ရသဆောင်းပါးစုံ

ရန်ဝင်း (တောင်တံခါး) – ဘုရားသုံးဆူ၊ မင်းနန်သူ

ရန်ဝင်း (တောင်တံခါး) – ဘုရားသုံးဆူ၊ မင်းနန်သူ
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၅
ဘုရားသုံးဆူ၊ ယခင်

မင်းနန်သူအရပ်မှာ အရွယ်လတ် ဂူဘုရားသုံးဆူကို ပူးတွဲပြီး ဂူအတွင်းပိုင်းတွေကို တစ်ဆက်တည်း ဂူတစ်လုံးအဖြစ် တည်ဆောက်ထားတဲ့ ဘုရားသုံးဆူ ဂူဘုရား၊ ဘုရားအမှတ် (၄၇၇/၂၇၈-က)(၄၇၈/၂၇၈-ခ)(၄၇၉/၂၇၈-ဂ) တည်ရှိပါတယ်။

မှတ်တမ်းမှတ်ရာတွေ မတွေ့ရှိပေမယ့် ဘုရားတည်တဲ့ အချိန်ကိုတော့ သက္ကရာဇ် ၆၀၀ ကျော်လောက်မှာ တည်ထားတယ်လို့ သုတေသီပညာရှင်များက ခန့်မှန်းထားကြပါတယ်။

တစ်ဆူနဲ့ တစ်ဆူ အတွင်းမှာ တစ်ဆက်တည်းရှိတဲ့ ဂူဘုရားသုံးဆူမှာ မုခ်ပေါက် တစ်ခုစီ ပါရှိပါတယ်။ ဒါကြောင့် အပြင်ဘက် မြင်ကွင်းမှာတော့ ဘုရားသုံးဆူအဖြစ်ပဲ မြင်တွေ့ရပါမယ်။

ဂူဘုရားတွေ အတွင်းမှာ ပုဂံခေတ် နံရံဆေးရေးပန်းချီရဲ့ အဆင့်အတန်း မြင့်မားမှုကို သက်သေပြနေတဲ့ နံရံဆေးရေးပန်းချီတွေ ရှိပါတယ်။ အမှောင်ပိုင်းကျတဲ့ နေရာတွေမှာရှိတဲ့ မူလဆေးရောင်တွေက ဒီကနေ့အထိ တောက်ပြောင်နေဆဲပဲ ဖြစ်ပါတယ်။

ဘုရားသုံးဆူ၊ ယခု၊ ရှေ့ဘက်

ထူးခြားချက်ကတော့ ဘုရားသုံးဆူအနက်၊ အရှေ့ဘက်ဆုံး ဂူဘုရားအတွင်းက ပန်းချီတွေကို အချောကိုင် အပြီးသတ်ရေး ဆွဲထားပါတယ်။ အလယ်က ဂူဘုရားအတွင်းမှာတော့ အပြီးသတ်ရေးဆွဲထားတာရော၊ ကောက်ကြောင်းရာထဲမှာ တစ်ဝက် တပျက် ဆေးရောင်သွင်းထားတာရော၊ လုံးဝ ဆေးရောင် မသွင်းရသေးတဲ့ ကောက်ကြောင်းရာသက်သက်ရော အဆင့် အမျိုးစုံကို တွေ့ရပါတယ်။ အနောက်ဘက်ဆုံး ဂူဘုရားအတွင်းမှာတော့ နံရံအလွတ်သက်သက်သာပဲရှိပြီး၊ ဘာကိုမှ ရေးဆွဲ ထားတာကို မတွေ့ရပါ။

ဘုရားသုံးဆူ၊ ယခု၊ နောက်ကျောဘက်

ဘယ်လိုမှ မမှန်းဆနိုင်တဲ့အကြောင်းချင်းရာကြောင့် ရေးဆွဲလက်စပန်းချီတွေကို လက်စမသတ်နိုင်ပဲ နားလိုက်ရတဲ့ပုံပါ။ ကံကောင်းတဲ့အချက်ကတော့ ပုဂံခေတ်က နံရံဆေးရေးပန်းချီတွေမှာ ကောက်ကြောင်း ဘယ်လိုရေးတယ်၊ ဆေးအရောင် အမျိုးမျိုးကို ဘယ်လိုသွင်းတယ် စသဖြင့်၊ ရေးဆွဲပုံ အဆင့်ဆင့်ကို လေ့လာနိုင်ခွင့် ရရှိတာပါပဲ။

ပဓာနကျတဲ့ နေရာကွက်တွေမှာ ဗုဒ္ဓ၀င် ဇာတ်ကွက်တွေ၊ ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်နဲ့ ဘေးက အခြံအရံ နတ်ရုပ်တွေကို အဓိကထားပြီး ရေးဆွဲထားပါတယ်။ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်အငယ်တွေကို ရေးဆွဲထားရာမှာလည်း  စုတ်တံအသေး ဆုံးတွေကိုသုံးပြီး အင်မတန် အသေးစိတ်ကျကျ ရေးဆွဲထားကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

နာဠာဂီရီဆင်ကို အောင်တော်မူခန်း

၁၉၁၅-၁၉၁၆ ခုလောက်တုန်းက ကျောက်စာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ ချားလ်စ် ဒူရွိုင်းဆဲလ် (Charles Duroiselle ) က ဘုရားသုံးဆူ အတွင်း နံရံဆေးရေးပန်းချီတွေကို လေ့လာပြီး နှစ်ချုပ် အစီရင်ခံစာတွေ၊ စာအုပ်စာတမ်းတွေမှာ ဆောင်းပါးတွေ၊ မှတ်ချက်တွေ ရေးခဲ့တာတွေ ရှိပါတယ်။

ဒီဘုရားသုံးဆူတွဲ နံရံဆေးရေးပန်းချီ တချို့အပေါ်မှာ ရာဇ၀င်လာ အရည်းကြီးတို့ရဲ့ တန္တရ ဘာသာ အယူဝါဒဆိုင်ရာ ပန်းချီတွေ ဖြစ်တဲ့အကြောင်း ဒူရွိုင်းဆဲလ် က တော်တော်ပဲ လေးလေးနက်နက် မှတ်ချက်တွေ ပေးထားခဲ့ပါတယ်။

နံရံပေါ်က ပန်းတန်း

ဒူရွိုင်းဆဲလ် အဓိက ရည်ညွှန်းခဲ့တဲ့ ပန်းချီပုံတွေမှာ နတ်သားတွေက နတ်သမီးတွေ ပုခုံးကို ဖက်ထားတဲ့ ပုံတွေ ပါဝင်ပါတယ်။ ဂူနံရံနှစ်ခုထိစပ်ရာ ထောင့်ချိုးမှာ ရေးဆွဲထားတာပါ။ ဒူရွိုင်းဆဲလ်က ဒီဘုရားသုံးဆူမှာပဲ တွေ့ရှိရသလို တွေးမြင် ယူဆ ရေး သားခဲ့ပေမယ့် ပုဂံမြို့ဟောင်းက တခြားဂူဘုရားတွေမှာလည်း အဲဒီလိုပုံမျိုးတွေ ရှိသေးကြောင်းကို ထပ်မံ တွေ့ရှိထား ပါတယ်။

ရှေးဟောင်းသုတေသီတွေ၊ ပညာရှင်တွေ အနေနဲ့ကတော့ ဒူရွိုင်းဆဲလ် ရဲ့ မှတ်ချက်တွေအပေါ်မှာ တော်တော်ပဲ အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။ ရှေးဟောင်း သုတေသန ဆိုတာ ရံဖန်ရံခါ တစ်ဦးနဲ့ တစ်ဦး အယူအဆ မတူညီတာတွေတော့ ရှိတတ်ကြပါတယ်။

နတ်သားနှင့် နတ်သမီးများ

ဆိုခဲ့တဲ့ နတ်သား၊ နတ်သမီး ပန်းချီပုံတွေက အိန္ဒိယအရှေ့ပိုင်းဒေသ ဆေးရေးပန်းချီတွေမှာ တွေ့ရလေ့ရှိတဲ့ ပန်းချီရေးဆွဲထုံး အနေနဲ့ သာမန် တန်ဆာဆင်မှု ပန်းချီရေးဆွဲဟန် အလေ့အကျက်အရ အလှအပ ရေးဆွဲထားတယ်လို့ ယူဆစရာရှိပါတယ်။ ပန်းနွယ်၊ ပန်းခက်၊ ပန်းဝိုင်းတွေ အကြားမှာလည်း ရုပ်ပုံအမျိုးမျိုး၊ မတ်ရပ်နတ်ရုပ်၊ သားရဲရုပ်၊ ကိန္နရာရုပ်၊ ဘီလူးရုပ်၊ နဂါးရုပ်၊  ဆင်ရုပ် စတဲ့ တခြားအရုပ်တွေကိုလည်း ရောနှော ရေးဆွဲထားပါတယ်။

ပုဂံခေတ် နံရံဆေးရေးပန်းချီတွေကို စိတ်ဝင်စားသူတွေအတွက် ဘုရားသုံးဆူ ဂူဘုရားကို မရောက်မဖြစ် သွားရောက် သင့်တယ်လို့ ညွှန်းပြု တိုက်တွန်းလိုက်ပါတယ်။

အညွှန်း။
– ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
– နံရံပန်းချီမှပြောသောပုဂံခေတ် ပုံရိပ်များ၊ စန္ဒာခင်၊ ပထမအကြိမ်၊ ၂၀၀၇ ခုနှစ်၊ ဧပြီလ
– ပိဋကတ်တော်လာ ပုဂံခေတ် နံရံဆေးရေးပန်းချီ (ဦးမျိုးညွန့်- ရှေးဟောင်းသုတေသနဌာန) ပထမအကြိမ်၊ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ
– Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. 1996
– Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
– Historical Sites in Burma: Aung Thaw, Director of Archaeology: Reprint 1978
– http://www.baganmyanmar.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts