ရသဆောင်းပါးစုံ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အားကစားကလောင်နာရေး


ငြိမ်းချမ်းအေး – အားကစားကလောင်နာရေး
(မိုးမခ) ၂၇ စက်တင်ဘာ ၂၇ ၊ ၂၀၁၅

“ဘောလုံးကစားချင်တဲ့သူတွေ ရှိတယ်၊ ကစားခွင့်မရဘူး။  ကျောင်းသူကျောင်းသားတွေပေါ့။  နောက်တခုက မြို့တိုင်း နယ် တိုင်းမှာ ဘောလုံးကွင်းတွေမှာ မြေကွက်လပ်တွေမှာ တော်တော်လေး ဆုံးရှုံးကုန်တာ ရှိတယ်။ ရပ်ကွက်၊ အဆောက်အအုံတွေ ဖြစ်ကုန်တာ။  အဲဒါလည်း အဓိက အချက် တချက် ပါတယ်။”

ခင်မောင်ထွေး (ပျဉ်းမနား) အားကစားကလောင်ရှင်
VOA အမေရိက မြန်မာပိုင်းအသံလွှင့်ဌာန၊ မတ် ၃၀၊ ၂၀၁၁

±±±±±±±±

ဆရာ မောင်ရဲဝင်းက အားကစားကလောင်အဖြစ် အဆက်ပြတ်နေပြီး အိပ်ရာထဲ လဲနေပေမယ့် မဆုံးသေးဘူး ထင်တယ်။  ဆုံးတော့ အပတ်စဉ်လိုလို စာတွေ တွေ့နေရတဲ့ ဆရာ ခင်မောင်ထွေး (ပျဉ်းမနား) က ဆုံးသွားရှာတယ်။

အခုခေတ် အားကစားကလောင် (ဆိုသူ) တွေက ကာရန်နဘေတွေ အင်္ဂလိပ်စကားပျက်တွေ သရဲနီတွေရဲ့ အသည်းကွဲည နေခင်း ဘာညာ စကားဆန်းတွေ သုံးပြီး ဘောလုံးလောင်းကစား Tips ပေးသူ အဆင့် လျော့ကျ၊ အားကစားစာစောင်က ဘောလုံးစာစောင်အဖြစ် ‘သက်သက်’ ဖြစ်နေတဲ့ခေတ်ကြီးမှာ ရှေ့မီနောက်မီ အဆင့်အတန်းမီ အားကစားပညာ ‘သက်သက်’ ဝါသနာတကြီး အစဉ်တစိုက်ရေးနေသူ လူကြီးအားကစားကလောင်ကောင်း တယောက်ဆုံးသွားတာ ဝမ်းနည်းဖို့ ကောင်းပါ တယ်။

Anti-Man-U ဦးခင်မောင်ထွေးကြီးတယောက် အခုတော့ ဒီနှစ် ဖလားယူမယ့် (ဟန်ရှိတဲ့) မန်ယူကိုတောင် မဝေဖန်နိုင်တော့ ဘူးပေါ့၊ မန်ယူဇယားထိပ် နှစ်ခြား  ပထမဆုံးအကြိမ် ပြန်ရောက်ဖူးတဲ့ သီတင်းပတ်မှာပဲ ကွယ်လွန်ရှာတယ်။  ဝိန်းယူနီလေးက ဘယ်လို ဆိုပြီး ဆိုတတ်တဲ့ Pro-Man-U ကျောက်ဘီလူး တင်မောင်ဆွေ ရှိရာ လိုက်သွားရှာပြီ။

တံခွန်? အင်အား အားကစားစာစောင် အစစ် ခေတ်တွေကို လွမ်းတယ်။  မောင်ရဲဝင်းတို့၊ ခင်မောင်ထွေး (ပျဉ်းမနား) တို့၊ ကျောက်ဘီလူး တင်မောင်ထွေးတို့ အစရှိတဲ့ ကလောင်ကြီးတွေက သူတို့ သားသမီးမြေးတွေရဲ့ အသက်တွေ၊ မွေးနေ့တွေသာ မမှတ်မိရင်နေမယ် ဗဟာဒူး၊ ဘပု၊ အောင်ခင် အစရှိတဲ့ ဗမာ့ရွှေခေတ် ဘောလုံးသမားတွေ ဘယ်တုန်းက လက်ရွေးစင်ဖြစ် တယ်၊ ဘယ်ပွဲသွားတယ်၊ ဘယ်လို ဂိုးသွင်းတယ်၊ ဘာဖလားယူတယ်၊ ဘယ်အာရှပွဲမှာ ဘယ်သူက Track and Field မှာ ရွှေ ရတယ်၊ လက်ဝှေ့က ဘယ်လို၊ အလေးမက ဘယ်ပုံ ကို လက်တမ်း ဆိုနိုင်တဲ့ ဗမာ့အားကစား သက်ရှိရာဇဝင်စာအုပ်ကြီးတွေပါ။  ဒီလိုကလောင်တွေကို ဒီခေတ် အားကစားကလောင်ရှင်ဆိုသူများ အတုယူသင့်ပါတယ်။

ကျနော့်ရဲ့ မြောက်မြားလှတဲ့ ဝါသနာတွေထဲမှာ အားကစားကလောင်လည်း ပါတယ်။  ကိုယ်တိုင်လည်း ဘဝနှစ် မလုပ်နိုင် တော့ အသက်မွေးဝမ်းကျောင်းနေသူတွေကို အပြစ်မတင်လိုပါဘူး။  ဒါပေမဲ့ အားကစားကို ချစ်မြတ်နိုး အမှန်တကယ် ဝါသ နာပါမှုကို ဖြစ်နိုင်ရင်တော့ အရင်းတည်စေချင်တယ်။  ဘောလုံးသက်သက်၊ လောင်းကစား အသားပေး အင်တာနက်က စာ၊ သတင်း ကူးချ၊ အင်္ဂလိပ်စာလုံး အပျက်တွေပဲ ခိုးချ တဲ့ အားကစားကလောင် စာပေ စာပေါလောကကို လူငယ်တွေခေတ်မှာ ပြုပြင်ယူနိုင်ရင် ကောင်းပါမယ်။

စစ်ကိုင်း ကြည်ညွန့်၊ ကျားဘညိမ်း၊ ခင်မောင်ထွေး (ပျဉ်းမနား)၊ မောင်ရဲဝင်း၊ တင်မောင်ဆွေ (ကျောက်ဘီလူး)၊ မြေနီကုန်း ဖိုးလုံး၊ ထင်အောင်၊ ဘာမထီခင်အောင် (သူကတော့ သက်ရှိထင်ရှား ရှိသေးတယ် ထင်ပါတယ်၊ အားကစားတော့ မရေးတော့ ဘူး) စိန်မျိုးမြင့် (သက်ရှိထင်ရှားရှိသေးတယ်၊ နောက်ပိုင်း ဓာတ်ပုံတွေ ရိုက်တဲ့ ဘက်ရောက်သွားတယ်) အစရှိတဲ့ ကြက် တောင်၊ လက်ဝှေ့၊ ကာယဗလ၊ အလေးမ၊ ပြေးခုန်ပစ်၊ ဘောလီဘော၊ ဘောလုံး အစရှိတဲ့ အားကစားကလောင်တွေ အ ကြောင်း ပြန်ဖော်ထုတ်ရမယ်၊ အားကစား စစ်စစ် လောင်းကစားမပါ၊ နိုင်ငံတကာ ဘောလုံးလောကချည်း မလွှမ်းမိုးတဲ့ စာစောင်တွေ လူစိတ်ဝင်စားမှု ရလာအောင်လည်း ပြန်လုပ်ယူရမယ်။  လူထုအားကစား လှုပ်ရှားမှုတွေ မြှင့်တင် တကယ် လူကြားရောက်အောင် လုပ်ရမယ်။ လူတွေ လောင်းကစားမပါတဲ့ အားကစားဘက် သက်သက်လှည့်နိုင်အောင် လူမှု-စီးပွား ဖန်တီးနိုင်ရမယ်။

“အရင်းစစ်တော့ အမြစ်မြေလှန်” တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှု-စီးပွား၊ ကျန်းမာ၊ ပညာ နောက်ခံကြီး တခုလုံးကို ပြုပြင်ယူရမှာ ဖြစ်လို့ နောက်ဆုံးတော့ မဆုံးနိုင်တဲ့ “စနစ်ကို ပြုပြင်တော်လှန်” ဆိုတဲ့ ဘူတာဟောင်းကြီးပဲ ပြန်ဆိုက်ရမှာပါပဲ။  အခုတော့ ဒီကိစ္စထား နိုဝင်ဘာမှာ ဝင် အိပ်မက်လိုက်ကြဦးပေါ့..။

ဦးခင်မောင်ထွေး နာရေးသတင်းနဲ့ အတူ မီးကျိုးမောင်းပျက် နေဝင်နေရှာတဲ့ အားကစားစစ်စစ် စာနယ်ဇင်း ကလောင် ခေတ်ကြီးကိုလည် တို့ထိ ဝမ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။

ဆရာဦးခင်မောင်ထွေး ကောင်းရာသုဂတိလားသလို ဗမာ့အားကစားနဲ့ အားကစားကလောင် ကဏ္ဍတွေလည်း ကောင်းမွန်ရာ အဆင့်တန်းတခုသို့ ပြန်လည် ရောက်ရှိစေချင်ကြောင်းပါ..။

ငြိမ်းချမ်းအေး
၂၇ စက်တင်ဘာ၊ ၂၀၁၅

ခေါင်းစီးဓာတ်ပုံ – ဆရာ ခင်မောင်ထွေး (ပျဉ်းမနား) (ထိုင် ဝဲ အစွန်) ကို ဆရာဦးဝင်းတင်နဲ့ အတူ ပွဲတခုတွင် တွေ့ရစဉ်။  ဓာတ်ပုံ ဆရာနဲ့ သတင်းအချက်အလက် မှတ်တမ်းမတင်နိုင်တဲ့အတွက်ခွင့်လွှတ်ပါ။ ဓာတ်ပုံဆရာပိုင်ရှင်နဲ့မီဒီယာကို ဒီနေရာ ကနေ ခွင့်တောင်းပါတယ်။  အခကြေးငွေ အလို့ငှာ ယူငင်သုံးစွဲခြင်းမဟုတ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – အားကစားကလောင်နာရေး
  1. မိုးမခ ကလောင် လူကြီး များထဲက အန်ကယ်ဦးဝင်းအောင်ကြီး လို ရှေ့မီနောက်မီ Sports Journalism အတွေ့အကြုံများသူ တယောက် ဒီအကြောင်းရေးရင် သမိုင်းတန်ဖိုး ပိုရှိပါမယ်။ မိုးမခ အတွက် ချီးမြှင့်ပေးပါ ခင်ဗျာ..။

  2. Union TaKaTha Leader Khin Maung Ohn (Coco island prisoner) should also be mentioned actually. He actively participated in Sports and Sports journalism.

    Some other notable Sports Journalists and Writers names might be left as I wrote this tribute note off the cuff. Eg. Pe Thein, Khin Maung Naing,
    Like · Reply · 4 mins

Comments are closed.