ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

စောဝေ – “ ဝုန်းနေတဲ့ လက်ထိပ် – လန်းနေတဲ့ သံဆူးကြိုး”

စောဝေ – “ ဝုန်းနေတဲ့ လက်ထိပ် – လန်းနေတဲ့ သံဆူးကြိုး”
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၅

နှစ်သစ်ခေတ်ဦး မင်္ဂလာမြူးလို့ လခြောင်ပွင့်ဆိုင်မြိုင်သတဲ့လားဆိုတဲ့ စာသားက ရင်ထဲက အလိုလို ထိုး ထွက်လာခဲ့သည်။ မိုးနဲပိတောက်သည် ရန်ကုန်တွင် သင်္ကြန်ကို စောစီးစွာကြိုခဲ့သဖြင့် သင်္ကြန်မှာ ငုပန်းများသာ ဝေဆာခဲ့။ ရေးစရာတွေများ၊ ရေးခဲ့ရမှာတွေ များသဖြင့် ၂၀၁၀ နောက်ပိုင်းရက်များဟာ စာရေးခြင်းဖြင့်သာ ကုန် လွန်ခဲ့။ လူများရဲ့ သိမြင်ပိုင်ခွင့်တွေကို တန်ဖိုးထားရေးသားဖို့ အချိန်လည်း ရောက်ခဲ့ပြီ။ လွတ်လပ်စွာ ပြောဆို ရေးသားဖန်တီးထုတ်ဖော်ခွင့်ကို မြှင့်တင်ဖို့ရာလည်း ကိုယ့်၌ တာဝန်ရှိသည်ဟု ထောင်ကထွက်ကတည်းက ခံ ယူလိုက်ဖြစ်သည်။

အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်း၊ အများပြည်သူတို့ရဲ့ ဒီနေ့ ဖြစ်ပျက်နေမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိတိပပမဟုတ်တောင် ထိထိရှရှတော့ဖြင့် ရေးချင်နေမိသည်မှာ ၂၀၁၅ ဝင်လာကတည်းက။ မတ်လ ငါးရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ ဒီမိုကရေစီပညာရေး တောင်းဆိုချီတတ် လာသော လက်ပံတန်းကျောင်းသားသပိတ်၏ ကျောင်းသားအကြမ်းမဖတ်ရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများအား အားပေးဝိုင်းရံလိုသဖြင့် ညနေ သုံးနာရီစွန်းစွန်းတွင် ရောက်ရှိသွားသည်။ မရှေးမနှောင်း ကာတွန်းဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ သတင်းထောက်၊ အယ်ဒီတာ ကျားမအစုံတို့လည်း  ရောက်ရှိလာခဲ့ကြသည်။

အနီးကပ်လှုပ်ရှားဖြစ်နေတာကတော့ မိုးမခမဂ္ဂဇင်း သတင်းထောက် ရန်နောင်နဲ့ ဟန်သစ်နိုင်တို့ပါဘဲ။ အိပ်ပူးက မနီလာသိန်း၊ မနုနုအောင်၊ ကိုမျိုးသိန်းနဲ့ ကဗျာဆရာလေးး အေးမွန်တို့လည်း ကျောင်းသားလေးတွေ နဲ့အတူ ဝိုင်းရံ၊ နန္ဒစစ်အောင်ကလည်း အလံများ တိုင်များကို ချည်နှောင်နေတာကို ဝိုင်းကူ။ ကိုယ်၌လည်း  ကျောင်းသားများကို ဝိုင်းရံကြဆိုတဲ့ စတစ်ကာလေးတွေ ရင်ဘက်တွေမှာ ကပ်ပေး။ စာရေးဆရာ မောင်လှမျိုး ချင်းချောင်းခြံက လာနှုတ်ဆက်လို့ သူ့ရင်ဘက်မှာပါ စတစ်ကာလေး ကပ်ပေးဖြစ်ခဲ့။ ဒီအချိန်ထိတော့ မတ်လ နေပူပူမှာ သာသာယာယာဘဲလို့ ပြောနိုင်ခဲ့ပါသည်။

ဘားလမ်းဘက်ခြမ်းကနေ သတိပေးအော်လံနဲ့ အော်နေတဲ့ အုပ်ချုပ်ရေးမှူးကားဟာ ကျောင်းသားလေး များရှိရာ ဆူးလေဘုရားလမ်းကို မောင်းလာပါတယ်။ လမ်းပြောင်းပြန်ပါ။ သူ့ကားရဲ့နောက်မှုာတော့ မြို့တော် ခန်းမမှ ထွက်လာတဲ့ လက်ပတ်နီဝတ် လူမိုက်လူရမ်းကားများပါပဲ။ ကျောင်းသားတွေနဲ့ မျက်နှာချင်းဆိုင်မှာ နှစ် ယောက်ထပ် နှစ်တန်း နေရာယူလိုက်ပါတယ်။ သူတို့နောက်မှာ ရဲတွေပါ။ သုံးတန်းလောက် ရှိပါမယ်။ ဘေး ဘယ်ညာမှာ ရဲတပ်ရင်းကားတွေ ထပ်ရောက်လာပြီး ဒိုင်းများနဲ့ ကျောချင်းကပ်ပြီး ဆယ်ယောက်တန်း အတန်း လိုက် သပိတ်အဖွဲ့ကို ဝိုင်းပါတယ်။ သပိတ်ကျောင်းသားအဖွဲ့ရဲ့နောက်မှာတော့ လွတ်လပ်ရေးပန်းခြံကို သံစူး ကြိုးများနဲ့ ကာရံထားပါတယ်။ ပလက်ဖောင်းပေါ်မှာသာ ကျောင်းသားတွေ လှုပ်ရှားလို့ရပါတော့တယ်။ ကြည့်တဲ့ ပရိတ်သက်ရော သတင်းသမားတွေပါ ပေါင်းရင်တော့ သုံးလေးငါးရာ ရှိမလားပဲ။ ကျောင်းသားခေါင်းဆောင် မိန့်ခွန်းပြောပါတယ်။ သူတို့ပါလာတဲ့ အော်လံလေးနဲ့ပါ။ ကြေငြာချက်တွေ အကုန်ထုတ်ပြီးရင် သိမ်းမယ်၊ ပြန်ကြ မယ်ဆိုတာလည်း ပါပါတယ်။ ပြောနေတုန်း ဆယ်မိနစ် ဆယ့်ငါးမိနစ်ရောက်ရင်ဘဲ လက်ပတ်နီစွမ်းအားရှင် တွေက ဆွဲလားရမ်းလားထိုးလား လုပ်ပါတယ်။ လူအုပ်ကို ရဲတွေက ကျောချင်းကပ် ဆယ်ယောက်အတန်းလိုက် ထိုးခွဲတော့ လူတွေ ပြန့်ကျဲကွဲကုန်ပါတယ်။ တချို့လည်း လဲပေါ့။

ကျွန်တော့ရှေ့မှာလဲနေတဲ့ ကျောင်းသူလေးကို ထူပေးတွဲခေါ်ပြီး ကားတွေနားပို့ပေးပြီး ပြန်လာတော့ လက်ပတ်နီတွေတင် မဟုတ်ပါဘူး၊ ရဲတွေကပါ နံပါတ်တုတ်တွေနဲ့ ရိုက်ပါတယ်။ လက်ပတ်နီတွေက ဝါး၊ တုတ် တွေ၊ လက်သီးတွေနဲ့ ထိုးပါတယ်။ ဒါနဲ့ ကျွန်တော် အော်ပါတယ်။ ပြန်မထိုးနဲ့၊ ပြန်မဆဲကြပါနဲ့ မီဒီယာတွေ ရှိ တယ်။ မီဒီယာတွေ မှတ်တမ်းတင်လိမ့်မယ် ပြန်မလုပ်ကြနဲ့ အသေခံလိုက်လို့။ ဘယ်သူမှ ပြန်မလုပ်ကြပါဘူး။ ဆွဲလိုက်၊ ရိုက်လိုက် ရဲရော လက်ပတ်နီဝတ်တွေပါ မြိုင်မြိုင်ဆိုင်ဆိုင် အမိန့်ရ လုပ်နေကြပါတယ်။ ရဲမှူးကြီးလုပ် သူဟာ ခါးထောက်ပြီး ပြုံးနေပါတယ်။ အဲဒီအချိန်မှာပဲ မိုးမခသတင်းသမား ရန်နောင်ကို ရဲလေးငါးယောက်က မာန် အပြည့် ရက်စက်မှုအပြည့်နဲ့ ရိုက်နေလို့ ကျွန်တော် လှမ်းတားပါတယ်။ မလုပ်ကြပါနဲ့ အဲဒါ မီဒီယာသမားလို့ အော်ပါတယ်။ ရပ်ပါတယ်၊ ကျွန်တော်အော်လို့ မဟုတ်ပါ။ ရဲမင်းကြီးရဲ့ ဝီစီသံကြောင့်ပါ။ မနီလာသိန်းနဲ့ ကျောင်း သားလေးတွေကို ကားပေါ်တင်ခေါ်သွားပြီး လက်ပတ်နီတွေရော ရဲတွေပါ စနစ်တကျ သိမ်းသွားကြတာပါပဲ။ ကျွန်တော် ရန်နောင်ကို သွားတွဲပြီး ပလက်ဖောင်းပေါ်မှာ လက်ကိုင်ပုဝါနဲ့ ကျပ်ထုပ်ထိုးပေးပါတယ်။ ကျောရော ခေါင်းမှာပါ အညိုအမည်းက ဆယ့်လေးငါးခု တွေ့ပါတယ်။ လူကဝပြီး တောင့်ုလို့သာပါ။ နို့မဟုတ်ရင် မူးမေ့ သွားနိုင်ပါတယ်။ သူ့ကို မှတ်တမ်းတင်ဓါတ်ပုံရိုက် FB ပေါ်တင်ပြီး ဆေးခန်းပြဖို့နဲ့ ပြပြီးရင် အမှုဖွင့်ဖို့မှာပြီး လမ်း ခွဲပါတယ်။ ဒါ ဦးသိန်းစိန်သမ္မတလက်ထက် မျက်မြင်အတွေ့အကြုံတစ်ခုပါ။

မတ်လ ဆယ်ရက်နေ့ကြတော့ လက်ပံတန်းမှာ ဒီထက် ဆိုးဝါးရက်စက်ကောက်ကျစ်သော ဖြိုခွဲမှုများနဲ့ ထပ်တွေ့ရပါတယ်။ ဒါကတော့ အွန်လိုင်း FB ကတဆင့် အချိန်နဲ့တပြေးညီ သတင်းသမားကြောင့် တွေ့နေရပါ တယ်။ မထမဆုံး ရုံးထုတ်တော့ ကျွန်တော့်သူငယ်ချင်းများနဲ့ စုပေါင်းပြီး အလှူငွေနဲ့ စာအုပ်များပေးဖို့ လက်ပံ တန်းတရားရုံးနဲ့ သာယာဝတီထောင်ကို ရန်ကုန်က လိုက်သွားပါတယ်။ ငွေ နှစ်သောင်းကျပ်စီနဲ့ သုတ၊ ရသ၊ ဘာသာပြန်၊ မဂ္ဂဇင်းအုပ်ရေ တစ်ရာနီးပါး လှူခဲ့ပါတယ်။ ကျောင်းသားတွေနဲ့တွေ့ပြီး ထောင်ထဲမှာ နေရသ လောက် စာကြည့်တိုက်ဖွင့်ဖို့လည်း စာရေးပြီး ပေးခဲ့နိုင်ပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ လူ့အခွင့်အ ရေး အကြီးအကျယ်ချိုးဖောက်မှုပါ။ ကျောင်းသူမိန်းခလေးတွေ၊ ဝိုင်းရံတွေအားလုံးကို လက်ထိပ်အတွဲလိုက်ခတ် ပြီး ရုံးထုတ်ရဲမေတွေရဲ့ မျက်နှာကလည်း တကယ့်ရာဇဝတ်သားတွေလို ရိုင်းပြတဲ့အပြုအမူတွေနဲ့ တွေ့ရတာပါ ပဲ။ ဒီမြင်ကွင်းဟာ၂၀၁၅ ရဲ့ လက်တွေ့ နောက်ထပ်တစ်ခုပါပဲ။ ပြီးခဲ့တာတွေ ဘာလို့ အသေးစိတ်ရေးပြနေရသ လဲဆို နောက်မှ ကမ္ဘာကြီးကို ပြောခွင့် တင်ပြခွင့်ရတာတစ်ခုကို စာဖတ်သူတွေကို ပြောပြချင်လို့ပါ။

၂၀၁၅ ခု မေလ ၂၆ ရက်မှာ ပန်အင်တာနေရှင်နယ်၊ ထောင်ကျစာရေးများ ကော်မတီက (Writeres in Prison ecommittee) ပန်မြန်မာကို ညီလာခံတက်ဖို့ တစ်ယောက်ဖိတ်ပါတယ်။ ပန်မြန်မာက နိုင်ငံရေးအကျဉ်း သားဟောင်း ကဗျာဆရာ ကျွန်တော့်ကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဆန္ဒပြုပြီး ရွေးပါတယ်။ ကျွန်တော်သွား တတ်ရပါတယ်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာပါ။ ပန်အဖွဲ့ဝင် နိုင်ငံပေါင်း တစ်ရာ့လေးဆယ်ကျော်ရှိပေ မယ့်ူရှစ်ဆယ့်ငါးနိုင်ငံ ရွေးဖိတ်တာပါ။ ညီလာခံက မေလ ဆယ်ရက်အထိ ငါးရက်လုပ်ကြမှာပါ။

ဒီမှာ အရေးအကြီးဆုံး အကြောင်းအရာက ဥရောတစ်တိုက်လုံး လွတ်လပ်စွာ ပြောဆိုရေးသားထုတ် ဖော်ခွင့်ကို အကြမ်းဖတ်ဟန့်တားနှောက်ယှက်သူတွေဟာ စစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ တစ်ပါတီအစိုးရ၊ လက်နက်ကိုင်သူပန်တွေလောက်ပဲရှိခဲ့လို့ ရှင်းခဲ့၊ ထောက်ပံ့ခဲ့ရတာ။ အခုက အေရှူးအသစ်။ ဘာသာရေးအ စွန်းရောက်တွေရဲ့ရက်စက်မှုကို ဒီကော်မတီက ဘယ်လိုတုံ့ပြန်မလဲ၊ ကာကွယ်ကြမလဲဆိုတဲ့ ခေါင်းစဉ်က အကြီး ကြီးဖြစ်လို့နေပါတယ်။ တစ်နိုင်ငံချင်းစီ ပြောကြတော့ ဂါနာပန်၊ အီသီယိုပီးယားပန်၊ ယူကရိန်းပန်၊ မြန်မာပန်။ မြန်မာပန်အလှည့်ရောက်တော့ “ ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်ကို အ  စိုးရနဲ့အတူ သာရေးဘန်းပြ သံဃာတချို့က ဟောပြောပွဲတွေတောင် ပိတ်ပင်တာ၊ တားဆီးတာတွေ လုပ်တာ ခံနေရပါပြီ” ဆိုတာ ထည့်ပြောခဲ့တယ်။ ပြီးတော့ ဖဆပလအစိုးရခေတ်ကနေ ဒီနေ့ ဦးသိန်းစိန်ရဲ့ စစ်ဗိုလ်ချုပ် ဟောင်းကြီးတွေခေတ်အထိ ထောင်ချခဲ့တဲ့ စာပေအနုပညာရှင် ၁၂၅ဦး စာရင်းနဲ့ ထောင်ထဲမှာ သေခဲ့တဲ့ စာရင်း တွေနဲ့ ပြုစုထားတာ ချပြခဲ့တယ်။ အဲဒီတော့ ဦးသိန်းစိန်လက်ထက်မှာ ထောင်ချခံခဲ့ရတဲ့ စာရင်းတောင်းတော့ နာမည်နဲ့တကွ ၁၈ဦးပေးပြီး ယခုလက်ရှိ ဂျာနယ်သတင်းစာတွေကို အစိုးရက လွတ်လပ်စွာ ပြောဆိုရေးသားမှု ကို လစ်လျူရှုပြီး တရားစွဲနေတုန်းဘဲ၊ အမှုရင်ဆိုင်နေရတုန်းပါဘဲဆိုတာ ပြောပြတော့ ပန်အင်တာနေရှင်နယ်က ဒါဆို စစ်အစိုးရအတိုင်းဘဲ ဘာမှမထုးဘူးပေါ့တဲ့။ သူတို့ အခုမှ တိတိကျကျ သိခွင့်ရသွားကြတယ်။ အဲဒီတော့ မင်းတို့ ထောင်ကျနေတဲ့ အကျဉ်းကျ စာရေးဆရာတွေ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေအတွက် ဘာတွေလုပ် ကြသလဲလို့ ထပ်မေးပါတယ်။ “ ငါတို့ ပန်အနေနဲပတော့ ကြေငြာချက်တွေ၊ ကန့်ကွက်မှုတွေလုပ်တယ်။ ပြီးတော့ သက်ဆိုင်ရာ အစိုးရဝန်ကြီး၊ သမ္မတဆီ တိုက်ရိုက်စာရေးပြီး ကန့်ကွက်တယ်၊ အမြန်လွှတ်ပေးဖို့ တောင်းဆို တယ်။ ငွေအနည်းငယ်ဆီနဲ့ ထောင်ထဲမှာ စာကြည့်တိုက်ဖွင့်နိုင်အောင် စာအုပ်တွေပို့ပေးတယ်” ဆိုတော့ ပန် အင်တာနေရှင်နယ် ပန်မြန်မာပြောတဲ့ ထောင်ထဲမှာ စာကြည့်တိုက်ဖွင့်နိုင်အောင် ကူညီရမယ်ဆိုတဲ့ ဆုံးဖြတ် ချက်တစ်ခု ကျပါတယ်။ အောင်မြင်မှုသေးသေးလေး တစ်ခုပေါ့။

ညီလာခံလေးရက်မြောက်ကျတော့ အားလုံးဘုတ်ပေးပြီး ရွေးချယ်လို့ စကားပြောခွင့် (မိန့်ခွန်းပြောခွင့်) ရပါတယ်။ မြန်မာလို အရင်ရေးပြီး အင်္ဂလိပ်လို ပြန်ရေးလို့ အင်္ဂလိပ်လို ဖတ်ပြခဲ့။ မေးခွန်းသုံးခုကိုတော့ ထောင် တွင်းရက်စက်ခံရမှုကို ပါဖော့မန့်နဲ့ သရုပ်ဖော်ပြခဲ့တယ်။ နောက်နေ့မနက် နောက်ဆုံးနေ့မှာကြတော့ ဥရောပ ပန်များက ကျွန်တော်နဲ့ နံနက်စာ ကော်ဖီအတူသောက်ပါရစေလို့ ဆိုလာပါတယ်။ ကျွန်တော် သဘောပေါက် လိုက်ပါတယ်။ မနေ့က ကျွန်တော်ပြောတဲ့ မိန့်ခွန်းထဲမှာ သူတို့အစာမကြေတဲ့ အချို့အပိုဒ်တွေပါနေတယ်ဆို တာ ညကတည်းက သတင်းရပြီးသားပါ။ ညစာ ဒင်နာစားတော့ ဆွီဒင်ပန်လေးက ကျွန်တော့်ကို ပြောထားလို့ပါ။ မြန်မာလိုပဲ ပြန်ရေးပြပါရစေ။

“ အတင်းအဓမ္မ မဲတွေရအောင်ယူပြီး ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းချွတ်အစိုးရ လုပ်ပါတယ်။ အရပ်သား အစိုးရလို့ ကမ္ဘာကို ကြေငြာပါတယ်။ ကမ္ဘာကြီးကို ဒီနေရာက ပြောပါမယ်။ အရပ်သားအစိုးရ မဟုတ်ပါဘူး။ ဒီမို ကရေစီအစိုးရ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အစိုးရတွေက အယုံမလွယ်ဘူးလို့ ထင်ပါ တယ်။ ဟုတ်ရဲ့လား” ဆိုတဲ့ စကားပါပဲ။

ကော်ဖီစားပွဲမှာထိုင်မိတော့ ဥရောပခုနှစ်ဦးပါ။ သူတို့ဟာ ပန်ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်ဖြစ်သလို သူတို့နိုင်ငံက ကျောကြားတဲ့ စာရေးဆရာ၊ ကာတွန်းဆရာ၊ သတင်းဆရာ၊ ကဗျာဆရာတွေလည်း ဖြစ်ပါတယ်။ အခုကြတော့ နိုင်ငံကိုယ်စားပြုပေါ့။ နယ်သာလန် ပန်ဥက္ကဌက ပြောပါတယ်။

“ မင်းတို့နိုင်ငံက ဒီမိုကရေစီအကူးအပြောင်းက ညင်သာနေတယ်လို့ မင်းမထင်ဘူးလား၊ အပြောင်းအ လဲဆိုတာ တဆင့်ပြီးတဆင့် ပြောင်းရတာ၊ အခြားနိုင်ငံတွေဆို လူတွေ သိန်းသန်းချီသေပြီးမှ ပြောင်းကြရတာ” တဲ့။ ကျွန်တော်က ဒါမင်းတစ်ယောက်ထဲရဲ့ အမြင်လား၊ အားလုံးရဲ့ အမြင်လားဆိုတော့ အခြားတစ်ယောက်က “ တစ်ထပ်တည်းတော့ မဟုတ်ဘူး၊ သဘောတရားက အတူတူပါဘဲ” တဲ့။

“ မင်းတို့အခုတွေ့နေရတဲ့ ငါက ညံ့ချင် ညံ့အုံးမယ်။ နိုင်ငံထဲမှာ ငါ့ထက်တော်တဲ့ အနုပညာသမား၊ နိုင်ငံ ရေးသမားတွေ အများကြီးပါ။ အားလုံးက မင်းတို့ပြောသလို ဒီမိုကရေစီဆိုတာ တဆင့်ပြီးတဆင့်သွားမှ ညင်သာ မယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် ငါတို့အခုရင်ဆိုင်နေရတာက မင်းတို့ကြားအောင် အစိုးရက ပြောနေ တာက တစ်ခြား၊ ပြည်တွင်းမှာလုပ်နေတာက တစ်ခြား။ ဒီမှာကြည့်ဆိုပြီး သတင်းစာ ဂျာနယ်တွေမှာ တရားဝင် ဖော်ပြထားတဲ့ လက်ပံတောင်းတောင် ဒေါ်ခင်ဝင်း၊ ကိုပါကြီး၊ မတ်လ ၅ရက် ဆူးလေရှေ့၊ မတ်လ ၁၀ရက် လက် ပံတန်း၊ မြေသိမ်းခံတောင်သူတွေရဲ့ ဓါတ်ပုံတွေကို ကျွန်တော့်ဖုန်းထဲက ချပြလိုက်တော့ သူတို့ ဝိုင်းကြည့်ပြီး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်တယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ သူတို့တီထွင်နေတဲ့ နည်းပညာထုတ်ကုန်တွေကို အမြဲရောင်းချဖြန့်ဖြူးဖို့ဆိုရင်  သူတို့နဲ့ ကုန်သွယ်ဖက် ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်တယ်ဆိုတဲ့အမြင်ကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့က လည်း လိုအပ်တာမှန်ပါတယ်။ အစိုးရလုပ်သူနဲ့ အပေါင်းအပါတွေသာ ချမ်းသာပြီး ပြည်သူလူထုက မွဲပြီးရင်းမွဲ၊ ခံရပြီးရင်း ခံရဆိုရင် ဘာထူးမှာလဲ။ သူတို့ကြည့်ပြီးတော့ ကျွန်တော်ပြောပါတယ်။ “ ငါ တောင်းပန်ပါရစေ၊ မင်း တို့ အစိုးရကို ပြောပေးပါ။ အစိုးရချင်းဆက်ဆံတာထက် ပြည်သူချင်းဆက်ဆံတာ လုပ်ပါ” လို့ဆိုတော့ “ ငါတို့ ကြိုးစားပါ့မယ်” တဲ့။

ဒါတွေ ကျွန်တော်မပြောချင်ပါဘူး။ Eleven ဆယ့်ငါးနှစ်ပြည့်ပွဲမှာ ဆရာမျိုးမြင့်ညိမ်းနဲ့တွေ့တော့ မေးလို့ ပြောပါတယ်။ ပန်အစည်းအဝေးမှ ချပြမယ်ဆ်ုတော့ “ ရေးပါ၊ ရေးလိုက်ပါ၊ ပန်မြန်မာနဲ့တင် ဆိုင်တာမဟုတ်ဘူး။ စာပေသမားအားလုံး၊ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စ၊ အားလုံးကို မျှဝေသင့်တယ်”ဆိုတာနဲ့ ရေးရတာပါ။ ကိုယ့်ကို ကိုယ်ဖော် မသူတော်စာရင်းထဲ မပါချင်ဘူး။

ကျွန်တော် ပန်အင်တာနေရှင်နယ်မှာ ပြောလို့မှမဆုံးသေး။ အမ်စတာဒမ်က အစည်းအဝေးပြီးလို့ မြန်မာ ပြည်ရောက်ရင်ပဲ ပြန်ကြားရေးဝန်ကြီးက မီဒီယာက ဆယ့်ခုနှစ်ဦးကို ထပ်တရားစွဲပြန်တယ်။ ကဲ ဘယ်မှာလဲ ဒီမို ကရေစီမဏ္ဍိုင်က အဓိက မောင်းနှင်အားဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်ကို မြှင့်တင်တာ။ မ မြှင့်တင်ပဲ ထောင်ချဖို့သာ အားထုတ်နေသလိုပါပဲ။

ဥရောပနိုင်ငံမှာ တွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲသုံးခုမှာ ဆန္ဒပြသူတွေကို ရဲလုံခြုံရေးတွေက ပြုံးရွင်စွာ စောင့် ရှောက်ပေးတာပါ။ ဒီမှာတော့ ဆန္ဒပြတယ်ဆိုတာနဲ့ ရဲလုံခြုံရေးက တင်းမာခတ်ထန်ပြီ်း လူမိုက်တွေလိုဆက်ဆံ တာ ခံရတာပါပဲ။

ခေတ်မှီဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံကို ထူထောင်နေပါတယ်ဆိုပြီး ဂွမ်တီးဂွမ်တီးက ဥပဒေအဟောင်းအ  မြင်းတွေနဲ့ ထောင်ချဖို့ကြိုးစား၊ ပြီးတော့ လုံးလုံးမသင်္ကာစရာက ကြိုပြီး အိမ်ထောင်စုစာရင်းတွေကောက်ပြီး ရှစ် ဆယ်ရာခိုင်နှုန်း မဲစာရင်းတွေ မှားနေတာပါ။ ကျွန်တော့်အိမ် မိသားစုငါးယောက်မှာ ကျွန်တော်အပါအဝင် လေး ယောက်မှားနေတာပါ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံကို ဝုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သံဆူးကြိုးနဲ့ တမတ်သားများက ဦးဆောင်ပြီး တည်ထောင်နေတယ်လို့ ဆိုပါရစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts