စာစုတို ရသဆောင်းပါးစုံ

သွန်းခ – သမိုင်းကို ဘယ်လိုရှင်းအောင်သင်ရမလဲ

သွန်းခ – သမိုင်းကို ဘယ်လိုရှင်းအောင်သင်ရမလဲ
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅

အိမ်က ၃ တန်းကျောင်းသူနဲ့ ကျွန်တော်ကလည်း တမှောက်ခင်ဗျ။ သူ့အမေကလည်း ရှေ့က ကာစီး ကာစီး၊ ကိုယ်ကလည်း မနေနိုင်တာနဲ့ အထူးသဖြင့် ကျောင်းပိတ်ရက်တွေမှာဆုံဖြစ်တိုင်း အားမလို အားမရဖြစ်ခဲ့ရတာကို ပြောချင်တာပါ။ ကျောင်းက သင်ပေးလိုက်တဲ့စာကို အလွတ်ကျက်တယ်။ ဆိုလိုရင်းတွေကို နားမလည်ဘူး။ မေးတော့ ကျောင်းမှာလည်း ရှင်းမပြ၊ သူ့ အမေကလည်း ရှင်းမပြတတ်၊ ဒီလိုနဲ့ စာသင်နှစ်ပဲ ထက်ဝက်ရောက်တော့မှာကိုး။

သူတို့ကိုကျောင်းမှာသင်နေတာက အလောင်းမင်းတရားကြီး၊ ဦးအောင်ဇေယျအကြောင်းပါ။ အဲဒီမှာ ထန်းလုံးတပ်ဆိုတာ ပါလာပြီ။ ထန်းလုံးတပ်မပြောနဲ့၊ ထန်းပင်ကို ဘယ်မှာပြရမှန်းမသိဖြစ်နေတာ ကလေးအမေ။ ထန်းပင်သိပြန်တော့ ထန်းလုံး တပ်ဆိုတာ ဘယ်လိုဖွဲ့ထားမှန်းမသိ။ အဲဒီတော့ ရှင်းပြရပြီပေါ့၊ ရောက်ခဲ့ဖူးတဲ့နေရာတွေက အထင်ကရဖြစ်စရာတွေပြန် ပြောရင်း လိုအပ်တော့ပုံဆွဲပြရပါလေရော။ အဲဒီမှာ ကလေးအမေရဲ့ထောက်ကွက်က ပုံမဆွဲတတ်တဲ့အိမ်ကမိဘတွေ ဘယ် လို စာသင်ကြမလဲပါတဲ့။ ဆွဲတတ်တာ မဆွဲတတ်တာ ခဏထား၊ လောလောဆယ် အိမ်ကကလေးနားလည်ဖို့က အဓိက။ အဖတ်တင်သွားတာ ကလေးနားလည်သွားပြီ၊ နှုတ်တိုက်ကျက်တာဟာ သူ့အတွက်ဘာမှမတတ်ပါလားဆိုတာ သိသွားပြီ။ နောက်ဆို ဖေဖေနဲ့ စာကျက်မယ်ဖြစ်သွားရော။ အချိန်က မနည်းပေးရတော့မှာပေါ့။ အလုပ်က တဖက်နဲ့ကိုး။

သင်ခန်းစာမှာပါတဲ့  နိုင်ငံတော်ကိုစည်းလုံးရာတွင် စစ်ရေးနည်းချည်းသာမဟုတ်ဘဲ သာယာချေငံစွာ စည်းရုံးသောနည်းကို လည်းအသုံးပြုခဲ့သည် ဆိုတာကို ကလေးကနားမလည်ပြန်ပါဘူး။ စည်းလုံးတာရယ်၊ စည်းရုံးတာရယ် မကွဲပြားပြန်တာပါ။ ရှင်းပြရင်း ရှင်းပြရင်းနဲ့ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများ ပါလာပြန်ရော။ ထက်မြက်တည်ကြည်သူဖြစ်ရမယ်၊ အများယုံကြည်လေးစားတဲ့သူဖြစ်ရမယ်၊ အမြှော်အမြင်နဲ့ပြည့်စုံတဲ့သူဖြစ်ရမယ်။ ကဲ ကျွန်တော် စာသင်နေတာလေဗျာ။ လောလောဆယ် ဘယ်ခေါင်းဆောင်ကိုလက်ညှိုးထိုးထောက်ပြရပါ့မလဲ။ ဘယ်သူရှိနေလို့လဲ၊ သက်ရှိထင်ရှားကိုပြောနေ တာနော်။ ကလေးမျက်စိထဲ ကွင်းခနဲ၊ ကွက်ခနဲပေါ်လာအောင် ရှင်းဖို့လိုနေတာ။ လူအများယုံကြည်လေးစားသူဆိုတော့ ကျွန် တော်နည်းနည်းလေးထောက်ပြလိုက်ပါတယ်။ လေးစားတယ်၊ ယုံကြည်တယ်ဆိုတာကို အရင်ရှင်းရမှာလေ။ ကလေးနဲ့ သွားခဲ့ဖူးတဲ့ ဗိုလ်စိန်မှန် အားကစားကွင်းက ဟောပြောပွဲတစ်ခုအကြောင်းကိုစလိုက်တော့ ဖွားဖွားဒေါ်အောင်ဆန်းစုကြည် တဲ့။ ဘာဖြစ်လို့လူတွေအများကြီးလာနားထောင်တာလဲ၊ ဘာဖြစ်လို့လက်ခုပ်တွေတီးကြတာလဲ၊ စကားပြောရင် ဘယ်လိုပြတ် သားရမလဲ၊ အာမခံရဲရလဲဆိုတာတွေ အဲဒီပွဲမှာ ကျွန်တော်လက်တွေ့ရှင်းပြခဲ့ဖူးပါတယ်။ အဲဒါတွေကို စာသင်တော့ ထောက် ပြလိုက်ရုံပေါ့။ မဟုတ်ရင် လတ်တလော ဘယ်ခေါင်းဆောင်ကို ပမာထား၊ ခိုင်းနှိုင်းပြောပြရပါ့မလဲ။

အမြှော်အမြင်ရှိတာတွေ၊ သက်စွန့်ကြိုးပမ်းခဲ့တာတွေ မပြောတော့ပါဘူး။ ဒီပဲရင်းကိစ္စ ကလေးမှမသိနိုင်တာလေ။ အနစ်နာခံ တယ်ဆိုတာကိုလည်း ရုံးပြင်ကနား၊ အချုပ်၊ ထောင်တွေမသိတဲ့ကလေးကို တခြားဥပမာတွေနဲ့ဘဲ ရှင်းပြလိုက်ရတာပါ။ အကျယ်ချုပ်တို့၊ အကျဉ်းချုပ်တို့၊ ခြေကျဉ်းတို့၊ ဒေါက်တို့၊ အလုပ်နဲ့ ထောင်ဒဏ်တို့ ကလေးမှ မသိနိုင်ပဲကိုး။ မပြောပါဘူး ဗျာ၊ မပြောပါဘူး။

သင်ခန်းစာထဲက မြှောက်စားထိုက်သူများကို ဘွဲ့ထူး၊ ဂုဏ်ထူးများဖြင့် မြှောက်စားခဲ့၍ဆိုတာကိုရော ကလေးတွေ ကျောင်း မှာဘယ်လိုသင်လွှတ်လိုက်တယ်မသိဘူးခင်ဗျ။ ကလေးကတော့ အူကြောင်ကြောင်နဲ့ကြည့်လို့။ သနားလည်း သနားပါတယ်၊ ဒီဘက်ခေတ်စာသင်ကျောင်းက ဆရာ၊ ဆရာမတွေဘဝတွေကိုလည်း စာနာမိပါရဲ့။

သမိုင်းသင်ပါတယ်ဆိုမှ သမိုင်းကိုသမိုင်းနဲ့တူအောင် သမိုင်းစစ်စစ်တွေရှိနေပါလျက်နဲ့ မသင်နိုင်သေးတဲ့ နိုင်ငံ့ဝန်ထမ်း၊ နောင်မျိုးဆက်တွေရဲ့ပဲ့ကိုင်ရှင်တွေရဲ့ဘဝတွေ။ ကျွန်တော့်ကလေးကို မြှောက်စားထိုက်သူများကို မြှောက်စားခဲ့၍ဆိုတဲ့ကိစ္စ၊ သူတို့ကျောင်းက ပညာရည်ချွန်ဆုပေးပွဲနဲ့ပဲ နီးနီးစပ်စပ် ဥပမာပေးရပါတော့တယ်။ ခက်တာက ထူးချွန်သူများ သူတို့ကျောင်း မှာ များနေပြန်ရောဗျ။ ပထမချည်း ၂ ယောက်၊ ၃ ယောက်။ ဒုတိယချည်း ၃ ယောက်၊ ၄ ယောက်၊ တတိယချည်း……….ဆို တော့ ခက်ပါတယ်ဗျာ။ ဆရာမတွေခမျာလည်း သူ့ကလေးအားနာ၊ ကိုယ့်ကလေးအားနာ အခြေအနေတွေနဲ့ကိုး။ ဆိုလိုတာ က သူ့အတန်းက ကိုယ့်ကျူရှင်တက်နေတဲ့ကလေး၊ ကိုယ့်အတန်းက သူ့ကျူရှင်တက်နေတဲ့ကလေး၊ အတန်းငယ်တုန်းက ကိုယ့်ကျူရှင်တက်ခဲ့လို့၊ ကိုယ့်ကျူရှင်ကကလေးနဲ့ မောင်နှမဆိုတာတွေနဲ့ကို ရှုပ်နေတော့တာပါ။ အပြစ်မပြောပါဘူး၊ အဖြစ် သဘောပြောရရင်တော့ ကျောင်းလည်းတက်ပါ၊ ကျူရှင်လည်းသင်ပါ (မပြောလည်း တိုးတိုးတိတ်တိတ်သင်နေကြတာချည်းပါပဲ) ရှင်းပြသင့်တာ ရှင်းပြကြပေပေါ့။

ထိုက်သင့်သူကို ချီးမြှင့်တယ်၊ အားကိုးထိုက်တဲ့ လက်ရွေးစင်ရဲမက်တော်တွေပေါ်ထွက်လာခဲ့တယ်။ အဲဒီရဲမက်တွေနဲ့ မဏိပူ ရ၊ တနင်္သာရီဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ကိစ္စ ကျွန်တော်ဘယ်လိုကဖြင့် တရားတယ်၊ မတရားဘူးသွားမှတ် ချက်ပေးနေဖို့လိုမလဲ။ သမိုင်းသုတေသီတွေပြဌာန်းထားခဲ့တဲ့ကိစ္စတွေကိုး။ အခုလတ်တလောအခြေအနေမှာ ကလေးတွေဆို ပေမယ့် သူတို့မေးတတ်နေပြီ၊ သိချင်တာတွေရှိနေပြီ။ အိမ်ကကလေးကို စာဖတ်မြန်အောင်လို့ သတင်းစာဖတ်ကျင့် လုပ်ပေးထားရင်း (သတင်းခေါင်းစဉ်တွေလောက် ဖတ်ခိုင်းခဲ့တာပါ၊ သူစိတ်ဝင်စားတာကျတော့ စာမျက်နှာညွှန်းတွေအထိပါလိုက်ရှာဖတ်ပါတော့တယ်၊ ၃ တန်းကလေးပါ) မရှင်းတာတွေ မေးလာပါပြီ။ မညာချင်တော့ အမှန်အတိုင်းပြောပြခဲ့ရတာ တွေရှိခဲ့ပါတယ်။

ကျွန်တော်တို့မရှိတော့ရင် ယောင်နနနဲ့ ခပ်အအလေးတွေအဖြစ် ထားခဲ့ကြရမှာလား။ အခုပဲကြည့်၊ ရွေးကောက်ပွဲဟာ သ မိုင်းဝင်တော့မှာ။ ဘာတွေဖြစ်ကုန်ကြဦးမယ်မပြောနိုင်ပေမယ့် သေချာပေါက် သမိုင်းတွင်ခဲ့မယ့်ကိစ္စတွေကို ဘယ်လိုပြုစုကြဦး မှာလဲ။ နောင်လာလတ္တံသောကလေးတွေကိုရော ဘယ်လိုအထောက်အထားတွေနဲ့ သမိုင်းအဖြစ် ထားခဲ့ကြဦးမလဲဆိုတာ စဉ်းစားစရာပါ။ လောလောဆယ် အိမ်က ၃ တန်းကလေးအတွက်ကတော့ သမိုင်းသင်နေရတာ ပုံတွေဆွဲပြ၊ ဟိုဥပမာပေးရ၊ ဒီဥပမာပေးရနဲ့ပါပဲ။ ဒီဘက်ခေတ်ကလေးတွေကို ဆက်မညာချင်ပါဘူး။ ညာကျင့်ဖျောက်ကြဖို့လည်းကောင်းပါပြီ။ လူမှုကွန် ရက် ကြည့်တတ်၊ ရှာတတ်နေတဲ့ကလေးက လက်ပံတန်းကိစ္စမှာ    ဦးဦးရဲတွေတော်တော်ဆိုးပါလားလို့ မှတ်ချက်ပေးခဲ့ပါလေ ရဲ့။

ဗိုလ်ချုပ်မှူးကြီးပုံထောက်ပြတယ်၊ စိတ်မဝင်စားဘူး။ ဗိုလ်ချုပ်အောင်ဆန်းပုံထောက်ပြတယ်၊ ဖွားဖွားကြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းလေဆိုပါလား။ သြော်…မေ့နေလို့။ ကျွန်တော် ဗိုလ်ချုပ်ရာပြည့်ပွဲတော်လုပ်ခဲ့တုန်းက ကလေးမေးသမျှ သေချာရှင်းပြခဲ့တာကိုး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts