည်မှာ UWSA ဝ အဖွဲ့ပြသနာဖြစ်သည်။ ၁၉၈၉ UWSA နှင့် ငြိမ်းချမ်းရေးယူပြီးကထဲက တိုက်ပွဲများမရှိခဲ့ပေ။ သို့သော် ယခုနှစ်အတွင်း တင်းမာမှုများ တိုးလာသည်ကိုတွေ့ရသည်။ ၂၀၁၅ ဇွန်လ ၃ ရက်နေ့က မိုင်းတုံနှင့်ပုံပါကျင်ကြား သစ်ခုတ်မှုပြသနာဖြစ်ပွါးပြီး နှစ်ဖက်တပ်များအပြန်အလှန် ဝိုင်းပြီး တင်းမာမှုဖြစ်ပွါးခဲ့သည်။သို့သော် သေနတ်သံမထွက်ဘဲ ဖြေရှင်းနိုင်ခဲ့ကြသည်။ တဖန် ၂၀၁၅ စက်တင်ဘာ ၂၃ ရက်နေ့က ယခင်ပြသနာဖြစ်ပွါးခဲ့ရာ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း၌ပင် UWSA နှင့် မြန်မာစစ်ဖက်မှ စရဖ အရာရှိတို့ မြေယာပြသနာအငြင်းပွါးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးပြီး UWSA မှ ၂ ယောက်ဒဏ်ရာရ၍ စရဖအရာရှိ လည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး နောက်တနေ့၌ မိုင်းဆတ်ခရိုင်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ဤပြသနာမည်သို့ဖြေရှင်းသည်ကို နှစ်ဖက်စလုံးမှ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပါ။
 
ပြသနာဖြစ်ပွါးရာဒေသမှာ တာချီလိတ်တောင် ဘက် မိုင်းဆတ်ခရိုင်အတွင်းရှိ လွယ်လန်းဒေသတွင်ဖြစ်သည်။ ၎င်းဒေသမှာ ၁၉၉၈ နောက်ပိုင်းနဝတ၏သဘောတူညီချက်ဖြင့် UWSA အခြေစိုက်သောဒေသဖြစ်ပြီး UWSA က ၁၇၁ စစ်ဒေသ အဖြစ် သတ်မှတ်ထားသောဒေသဖြစ်သည်။ ထိုဒေသရှိ ဝ တပ်ဖွဲ့အား ၂၀၀၉ နှစ်က နအဖ အစိုးရက ဝနယ်မြောက်ပိုင်း သို့ပြန်လည်ဆုတ်ခွါ ရန် အကြောင်းကြားခဲ့သော်လည်း UWSA မှ လက်ခံခြင်းမရှိခဲ့ပေ။ ၂၀၁၅ စက်တင်ဘာ ၁၂ ရက်နေ့ ကျိုင်းတုံမြို့ေ ဆွေးနွေးပွဲတွင်လည်း UWSAအနေနှင့် NCA လက်မှတ်မထိုးပါက မိုင်းဆတ်ခရိုင် လွယ်လန်းဒေသတွင်းရှိ UWSA တပ်ဖွဲ့တည်ရှိမှုကို အစိုးရကတာဝန်မယူနိုင်ဟု၍ဦးသိန်းဇော်က ပြောကြးခဲ့သည်ဟု ဆိုပါသည်။တာချီလိတ်တွင်ကျင်းပသောထိုင်းမြန်မာ နယ်စပ် ဆွေးနွေးပွဲများတွင်လည်း ၎င်းဒေသရှိ UWSA တပ်များ နယ်စပ်မှနောက်ဆုတ်၍ တပ်စွဲပေးရန်ထိုင်းဖက်မှ မြန်မာအစိုးရ ဖက်သို့ တောင်းဆိုထားသည်မှာ နှစ်ကြိမ်ရှိသွားပြီဖြစ်သည်။
 
သို့ဖြစ်ရာ မိုင်းဆတ်ခရိုင် လွယ်လန်းဒေသရှိ UWSA ၏ ၁၇၁ စစ်ဒေသမှာ ပြသနာဖြစ်ပွါးနိုင် စရာ မီးပွါးဟုဆိုရပေမည်။ UWSA ၏ စစ်အင်အားနှင့်နယ်မြေအကျယ်အဝန်းအရ ကြီးမားသော စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲရမည်ဖြစ်ရာ အဖက်ဖက်ကချိန်ဆ နေပုံရသည်ဟု တွက်ဆရသည်။
 
မြန်မာစစ်ဖက်မှ အငြိမ်းစားစစ်အရာရှိကြီးတစ်ဦးကမူ မြန်မာ စစ်ဖက်မှ ကျဆုံးဒဏ်ရာရ စစ်သည်ငါးထောင်ခန့် အရင်းအနှီး စတေးပေးနိုင်လျင် ဝနယ်ကို တိုက်ခိုက်ခိုက်သိမ်းပိုက်နိုင်မည်ဟု တွက်ချက်ခန့်မှန်းသည်ဟုဆိုသည်။ သို့ရာတွင်ကိုးကန့်စစ်ပွဲအတွင်းတွေ့ရသော မြန်မာစစ်ဖက်၏ ခြေလျင် တပ်၏ တိုက်စွမ်းရည်နှင့် လက်ရှိခြေလျင် တပ်များ၏ စစ်အင်အား လျော့ကျမှုအရ ဝနယ်မြောက်ပိုင်းပါ စစ်ပွဲကူးစက်မည်ကို ထည့်သွင်း တွက်ချက်ခြင်း UWSA ၏ လက်နက်ကြီးအသုံးပြုနိုင်စွမ်းကို ထည့်သွင်းတွက်ချက်ခြင်း UWSA ၏ စစ်အင်အားနှင့် လှုပ်ရှားနိုင်စွမ်းကို ထည့်သွင်းတွက်ချက်ခြင်း ပြုမည်ဆိုပါက အဆိုပါအငြိမ်းစားစစ်ဖက်အရာရှိကြီးတွက်ချက်သည်ထက် နှစ်ဆခန့်ဖြစ်သွားနိုင်ပေသည်။ မြန်မာစစ်ဖက်အနေနှင့်လည်း  စတုတ္ထမျိုးဆက် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများကို ယခင်ကထက် မြင့်မားစွာအသုံးပြုနိုင်ချေရှိရာ ဖြစ်ပွါးခဲ့ပါက မြန်မာ့စစ်သမိုင်းတွင်အကြီးမား အပြင်းထန်ဆုံးစစ်ပွဲ ဖြစ်သွားနိုင်ပေ သည်။
 
တကယ်ဆိုလျင် ဝ ပြသနာသည် ကြာမြင့်စွာမကုဘဲထားသည့် အတွင်းလှိုက်စားနေသည့်မြုံနေသည့်အနာနှင့်တူသည်။ သင့်လျော်သည့်ဆေးနည်းနှင့်မှန်ကန်စွာမကုသနိုင်ပါက ခွဲဟယ် စိတ်ဟယ် ဖြတ်ဟယ် တောက်ဟယ်နှင့် ပြင်းထန်သည်းသန် သွားနိုင်သည်ဟု သုံးသပ်ရပါသည်။
 
သို့ဖြစ်ပေရာ NCA အားလုံးပါဝင်နိုင်ရေး နိုင်ငံရေးဆွေးနွေးပွဲ များတွင် အားလုံးပါဝင်နိုင်ရေးကိုရှေ့ရှု မလုပ်ဆောင်နိုင်ပါက စိုးရိမ်စရာအခြေအနေများသည် ဆက်လက်ရှိနေဦးမည် သာဖြစ်ပေသည်။
 
စူပါ ပါဝါအားပြိုင်မှုကြားက NCA
 
အကြိမ်ကြိမ်တင်ပြခဲ့ပြီးသကဲ့သို့ပင် မြန်မာ နိုင်ငံသည် စူပါ ပါတို့၏ အားပြိုင်မှု အလယ်တွင်ကျရောက်နေသည်ကို လေးနက်ကြစေချင်ပါသည်။ဒေသတွင်း၌ အမေရိကန် အနောက်အုပ်စု ဂျပန်တို့နှင့် တရုတ်၏ အားပြိုင်မှုမှာ သိသိသာသာ မြင့်တက်လာနေသည်။ စူပါ ပါဝါတို့သည်မိမိဖက်ပါစေရန် အစိုးရအားဆွဲဆောင်နေသကဲ့သို့ အစိုးရအားဆန့်ကျင်တိုက်ခိုက် ဆန့်ကျင်နေသည့် အင်အားသောင်းအချို့ရှိနေ သောတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ပစ်ပယ်မထားကြချေ။
 
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြသနာ ပြည်တွင်း ငြိမ်းချမ်းရေးပြသနာသည် မည်သို့ပင်မြန်မာ့ပြည်တွင်းရေးဟု ပြောနေသည်ဖြစ်စေ နိုင်ငံတကာစူပါ ပါဝါများ၏ ပါဝင်ပတ်သက် နေမှုကို မှန်မှန်ကန်ကန် ကြည့်မြင်ကိုင်တွယ်ရန်လိုသည်။ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မဆိုသူတို့အားကူညီမည့် နိုင်ငံတကာအကူအညီကို ရှာဖွေမည်သာဖြစ်သည်။ မြန်မာတို့ သည်လည်းအင်္ဂလိပ်လက်အောက်မှလွတ်မြောက်ရန် ဂျပန် အကူအညီယူဘူးခဲ့သည်သာဖြစ်သည်။
 
လက်ရှိ အပစ်ရပ်လက်မှတ်ထိုးရန် ကျန်နေ သည့် အဖွဲ့များတွင် မွန်ပြည်သစ်ပါတီ NMSP နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ လွဲ၍ကျန်အဖွဲ့များမှာ တရုတ်နယ်စပ်တလျောက်ရှိ အဖွဲ့များဖြစ်ပြီး စစ်အင်အား လက်နက်အင်အားအရ တောင့်တင်းသည်ဟု သတ်မှတ်ခံထားရ သောအဖွဲ့များဖြစ်သည်။  ဤသို့သော အခြေအနေအောက်တွင် NCA တွင်အားလုံး ပါဝင်ရေးကိုအမြန်ဆုံးဆောင်ရွက်ခြင်းသည် ပြည်ပစွက်ဖက်မှုများကို အမြန်ဆုံးလျော့ချနိုင်သည့် လမ်းကြောင်းဖြစ်ပေလိမ့်မည်။ ပြည်တွင်းအင်အားများကို မှန်မှန်ကန်ကန် စုစည်းနိုင်သည့် လမ်းကြောင်းလည်းဖြစ်သည်။ တဖက်ကလည်း စူပါ ပါဝါမျာ အလယ်တွင် မျှတသည့်ဟန်ချက်ညီသည့်ပေါ်လစီကျင့်သုံးရန်လို ပေသည်။
 
ငြိမ်းချမ်းရေးချိုးဖြူ ကူနိုင်လေရန်
 
လက်ရှိ NCA တွင်အားလုံးပါဝင်နိုင်ရေးအတွက် အဓိက ဖြေရှင်းရမည့်ပြသနာမှာ အားလုံးပါဝင်ခွင့်ပြုရေးဖြစ်သည်။ သမတ အနေနှင့် TNLAနှင့်ပတ်သက်ပြီး သဘောတူလိုက်ပြီဖြစ်သော် လည်း MNDAA ကိုးကန့် နှင့် AA ရခိုင် နှစ်ဖွဲ့ကျန်နေသေးသည်။ ထိုနှစ်ဖွဲ့နှင့်ပတ်သက်ပြီး အမြန်ဆုံးနည်းနာရှာပြီး လုပ်ဆောင်နိုင် ပါက အားလုံးပါဝင်ရေးသည် ရှောရှောရှူရှူ ဖြစ်သွားပေလိမ့်မည်။

KIA အပါ အားလုံးပါဝင်လာပါက နိုင်ငံရေး ဆွေးနွေးပွဲများတွင် UWSA နှင့် NDAA တို့ပါဝင်လာရေး ခက်ခဲတော့မည်မဟုတ်ပေ။

ဤအချက်နှင့်ပတ်သက်၍ အစိုးရ၏ အမြင်နှင့်ဆုံးဖြတ်ချက် ပြောင်းလဲဖို့ကအရေးကြီးသည်။
 
ဒုတိယအနေနှင့် အစိုးရအနေနှင့် စစ်တပ်၏လှုပ်ရှားမှုများကို စနစ်တကျထိမ်းချုပ်ရန်လိုသည်။ NCA လက်မှတ်ထိုးရန် စစ်ရေးအရဖိအားပေးခြင်းသည် ကောင်းကျိုးထက်ဆိုးကျိုး ပိုများဘွယ်ရာရှိသည်။ထို့ပြင် မလိုလားသည့် အကျိုးဆက်များ  ဖြစ်လာနိုင်ဘွယ်ရာရှိသည်။
 
တတိယအနေနှင့် အပစ်ရပ်လက်မှတ်ထိုးရေးတွင်ပါဝင် ပတ်သက်နေသော ဖက်အားလုံးအနေနှင့် လက်ရှိအားလုံး လက်မှတ်မထိုးနိုင်သည့်အခြေအနေတွင် တဖက်နှင့်တဖက် ပြစ်တင်ဝေဖန်ကြသည်ထက် ဖြေရှင်းနည်းလမ်းရှာရေးကို ဦးတည်သင့်သည်။
 
စတုတ္ထအနေနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များသတ်မှတ်မည့် ကိစ္စရပ်အား အားလုံးပါဝင်အောင်အရင်လုပ်ပြီးမှ စရန်လိုသည်။ အားလုံးမပါ ဝင်မှီတဖွဲ့ချင်း၏ ပြသနာများကို အရင်ဖြေရှင်းရန် ရှေ့ရှု့သင့်သည်။
 
ပဉ္စမအချက်အနေနှင့် မိမိဒေသတွင်းအားပြိုင်နေသည့် စူပါ ပါဝါများအား မျှတသည့်ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိမ်းညှိ လုပ်ဆောင်ရန်လိုအပ်သည်။ တိုင်းရင်းသားအင်အားစုများ စူပါ ပါဝါ တဖက်ဖက်ပါမသွားစေရန်၎င်း စူပါဝါနှင့်နီးကပ်သည့်ဆက်ဆံရေး ထူထောင်ပြီး တိုင်းရင်းသားအဖွဲ့များ NCA လက်မှတ်ထိုးရာ တွင်ပါဝင်ရေးကို၎င်း လိမ္မာပါးနပ်စွာလုပ်ဆောင်ရန်လိုအပ်သည် ။

သို့မဟုတ်ဘဲ စူပါ ပါဝါတဖက်ဖက်နှင့် ပိုမိုပူးကပ်သွားသည့် အခြေအနေသို့ရောက်ရှိသွားပါက ကိုင်တွယ်ရန် ပိုမိုခက်ခဲ သွားပေလိမ့်မည်။

 
လက်ရှိအချိန်တွင် ရွေးကောက်ပွဲကာလနှင့် အစိုးရ အကူးအပြောင်းကာလဖြစ်ပေရာ မြို့ပေါ်နိုင်ငံရေးပါတီများ အနေနှင့် ထိုကိစ္စရပ်များဖြင့်အလုပ်ရှုပ်နေပေရာ အစိုးသစ်ဖွဲ့စည်းပြီးသည် အထိ နိုင်ငံရေးဆွေးနွေးပွဲကိစ္စရပ်များ ရွှေ့ဆိုင်းသင့်ပေသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြသနာဖြေရှင်းရာတွင် မြန်ဆန်ဖို့ထက် မှန်ကန်ဖို့ အခြေခံကောင်းဖို့ကပိုအရေးကြီး ပါသည်။
 
သို့မှသာ ငြိမ်းချမ်းရေး ချိုးဖြူငှက်မြန်မာပြည်အနှံ ခရီးဆန့်၍ လွတ်လွတ်လပ်လပ်ကူနိုင်ပေလိမ့်မည်။
သို့သော် ဤဆောင်းပါးရေးနေသည့် ၂၀၁၅ အောက်တိုဘာ ၆ ရက်နေ့တွင် ရှမ်းပြည်မိုင်းရှူးဒေသ တာဆောင်ဖူးတွင် SSPP/SSA နှင့်၎င်း ကျောက်မဲခရိုင် ပန်စံ ပန်ဖျက်ကျေးရွာအနီးတွင် TNLA နှင့်၎င်း မူစယ်ခရိုင် ဟိုဖျက် တီမား ရွာများတွင် KIA နှင့်၎င်း အစိုးရစစ်ကြောင်းများ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွါးနေသည် ဟူသည့် သတင်းများတက်လာနေသည်။ ၂၀၁၅ အောက်တိုဘာ ၆ ရက် တနေ့ထဲတွင် ဖြစ်ပွါးနေသော တိုက်ပွဲများဖြစ်သည်။
ငြိမ်းချမ်းရေးချိုးဖြူငှက်ကူရန် ခက်ဆဲဟူ၍သာ ဆိုရပေတော့ မည်။တောင်ပြာတွေ၏တခြားတဖက် မျက်နှာတွင် ချယ်ရီတွေ ယမ်းနံ့စွဲနေဆဲဖြစ်ပါ သည်။
အင်္ဂါမစုံသည့် NCA ကို အတင်းမွေးဖို့ကြိုးစားကြလျင်တော့ ရှောမွေးသာဖြစ်ပြီး အသက်ရှင်လမ်းရှိမည်မဟုတ်ပါချေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts