သရော်စာ

သွန်းခ – “ချစ်သား … ငါဘုရား သည် အချဉ်မဟုတ်”

 

သွန်းခ –  “ချစ်သား … ငါဘုရား သည် အချဉ်မဟုတ်”

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၅

၁၉၈၈ အရေးအခင်းကာလ အတွင်းတွင် (ယခင်အခေါ်) ပြည်သူ့ရဲများ အလွန်အလုပ်များခဲ့ကြသည်ကို ကောင်းစွာ အမှတ်ရနေမိပါသေးသည်။ အပြေးအလွှား အလုပ်တကယ်များခဲ့ရသည်မှာ သူတို့ နှင့် သူတို့မိသားစုများ အသက်ဘေးပင် သူတို့ မနည်းလွတ်အောင် ရှောင်နေခဲ့ကြရသည့်ကာလ ။ပြည်သူ့ရင်ငွေ့နွေးမှန်း သိကျွမ်းခဲ့ကြရသည့်ကာလ။ တနည်းအားဖြင့် ဒုစရိုက်မှု တော်တော်များများ လွတ်ထွက်ကုန် ခဲ့သည့်ကာလ။ တရားဥပဒေ စိုးမိုးရေး အလွန်အမင်း ယိုယွင်းမှောင်မိုက် နေခဲ့သည့်ကာလ။ (ထို့ကြောင့် ကျွန်ုပ် တို့၏ ဘဘကြီး ရွေးကောက်ပွဲလွန်ကာလများအတွက် စိုးရိမ်နေပုံရပါလိမ့်မည်) 

 

ထိုကာလ များတွင် မူးယစ်ဆေးဝါး သည် အလွန်တရာပေါများ ခဲ့ပါပေသည်။ တဖြတ်တည်းဖြတ်ကောင်းနေခဲ့ကြသည့် ခေါင်းဖြတ်(၈၈အရေးအခင်း) ကာလအတောအတွင်း မူးယစ်ဆေးဝါး သည် ဈေးပေါပေါ နှင့်ပင် လူငယ်ထုအကြား တိုးဝင် မင်းမူခဲ့ပါလေ၏။ ခပ်တိုတို ရေးရပါတော့ ဘိန်းဖြူ သည် ဈေးပေါပေါ နှင့် နေရာတိုင်း ရနိုင် ခဲ့သည်။ မူးယစ်သားကောင် ဖြစ်ကြရှာသူ အများထဲတွင်ပင် “၈၈ ဘိန်းစား” ဟု ခပ်နှိမ်နှိမ် ခေါ်ကြ၊ပြောကြသည့် ကာလသည် အရေးအခင်း လွန်ကာလပင်ဖြစ်တော့သည် ။ပေါပေါရခဲ့၍ပေါပေါသုံးခဲ့ကြသည်။ တော်တော်များများလည်း အသက်ဆုံးပါးကုန်ကြပါ၏။  အတိုင်းအဆမဲ့စွာ သွေးကြောထဲ ထိုးသွင်း ခဲ့ကြရာမှ အသက်ပါသွားခဲ့ကြသူများကြောင့် နောင်တရကြသူ “၈၈ ဘိန်းစား” တော်တော်များများ မူးယစ်ဆေးစွဲ လူနာများအဖြစ်ဖြင့်  မူးယစ်ဆေးစွဲရောဂါကုသရေးနှင့်သုတေသနဌာန သို့ရောက်ခဲ့ကြပါသည်။

အရေးအခင်းကပြီးပြီ။ အဖမ်းအဆီးကနိုင်ငံရေးလှုပ်ရှားကြသူများရော မူးယစ်သုံးစွဲ ၊ရောင်းဝယ်များပါ လိုက်ဖမ်းကြလေပြီ ။နိုင်ငံရေးတက်ကြွလှုပ်ရှားကြသူများအား ဖမ်းဆီးထောင်ချခြင်းနှင့် မူးယစ်သုံးစွဲ၊ရောင်းဝယ်များအား ဖမ်းဆီးခဲ့ပုံတော့ အနေအထား ကွာခဲ့ ပါသည်။ အလျော်အစား လုပ်မရ (လာဘ်ထိုးခြင်းကို ဆိုလိုသည်) လုပ်လည်း မလုပ် ၊ခေါင်းမော့ ရင်ကော့၍ထောင်ထဲဝင်သွားကြသူနိုင်ငံရေးလှုပ်ရှား

ဲ့ကြသူများစွာရှိခဲ့ပါသည်။ မူးယစ်လောကတွင်တော့ လျော်နိုင်သူအများ လွတ်နေခဲ့ကြသေး၏။ မနှိုင်းအပ်ရာနှိုင်းသည်ဟု မထင်ကြစေလိုပါ။ အဖြစ်အပျက်ဟောင်းများအား ပြန်လည်ဖော်ပြလိုခြင်းဖြစ်ပါသည်။

မိဘများလည်းသိ၊ အိမ်သူဇနီးမယားများလည်းသိကုန်ကြသည့် မူးယစ်ဆေးစွဲလူနာအများစုသည် လျော်လည်းမလျော်နိုင်၊ ဆေးလည်းမဖြတ်နိုင်၊သုံးစွဲရန်ငွေလည်း မကျန်တော့သည့်အဆုံး ဆေးရုံရောက်လာခဲ့ကြပေတော့၏ ။နောင်တနှင့် အလာကောင်း ခဲ့ကြသူ လူနာအများစု အားဖေးမခဲ့ကြသည့် ဆရာဝန်၊သူနာပြုများရှိခဲ့ပါသော်ငြားလည်း ကံကြမ္မာ သည် လူနာတို့ ဘက်တွင်မရှိခဲ့။ခေတ်ရေစီးကြောင်းနှင့်အညီ ပြောင်းလဲ ပေါ်ပေါက်လာခဲ့သည့် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် သည် လူနာအများစု၏ သွေးထဲ၌ အခန့်သား နေရာယူခဲ့ပြီးနှင့်နေပေပြီ။ လုပ်လိုက်ရသည့် နှစ်သိမ့်ဆွေးနွေးခြင်း များ၊ပေးလိုက်ရသည့် ကျန်းမာရေး ပညာပေးများ၊ လိင်ပိုင်းဆိုင်ရာ ပညာပေးအသိပေးခြင်း အစီအစဉ်များပါမကျန် ရှေ့မျက်နှာနောက်ထားပြောခဲ့ကြရသည်မှာ ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်ခဲ့ပါသည်။

ကုရာနတ္တိ ဆေးမရှိ ဆောင်ပုဒ်ကြီးအောက်တွင် နှစ်သိမ့်ဆွေးနွေးခဲ့ကြရသည်မှာ ကျန်းမာရေးဝန်ထမ်းများအနေနှင့် သိပ်တော့အားမရှိခဲ့ကြ။ “နေကောင်းသွားမှာပါ” တစ်လုံးတည်း အားကိုးနေ၍ မဖြစ်သည့်အဆုံး ခေတ်မီ ရောဂါ ဖြစ်လာမှတော့ ခေတ်မီဆေးလည်း ပေါ်လာပေမပေါ့ … ဟု ခါချဉ်ကောင်မာန်ကြီးသည့် လေသံ နှင့် လူနာအများစုအား နှစ်သိမ့်ဆွေးနွေးခန်း အကြိမ်ကြိမ် ဝင်ခဲ့ရပါပေ၏။ မည်သို့ပင်ဖြစ်စေ လူနာအချင်းချင်း စကားစမြည်ပြောကြရာတွင်တော့ အားငယ်စိုးရွံ့စိတ်တို့ လွမ်းမိုးနေခဲ့သည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။

အိပ်မပျော်သည့် ညပေါင်းများစွာအား ကျော်ဖြတ်ရာတွင် တရားဓမ္မနှင့်ကျော်ဖြတ်လိုခဲ့ကြသူ လူနာအများ ရှိခဲ့ပါ၏။ ခပ်ပျော်ပျော်နှင့် ကျရာ ရောက်ရာဘဝတွင် နေသားကျအောင်နေသွားမည်ဟု ဆုံးဖြတ်ထားကြသူ လူပျော်ဆေးစွဲလူနာအများစုလည်း ရှိခဲ့ကြပါသည်။ မကောင်းမှန်းသိသည်၊ အဘယ်ကြောင့် သုံးစွဲခဲ့ကြပါသနည်း။မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် သုတေသနဌာနအတွင်း ဘာသာရေးကုထုံးအနေနှင့် ဘုန်းတော်ကြီးများပင့်ဆောင်၍ တရားနာစေ၊ တရားကျင့်စေခဲ့ဖူးပါပေ၏။ ဘုရားမကြိုက်ဟု ဆိုဆုံးမခဲ့ဖူးပါသေးသည်။

မကောင်းမှု အကုသိုလ်၌ ပျော်မွေ့တတ်ကြသူများတွင် ပညာတတ်သူအများလည်း ပါဝင်တတ်သည်ကို ထိုစဉ်က ထိတ်လန့်စွာ သတိပြုဖြစ်ခဲ့ မိပါလေ၏။ “နိဗ္ဗာန်ရောက်ကြောင်းတရားကို ဘုန်းဘုန်းဟောသာ ဟောနိုင်ပါမည်ဘုရား၊ တပည့်တော်တို့က အမှန်တကယ် ရောက်ဖူးကြောင်းပါ” ဟု လျှောက်ထားခဲ့ဖူးသူ မူးယစ်ဆေးစွဲလူနာအားလည်း စိတ်မကျန်းမာသူအဖြစ် သတ်မှတ်၍ ဘုန်းတော်ကြီးများ ခွင့်လွှတ်တော်မူခဲ့ကြဖူးပါသည်။ 

 

တစ်ညသား လူနာများအိပ်ချိန်သတ်မှတ်ပေးခါနီး လူနာအချင်းချင်း နောက်ပြောင် ပြောဆိုနေခဲ့ပုံအား ယနေ့တိုင် ကြားယောင်မိနေပါသေးတော့သည်။ အိပ်ရာဝင်ခါနီး ဘုရားရှိခိုးပြီးစ လူနာအား ခပ်ပျော်ပျော် နေတတ်သည့် လူနာမှ … ပြောလိုက်ပုံက

 

” မကောင်းတာလုပ်ခဲ့စဉ်က ဘုရားကိုသတိမရခဲ့ဘဲ ယခုအချိန်မှ နောင်တရ၊ တောင်းပန်လိုက် … အပြင်ရောက် အပေါင်းအသင်းများနှင့်တွေ့ဆုံသည့်အခါ …  ပြန်သုံးစွဲ လိုက်တော့မလုပ်လေနှင့်။ ဘုရားရှင်ကိုယ်တော်မြတ်သည် အလုံးစုံ ကို သိမြင်တော်မူသည် ဖြစ်၍ မဟုတ်မမှန်လုပ်တတ်သူများအား ဘုရားရှင်မိန့်တော်မူသည်မှာ ” ချစ်သား၊ငါဘုရားသည် အချဉ်မဟုတ်” ဟု မိန့်လိမ့်မည်ဟူလေ၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts