သရော်စာ

မောင်ဥက္ကလာ – အဘတို့ကို ပစ်ပယ်ချင်လား – ဒါဖတ်ပြီးမှ မဲရုံဝင်ပါ

 

မောင်ဥက္ကလာ – အဘတို့ကို ပစ်ပယ်ချင်လား – ဒါဖတ်ပြီးမှ မဲရုံဝင်ပါ

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၅

ကျေးဇူးရှင် တရုတ်အစိုးရ အထောက်အပံ့၊ နိုင်ငံတကာ အကူအညီနဲ့ ကျွမ်းထိုးမှောက်ခုံ ရွှေပြည်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်အောင် ဝလချီးလည် ကြိုးစားတည်ဆောက်နေတဲ့ တပ်မတော်-အရပ်သားအစိုးရဲ့  စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်အောက်မှာ ထိန်းမနိုင် သိမ်းမရ တဒုန်းဒုန်း တဝုန်းဝုန်း တိုးကြပ်လာနေတဲ့ မြို့ တော်ဟောင်း ရန်ကုန်မြို့ ကြီးကို ဒီမိုကရေစီအစိုးရ နဲ့ စစ်တပ် တလှည့်စီ အုပ်ချုပ်နေတဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံကနေ ပြန်ရောက်လာခဲ့တယ်။

ထိုးမယ်မထိုးဘူး ရှုပ်ထွေးပွေလီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ရေးကြီးသုတ်ပျား ပြန်ပြေးလာတဲ့အကြောင်းက ဘယ်လို မူဝါဒ၊ ဘယ်လို ပေါ်လစီတွေနဲ့ နိုင်ငံတော် တည်ဆောက်ရေးတွေ လုပ်မယ်ဆိုတာ ပြောစရာမလို၊ ဘယ်သူဘယ်ဝါ သမ္မတလုပ်ပြီး တိုင်းပြည်ကို ဘယ်လို ပုံစံမျိုးနဲ့ အုပ်ချုပ်မယ်ဆိုတာကို မဲဆန္ဒရှင်တွေ ကြိုတင် သိစရာမလို၊ ဘာဆိုဘာမှ တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောပြတင်ပြစရာ မလိုတဲ့ ရွေးကောက်ပွဲကြီးမှာ ပါဝင်ဆင်နွှဲနိုင်ဖို့၊ အခြေအနေကောင်းရင် ကြိုတင်မဲ၊ နောက်တိုးမဲနဲ့ အနိုင်ယူမယ့် အဘတို့ပါတီ၊ (၃၀) ရာခိုင်နှုန်း မဲစာရင်းပါ ပြည်သူတွေရဲ့  ဆန္ဒမဲနဲ့ သောင်ပြိုကမ်းပြို အနိုင်ယူမယ်လို့ မျှော်မှန်းထားတဲ့ အမေတို့ပါတီကနေ ဒါမှမဟုတ် “ကြိုက်ရင်မဲပေး၊ မကြိုက်ရင်မဲမပေးပါနဲ့” လို့ ခပ်တင်းတင်း၊ ခပ်မာမာ ပြောသွားတဲ့ ဟိုနိုင်ငံရေး ပုရောဟိတ်ကြီးတဦးရဲ့  အမတ် (၃) ယောက်တပိုင်းပါတီကနေ အမတ်လောင်း ဝင်ရွေးခံမလား ဆားချက်အကြံနဲ့ပေါ့။

နို့ပေမယ့် အလာကောင်းပေမယ့် အခါကမကောင်း … မိမိတို့ ရပိုင်ခွင့်တွေကို ထိန်းသိမ်းရယူရာမှာ ပြိုင်စံရှား ကျွမ်းကျင်တဲ့ အဘတို့က အနှစ် (၂၀) ကျော် အချိန်ယူပြီး ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ခြေဥကြီးကြောင့် နှစ်ပေါင်းများစွာ ပြည်ပရှောင်သွားခဲ့သူတွေ၊ ပြည်တော်ပြန်ဝင်လာသူတွေအတွက် အခွင့်အလမ်းမရှိ။ ဒါပေမဲ့ မောင်ဥက္ကလာအဖို့ ငါးမရ ရေချိုးပြန် ဆိုသလို သေသူတွေ ပြန်ရှင်၊ ပျောက်သူတွေ ပြန်ပေါ် – ရှိသူတွေ မပါ၊ မရှိသူတွေ ပါနေတဲ့၊ အကြိမ်ကြိမ် စီစစ်ပြုစုထားတဲ့ မဲစာရင်းကြီးကိုကြည့်ပြီး၊ ပျော်စရာအလွန်ကောင်း၊ ကမ္ဘာ့မှတ်တမ်းဝင်မယ့် ရွေးကောက်ပွဲကြီးကို တပွဲတလမ်း ရရာအပေါက်က စောင့်ကြည့်ဝင်နွှဲဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီရက်အတွင်း ရွှေပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို စာဖတ်သူအပေါင်း ဖွဘုတ် နဲ့ မိုးလုံးပြည့် မုသားဝါဒတွေ ထုတ်လွှင့်နေတဲ့ သတင်းမီဒီယာ၊ ဂျာနယ်တွေကတဆင့် ကြားမိကြမှာပေါ့ … ဘယ်နေရာကြည့်ကြည့် ကားလမ်းတွေပိတ်၊ လမ်းသွားလမ်းလာတွေ စိတ်အနှောက်အယှက်ဖြစ်၊ လူတွေ အိပ်မရ၊ ကျောင်းသားတွေ စာဖတ်ပျက် စည်းလွတ်ဝါးလွတ် ပွက်လော်ရိုက် အောင်ပွဲခံနေတဲ့ ကိုယ့်အမျိုးကိုယ့်အသွေးကို မျက်စိပိတ်နားပိတ်၊ တံခါးပိတ် ချစ်ပါတယ်ဆိုတဲ့ မဘသ / ၉၆၉ တွေရဲ့   မျိုးချစ်ဇာတိမာန် သီချင်းသံတွေ၊ ဟောပြောသံတွေ။ မဲပေးခွင့်ရသူထက် ပိုများတဲ့ နိုင်ငံရေးပါတီတွေရဲ့  အသံမစဲ ရွေးကောက်ပွဲတပ်လှန့် လှုံဆော်သံတွေနဲ့ ရွှေဗမာတွေ ပျော်နေကြတာ – အီရန် အစ္စလာမ် သီအိုကရေစီ (theocracy) စနစ်ကို အားကျတဲ့ ဘုန်းကြီးတွေ၊ လက်နက်ပိုက်ပြီး အာဏာဆက်ချင်တဲ့ တပ်မတော်အစိုးရအောက်မှာ ဒီမိုကရေစီစနစ် ထူထောင်ချင်သူတွေနဲ့ မိုးမမြင်လေမမြင်။

ပျော်နိုင်သူတွေ ပျော်ကြပါစေ။ နိုဝင်ဘာလ (၈) ရက်နေ့အထိတော့ စိတ်ကူးအိပ်မက်မျိုးစုံနဲ့ အပျော်ကြိုက်တဲ့ ရွှေဗမာတွေ ပျော်ကြပေါ့။

အဲ့ဂလို အထက်ဘဝဂ် နတ်သိကြားတွေ နားကွဲအောင် ဝုန်းဒိုင်းကြဲသံတွေနဲ့ ကျင်းပတော့မယ့် ဝိုးတိုးဝါးတား ရွေးကောက်ပွဲကြီးမှာ ဘယ်ပါတီ၊ ဘယ်သူဘယ်ဝါကို မဲပေးရွေးချယ်ပေးသင့်လဲလို့ မြန်မာ့အရေး သုံးသပ်နေသူ (ကိုယ့်ဘာသာ ပေးထားတာ) မောင်ဥက္ကလာကို အထင်ကြီးအားကိုးပြီး (လဘက်ရည်ခေါ်တိုက်လို့) မေးလာတဲ့ အမေ့အိမ်နားက အလုပ်အကိုင်မရှိ၊ တနေ့တနေ့ ဟိုငိုင်ဒီငေး၊ ရင်ဘတ်စည်တီး ညစ်နေ ကွေးကောက်နေသူတွေကို လူတတ်လုပ် ပြောခဲ့တဲ့ မောင်ဥက္ကလာရဲ့  အတွေးအမြင်ကို စာဖတ်သူတွေက မိမိတို့အမြင်နဲ့ နှိုင်းယှဉ်စမ်းစစ်ပြီး ဘယ်အဝှာ၊ ဘယ်ပါတီကို မဲပေးသင့်သလဲ ဆုံးဖြတ်ပေါ့။ ကျုပ်ပြောတာကို ကြိုက်ရင် like လုပ်၊ မကြိုက်ရင် မ like နဲ့ပေါ့။

တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဘာဆိုဘာမှ မလုပ်ကိုင်ပြသေးတဲ့ တခြားပါတီတွေ၊ ခေါင်းဆောင်ဆိုသူတွေအကြောင်း သိပ်မသိတော့ သူတို့အကြောင်း မပြောတတ်ဘူး။ ဒါပေမဲ့ အမြဲတကောက်ကောက်လိုက် စောင့်ကြည့်နေခဲ့တဲ့  ရွှေပြည်ကြီးအတွက် မရှိမဖြစ်၊ မြို့ မေတ္တာခံယူထားတဲ့ အဘတွေရဲ့  နှစ်ပေါင်းအင်္သချေ (တိုင်းကျိုးပြည်ကျိုး) ကိုယ်ကျိုးအတွက် စွန့်လွှတ်စွန့်စား၊ စွမ်းစွမ်းတမံ လုပ်ဆောင်မှုတွေကိုတော့ ပြောပြချင်တယ်။ ပြောင်းလဲချိန်တန်ပြီး အမှန်တကယ် ပြောင်းလဲဖို့ ဘယ်သူဘယ်ဝါကို မဲပေးစို့ ဆိုပြီး ကြွေးကြော်နေသူတွေနဲ့ အစားထိုးသင့်သလားဆိုတာကို မဲဆန္ဒရှင်တွေ နဖူးပေါ်လက်တင် စဉ်းစားစေချင်တယ်။

ကဲ ဒီတော့ … ကံကောင်းထောက်မလို့ ကိုယ့်နာမည် (၃၀) ရာခိုင်နှုန်း မဲစာရင်းထဲမှာပါခဲ့တဲ့ မဟာကံထူးရှင် မဲဆန္ဒရှင်အပေါင်းတို့ … မိမိတို့ရဲ့  အသည်းကြားက မဲတပြားကို အဖြူကနေ အမည်း ပြောင်းသွားနိုင်တဲ့ ဟပ်ချလောင်း မဲပုံထဲမထည့်ခင်မှာ နိုင်ငံတော် အကျိုးပြုမယ့် အမတ်လောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့ အရေးကြီးတယ် မဟုတ်လား။ အဲဒါကြောင့် ကျုပ် ပြောချင်တာက နှစ်ပေါင်းများစွာ တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုခဲ့တဲ့၊ ပြည်သူတွေရဲ့  မေတ္တာရေတွေ ပြည့်လျှံလျက်ရှိတဲ့ အဘတို့ လုပ်ရပ်တွေကို တချက်စောင်းမြောင်း ကြည့်ဖို့ပြောချင်တယ်။

ပြိုင်စံရှား အဘတို့က သမိုင်းမှတ်ကျောက်တင် လုပ်ရပ်ကျော်စောထင်ပေါ်မှုကို ရွှေပြည်သားတွေမက ကမ္ဘာကြီးက အသိအမှတ် ပြုထားတယ် မဟုတ်လား။ လက်ရှိ အဘတွေရဲ့  အဘမင်းခေါင်လက်ထက် (ကိုလိုနီ ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ချိန်) ကနေစပြီး ကမ္ဘာကျော် နိုင်ငံဂုဏ်ဆောင်တွေ ဖြစ်ခဲ့တာ။

သယံဇာတ အလွန်ပေါကြွယ်ဝတယ်လို့ သတ်မှတ်ခြင်းခံရ၊ အသိပညာရှင် အတတ်ပညာရှင် ပေါများတဲ့ တိုင်းနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်မယ့် အာရှကျားလို့ ကမ္ဘာ့စီးပွားရေး ပညာရှင်တွေ ဟောကိန်းထုတ်ခံခဲ့ရတဲ့ တိုင်းနိုင်ငံကို အဘ အင်ပါယာ ထူထောင်ခဲ့တဲ့ ဖခင်ဗိုလ်ချုပ်ကြီးရဲ့  အာဏာတန်းခိုးကြောင့် ကမ္ဘာ့ကုလသမဂ္ဂကြီးက LDC (least developed country) ဆိုတဲ့ ရတောင့်ရခဲ ဘွဲ့ဂုဏ်ထူးကြီးကို ချီးမြှင့်ခဲ့တယ်။ ဒီဘွဲ့တော်ကြီးကို ဒီနေ့အထိ ဘမျိုးဘိုးတူ မျိုးဆက်အလိုက် ဆက်ခံပြီး နိုင်ငံတကာ အကူအညီချေးငွေ၊ ထောက်ပံ့ငွေတွေနဲ့ တိုင်းပြည်ကြီးကို တည်ဆောက်နေတာ တွေ့မြင်ကြတဲ့အတိုင်း (၂၁) ရာစုရောက်ချိန်မှာ ကျုပ်တို့ ရွှေပြည်ကြီး ဘယ်အဆင့်ရောက်  ဘယ်လောက် တိုးကြပ်လာခဲ့ပြီလဲ။

တိုင်းပြည်ငြိမ်းချမ်းရေးကို ကြည့်လိုက်အုံး … တိုင်းပြည်လွတ်လပ်ချိန်ကတည်းက ဗမာစကား ကောင်းကောင်းမပြော၊ အဘတို့ ကြိုးစားတည်ဆောက်နေခဲ့တဲ့ ဗမာလူမျိုးကြီးဝါဒအောက်မှာ ဝပ်စင်းဝပ်တွား မခိုလှုံချင်ကြ၊ ဆူပူထကြွ ပုန်ကန်ခြားနားနေကြတဲ့ တိုင်းရင်းသားအုပ်စုတွေကို စာမတတ်ပေမတတ်၊ အသက်မပြည့် လူမမယ်စစ်သား အသက်ပေါင်းများစွာ စတေးပြီး ချေမှုန်းသုတ်သင်၊ တောတောင်တိုင်းတပါးတွေကို မောင်းထုတ်ခဲ့တာ အဘတို့ ဖြစ်တယ်။ ဒီလို တိုင်းပြည်ရန်စွယ်တွေကို ပက်ပက်စက်စက် ချေမှုန်းနေတာ တိုင်းပြည်အရေး အဘတို့ တွေးပူလို့။ ဒီလုပ်ရပ်အတွက် လူ့အခွင့်အရေး စောင့်ကြည့်ရေးတို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့တွေရဲ့  အသိအမှတ်ပြုခြင်းခံရ၊ အရေးတယူ ပြောဆိုခံရတာပေါ့။ အဘတို့သာ မရှိရင် ဒီလိုကမ္ဘာ့ကြီးရဲ့  အလေးထားမှုကို ဘယ်ရတော့မလဲ။

ဒီလို နိုင်ငံတကာ အသိအမှတ်ပြုခံ လုပ်ဆောင်နေရတာ အဘတို့ ကိုယ်ကျိုးစီးပွားအတွက် မဟုတ် တိုင်းပြည်ကြီး ငြိမ်းဝပ်ပိပြားဖို့ပါ။ ကြည့်လေ … အဘတို့ကြောင့် တိုင်းပြည်ကြီး ဘယ်လောက် တည်ငြိမ်အေးချမ်းလဲ။ အဘတို့ အစွမ်းကြောင့် နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် ထောင်လွှားချင်တဲ့ လက်နက်ကိုင်တွေ ဒီနေ့လား မနက်ဖြန်လား မသိ လက်နက်ချ၊ လက်မှတ်ထိုးကြဖို့ စဉ်းစားနေတယ်။ မထိုးမှာကို စိတ်မပူနဲ့ … အဘတို့က ရှင်းတယ်ပြတ်သားတယ်။ အခုအချိန်အထိ အင်းမလှုပ်အဲမလှုပ် နောက်ကြောင်းပြန်လှည့်ချင်တဲ့ အုပ်စုတွေကို သင်ခန်းစာပေးဖို့ တိုင်းရင်းသားဌာနေရာတွေမှာ တပ်အင်အားအပြည့် ချထားပြီးပြီ။ အဲ့ဂလို လုပ်နိုင်တာ အဘတို့ပဲ ရှိတယ်လေ။

ဘာသာတရားကိုင်းရှိုင်း၊ အမျိုးဘာသာ သာသနာ စောင့်ထိန်းသူတွေဆိုတာလည်း ပြောစရာမလို။ အဘတို့ကြောင့် ကျုပ်တို့ ဗုဒ္ဓသာသနာကြီး နေလိုထွန်းတောက် တဟုန်းဟုန်း ဖြစ်နေတယ် မဟုတ်လား။ အခုဆိုရင် မဟာဗုဒ္ဓဝါဒ  အမျိုးသာသနာကို စောင့်ထိန်းတန်းခိုးထွားစေမယ့် – မတူကွဲပြား ကိုးကွယ်ဆည်းကပ်သူတွေကို ဟန့်တားဖို့၊ မာတုဂါမတွေရဲ့  အာဝါဟဝိဝါဟတွေကို စောင့်ကြည့်ရှင်းဖို့ မဘသ/၉၆၉ အဖွဲ့ကြီးမျိုး ပေါ်ထွန်းခဲ့တာ၊ ကမ္ဘာကျော် Times မဂ္ဂဇင်းကြီးရဲ့  မျက်နှာဖုံးရှင် ဦးဝိရသူတို့ ရှိလာခဲ့တာ အဘတို့ရဲ့  ပံ့ပိုးစွမ်းဆောင်မှုကြောင့် မဟုတ်လား။

အဲ့ဂလို အမျိုးဂုဏ် ဇာတိဂုဏ် ဦးထိပ်ထားဆောင်ရွက်နေတဲ့ အဘတို့က ကိုယ့်အလုပ်ကိုယ်မလုပ်  လယ်သမားကိစ္စ ဝင်ရှုပ်တဲ့ သင်္ကန်းဝတ်တွေကိုတော့ မီးလောင်းဗုံး ကပ်လိုက်တာကို ရွှေပြည်သားတွေအသိ။ ကမ္ဘာကြီးတောင် အထိတ်တလန့် ဖြစ်သွားတယ်။ ဒါကြောင့် သာသနာကို စောင့်ရှောက်ကာကွယ် မြှင့်တင်နေတဲ့ မျိုးချစ်အဘတို့ကို ပြည်သူတွေ ပစ်ပယ်သင့်သလား။

ဂျောက်ထဲကျတော့မယ် နိုင်ငံတော်ကြီး ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တဲ့ အဘတို့ ဒီနေ့အထိ တိုင်းပြည်တိုးတက်ရေးအတွက် ဘာတွေ လုပ်ဆောင်ခဲ့သလဲ မေးချင်သေးတယ် ဟုတ်လား။ ရွှေပြည်ကြီးမှာ ဘယ်တိုင်းနိုင်ငံမှာမှ မရှိသေးတဲ့ ဝါးကူးသစ်ပိုး (Made in Myanmar) ကမ္ဘာ့အဆင့်မီ တံတားကြီးတွေ နိုင်ငံတဝှမ်းမှာ တွေ့နိုင်တယ်။ နာရေး ကိုကျော်သူတို့ အလုပ်ဖြစ်အောင်၊ ခရီးသွားတွေ အလွန်ကုသိုလ်ရတဲ့ ကွေ့ရင်မှောက် တိမ်းရင်တိုက် နေပြည်တော်သွား အဝေးပြေးလမ်းမကြီးမျိုး။ တောင်တန်းကြီးတွေ တွင်းဖြစ်၊ သစ်တောတွေ ကန္တာရဖြစ်၊ လယ်မြေတွေ တပ်ပိုင်မြေ ဦးပိုင်မြေဖြစ်၊ မြစ်ချောင်းတွေ သောင်ထွန်း မြို့ ရွာတွေ ရေလျှံ၊ အဲ့ဂလို မယုံလောက်စရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေက အဘတို့ရဲ့  တိုင်းပြည်ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့်ပေါ့။

ဂယ်ဘဲ ကျန်းမာရေး၊ ပညာရေး ဘယ်အရေးကိစ္စ ပြောချင်သေးလဲ။ နိုင်ငံတော်ရဲ့  ဆေးရုံကြီးတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အလွန်ကောင်းလို့ ပြည်သူတွေကို ဦးစားပေးပြီး၊ အဘတို့ မိသားစုတွေကတော့ အနစ်နာခံပြီး စင်္ကာပူ၊ ထိုင်း၊ ဥရောပ တိုင်းခြားတွေမှာ သွားကုကြတယ်။ ပညာရေးကဏ္ဍ တိုးတက်မှုကတော့ အံ့ဘနန်း … ပညာရေးကို အနှောင့်အယှက်ပြု ဝင်ရှုပ်မယ့် ကျောင်းသားသမဂ္ဂကို ဆောက်ခွင့်မပြုဘူး။ ပညာရေးစနစ် ပြောင်းလဲတိုးတက်ရေး ဘာညာဆိုပြီး ဆူပူကြတဲ့ ကျောင်းသားတွေကို ထိန်းချုပ်ထားတာ ဘယ်သူမှ ဘာမှမပြောဘူး။ တိုင်းပြည်မှာ နိုင်ငံခြား ပညာတတ်များရှိဖို့အတွက် အဘတို့ သားသမီးတွေကို နိုင်ငံရပ်ခြား တက္ကသိုလ်တွေပို့ထားတယ်။ အဲ့ဂလောက် စိတ်ကောင်းစိတ်မြတ်ထား၊ ဥာဏ်အမြော်အမြင်ကြီးတဲ့ အဘတို့ကို မဲမပေးဖို့၊ ဖယ်ရှားဖို့စိတ် ထားသင့်သလား။

အဘတို့ရဲ့  ကောင်းကျိုးအထွေထွေကို ပြောပြရမယ်ဆိုရင်တော့ စာတစ်အုပ်ကျမ်းတစ်စောင် တစ်ထောင့်တစ်ည ပြုစုရေးသားရမယ်လို့ သမိုင်းပညာရှင်တွေက ပြောကြလိမ့်မယ်။ မောင်ဥက္ကလာလို အထင်ကရ မြန်မာ့အရေး လေ့လာသုံးသပ်သူကတော့ အဘတို့ရဲ့  လုပ်ဆောင်ချက် တစေ့တစောင်းကို highlight လုပ်ပြီး ပြောပြတာပါ။

ထောက်ခံအားပေးသူတွေကို ချက်ချင်းလက်ငင်း တုံ့ပြန်တာကိုကြည့် … အဘတို့ မဲဆွယ်ပွဲကို လာသူတွေဆို ဆိုဒါရည် သောက်ရတယ်။ ဒံပေါက်စားရတယ်။ ခြင်္သေတံဆိပ် t-shirt နဲ့ ဦးထုပ်တွေကို ရတယ်။ အဘတို့ကို ပန်းကုံးစွပ်ရင် တကုံးကို (၅) သောင်း ပေးတယ်။ အဘတို့က ရပ်ကျေးတွေမှာ လမ်းတခြမ်းခင်းပေး၊ တမိုးခံ တံတားဆောက်ပေး၊ အဲဂလောက် စေတနာတန်ချိန်များစွာနဲ့ စွမ်းဆောင်ပေးနေတဲ့ ဘေးစကား၊ သွေးထိုးမှုတွေကို နားယောင်ပါးယောင်နဲ့ ခွေးတကောင် ကြောင်တမြီးမှ မထောက်ခံကြရင်တော့ အဘတို့အဖို့ သူတို့မရှိတဲ့ တိုင်းပြည်အနာဂတ်ကို ရင်လေးစိတ်ပူ ထွန့်ထွန့်လူးဖြစ်ပြီး နောက်ဘဝကူး မဖြောင့်မှာ သေချာတယ်။

ကဲ ဝေ့လည်ကြောင်ပတ် ထပ်မပြောတော့ပါဘူး။ အဘတို့ မရှိတဲ့ တိုင်းပြည်ကြီးရဲ့  အနာဂတ်ကို တွေးပူပြီး၊ မဲပေးကြမယ့် မဲဆန္ဒရှင်အပေါင်းတို့ “အဘအင်ပါယာ” ကို အသက်ဆက် ရှင်သန်စေချင်ရင် ကျေးဇူးရှင်အဘတို့ကို ရည်စူးရည်မှန်းပြီး ရေအိုးခွဲ၊ ကြေးစည်ထု၊ ကျောက်ဖရုံသီး ရင်ဝယ်ပိုက်ကာ မဲရုံကို ဝင်ကြပါလေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts