ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ရွးကောက်ပွဲဆိုတာ ပြည်သူကိုမျက်နှာမူဖို့ ပြည်သူကိုစည်းရုံးဖို့နှင့် မောင်မိုးသူ

မောင်မိုးသူ – ရွးကောက်ပွဲဆိုတာ ပြည်သူကိုမျက်နှာမူဖို့ ပြည်သူကိုစည်းရုံးဖို့နှင့် မောင်မိုးသူ
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၅

အောက်တိုဘာ ၂၊  ၂၀၁၅ မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

ရွေးကောက်ပွဲဆိုသဟာ ပြည်သူလူထုက ဆန္ဒမဲပေးရတာဖြစ်ပြီး အရွေးချယ်ခံကိုယ်စားလှယ်များက ပြည်သူလူထုကို မျက် နှာချိုသွေး မက်လုံးပေး စည်းရုံးကြရတာမျိုးလေ။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက ကြံ့ခိုင်ဖွံ့ဖြိုးရေးထက် ကိုယ်စားလှယ်ဦးရေပေါင်းများပြီး အရွေးခံတယ်။ အင်န် အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီနာယကကြီး ဦးတင်ဦးတို့က အရပ်တကာလှည့်ပြီး စည်းရုံးရေးတရားဟောကြတယ်။အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေကလည်း မြို့နယ်အလိုက်၊ရပ်ကွက်အလိုက် အင်နဲ့ အားနဲ့ လှည့်လည်စည်းရုံရေးတွေလုပ်ကြ၊စည်းရုံးရေးကားကြီးတွေနဲ့ သီချင်းတွေဆို၊သီချင်းတွေဖွင့် စည်းရုံးနေကြလေတော့ ကြံ့ ခိုင်ဖွံ့ဖြိုးရေးကလည်း မနေသာတော့ဘဲ စည်းရုံးရေးတွေ လုပ်ကြရတော့တာပေါ့ခင်ဗျ။

အင်န်အယ်လ်ဒီက ပြည်သူလူထုကို စည်းရုံးရမယ်၊ ဆက်ဆံရမယ်ဆိုတာသိကြပေမဲ့ ကြံ့ခိုင်ကတော့ သူတို့ တသက်နဲ့ တစ်ကိုယ် တခါမှမလုပ်ဖူးတဲ့အလုပ်ကို လုပ်ရလေတော့ ခွကျတတကြီး ဖြစ်နေတော့တာပေါ့ခင်ဗျ။

တကယ့် တကယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက်ဆိုရင်လည်း ၂၀၁၀ မှာ ပထမအကြိမ် ရွေးကောက်ပွဲ ဝင်ဖူး ပြိုင်ဖူးတာ ဖြစ်ပြီး ၂၀၁၂ မှာ ဒုတိယအကြိမ်ရွေးရတာလေ။ကြံ့ခိုင်ပါတီဆိုတာ ပြည်သူကို မျက်နှာမူရမယ်၊ ပြည်သူကို စည်းရုံးရမယ်လို့ လုပ်မှ မလုပ်ဖူးတာ။ သူတို့က အမိန့်ပဲပေးဖူးတာလေ။ သည်တော့ ခွကျတတကြီး ဖြစ်နေတော့တာပေါ့။သူတို့က လူထုအ စည်းအဝေး ခေတယ်ဆိုရင် ပြည်သူကိုအမိန့်ပေးလို့ဖြစ်စေ၊ မတက်မနေရ တစ်မြို့နယ် ဘယ်လောက်တက်ရမယ်ဆိုသဟာမျိုး လုပ်ကြတဲ့အပြင် တက်ရောက်လာသူများကို အကြိုအပို့လုပ်ရ၊ ကျွေးရမွေးရ၊ ပေးရကမ်းရ လုပ်ခဲ့ကြတာလေ။ ဟောခုကျ တော့ ခွကျတတကြီး ဖြစ်နေတော့တာပေါ့။

တစ်လောက နေပြည်တော်မှာ ကြံ့ခိုင်က ခေါင်းဆောင်ကြီး ဟောပြောပွဲလာတဲ့ ပရိသတ်ပုံ သတင်းဂျာနယ်မှာ တွေ့ရပါတယ်။ စိတ်အားထက်သန်ပုံလည်း မရ၊ ဒံပေါက်ကျွေးမယ်လို့ ခေါ်ထားတာလို့လည်း အပြောခံရပါတယ်။

ကယားပြည်နယ် ဘော်လခဲ မြို့နယ်ရှိ ကျေးရွာများမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် မဲဆွယ်စာစောင်များ၊ဦးထုပ်များ ဝေငှတယ်ဆိုပြီး တိုင်တန်းကြတာ ဖတ်ရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့၊ဦးအောင်မင်းတို့ ကယားမှာ သွားအရွေးခံကြတာကိုက ပြဿနာခင်ဗျ။ကယားမှာက မဲဆန္ဒပေးနိုင်သူ အလွန်နည်းပါးပြီး တပ် အင်အားက အများစုဖြစ်နေတာမို့ ဝန်ကြီးနှစ်ယောက်က ကယားကြံ့ခိုင်ကရွေးဖို့ လုပ်ကြပါတယ်။ ဒေသခံလူမျိုးစု ကြံ့ခိုင်ရေး ပါတီက လက်မခံလို့ တစ်သီးပုဂ္ဂလအဖြစ် အရွေးခံကြတာ ဖြစ်ပါတယ်။ ဝန်ကြီးနှစ်ဦးဟာ သေချာပေါက် အနိုင်ရလောက်တဲ့ ကယားပြည်နယ်ကလေးမှာ မိမိတို့ကြံ့ခိုင်ပါတီအမည်မသုံးရသည့်တိုင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံကြပြီး အလှူ အတန်းတွေ ဘာတွေလုပ်တဲ့အပြင် မဲဆွယ်စာစောင်တွေ၊ ဦးထုပ်တွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် မဲဆွယ် စည်းရုံး၊ ဆောင်ရွက်ခိုင်းတယ်ဆိုပြီး ဒေသခံတွေက တိုင်တန်းတာတွေဘာတွေ ဖြစ်လာတော့တာပေါ့။

ဩော် ဝန်ကြီးများလည်း သည်လိုပဲမြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ခိုင်းစရာရှိတာ ခိုင်းခဲ့ရတာလေ။ ရွေးကောက်ပွဲမှာ သည်လိုမလုပ်ရဘူးဆိုတာ ဘယ်သိရှာပါ့မလဲ။

သူတို့သိတာက အမိန့်ပေးမယ်၊ပေးမယ် ကမ်းမယ် စည်းရုံးမယ်၊ ခြိမ်းမယ် ခြောက်မယ် စည်းရုံးမယ်၊ ဒါပဲ တတ်တာလေ။ တစ်သက်လုံးက ဒါပဲ လုပ်ခဲ့ကြတာကိုး။

၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် မြို့နယ်၊ ကျေးရွာတချို့ဆိုရင် မဲတောင် မပေးလိုက်ကြဘူးတဲ့။ အဲသည်ဒေသ ကျေးရွာ တွေ ရောက်သွားတော့ ရွေးကောက်ပွဲဆိုတာ ဘာလဲတဲ့၊ ၂၀၁၀ မှာ မဲပေးရသလားဆိုတော့ မသိဘူးတဲ့။ မှတ်ကရောပါပဲ။

အင်းလေ၊၂၀၁၀ ရွေးကောက်ပွဲမှာတော့ တစ်ကောင်တည်း ပြေးရတဲ့ပွဲ၊ One pony race ဆိုတော့ ဘာမှလုပ်စရာမလိုဘဲကို။ မဲစာရင်းပါတဲ့သူတွေ  စာရင်းအတိုင်း မဲပုံးထဲထည့်လိုက်ရင် ပြီးတာပဲဟာ။ ဒါတောင် ရန်ကုန်လို မျက်စိကြီး မျက်စိပွင့်တဲ့ မဲဆန္ဒနယ်တွေမှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေ ရိုးရိုးမဲရေတွက်ချိန်မှာ အရှုံးပေါ်နေလို့ ကြိုတင်မဲများယူလာပြီး အနိုင်ယူ တယ်ဆိုတဲ့ စကားသံတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ နာမည်အပျက်ဆုံးကိစ္စက ကြိုတင်မဲဆိုပြီး တိုင်းကျော်ပြည် ကျော် ကမ္ဘာကျော်ဖြစ်ခဲ့ပေါ့။

ယခု ၂၀၁၅ ကျတော့ အခြေအနေက တစ်မျိုးဖြစ်လာပြီလေ။ ပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်နေရာပေါင်းအားလုံး မှာ ဝင်ပြိုင်ကြရမှာ။ အဓိက ပြိုင်ဘက်ပါတီကြီးနှစ်ခုက ကြံ့ခိုင်ရေးနဲ့ အင်န်အယ်လ်ဒီပေါ့လေ။

အင်န်အယ်လ်ဒီကတော့ စကတည်းက ပြည်သူကို မျက်နှာမူရမယ်၊ ပြည်သူကို စည်းရုံးရမယ်ဆိုတာ သိပြီးသား။ အင်န် အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၊ နာယက ဦးတင်ဦးတို့က မဲဆွယ်စည်းရုံးရေးတွေ လုပ်နေကြတာကလည်း ဝက်ဝက်ကွဲ။ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကလည်း မြို့နယ်၊ ကျေးရွာအလိုက် တအိမ်ဆင်း တအိမ်တက် စည်းရုံးမှုတွေလုပ်နေကြလေတော့ ကြံ့ခိုင်ရေးကလည်း မနေသာတော့ဘူးပေါ့ခင်ဗျာ။ အင်န်အယ်လ်ဒီ လုပ်သလိုမျိုး လှုံ့ ဆော်ရေးကားတွေဆင်၊ အင်န်အယ်လ်ဒီလုပ်သလို တီရှပ်တွေ၊အလံတွေ စတစ်ကာတွေကပ်ပြီး ခြင်္သေ့တံဆိပ် ကြံ့ခိုင် ကြရတော့တာပေါ့။

တစ်သက်လုံး အမိန့်ပဲပေးတတ်ပြီး ပြည်သူ့ထံမှောက် တစ်ကြိမ်မှမရောက်ဖူးကြသူများ ဖြစ်လေတော့ အချိုးမကျ အထာ မကျဘဲ ခွကျတတ ဖြစ်ကုန်တော့တာပေါ့။

ရွေးကောက်ပွဲဆိုတာ ပြည်သူကို မျက်နှာမူရမယ်၊ပြည်သူကို စည်းရုံးရမယ်ဆိုတာ အရင့်အရင်က သိမှ မသိခဲ့ကြဘူးဘဲကိုး။မလုပ်ဖူး၊မကိုင်ဖူးတဲ့ အလုပ်ကို လုပ်ရတော့ ဘယ်အဆင်ပြေတော့မှာလဲ။ဒါကြောင့် လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် မဲဆွယ်ခိုင်းတာတွေ ဘာတွေ လုပ်ကုန်ရတာပေါ့။

ဒါကြောင့် ရွေးကောက်ပွဲဆိုတာ ပြည်သူကို မျက်နှာမူဖို့၊ ပြည်သူကို စည်းရုံးဖို့နှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts