ဝေဖန်ရေးရာ

သွန်းခ – မအားလို့ပါဗျာ၊မအားလို့

သွန်းခ – မအားလို့ပါဗျာ၊မအားလို့
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၅

နံမည်ပေးလိုက်ချင်တာက “ဘာတွေဖြစ်ကုန်ကြပြီလဲ”ပါ။ မဖြစ်သေးဘူး၊ သွားလေသူ ဆရာမင်းလူရဲ့ သိပ်ကောင်းခဲ့တဲ့ ခေါင်းစဉ်။ နောက်တစ်ခု အတွေးထဲ ပေါ်လာပါရဲ့ “စဉ်းစားကာနေရဦးမယ်”၊ မလုပ်နဲ့။ အဲဒါလည်း အစ်မကြီးဒေါ်မာမာအေးက သူ့သီချင်းခေါင်းစဉ်လေလို့ ပြောမှာ။ “မပြောချင်လို့ကြည့်နေတာကြာပြီ” အဲဒါလည်း မမမေခလာက သူ့သီချင်းကိုယူပြန်ပြီ လုပ်လာနိုင်တယ်။ ကဲ … ပြောချင်တာတွေ၊ ရေးချင်တာတွေများ ဘာနဲ့မှ မလွတ်အောင်ဖြစ်နေတာ အပြောအဆို မလွတ်အောင် ကြောင်တောင်တောင်လုပ်ကြတဲ့သူတွေကြောင့်လား။ ပြောနေ၊ ရေးနေကြတဲ့သူတွေကပဲ ရမယ်ရှာ ရေးနေ၊ ပြောနေသြသလားဆိုတာ … လုပ်ပုံတွေကိုကြည့်၊ သိကြမှာပါလေ။

လိုင်းပေါင်းကိုစုံနေတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်းလိုင်းတွေကိုအားပြုပြီး အင်တာနက်တွေချိတ်ကြရော။ ရွေးကောက်ပွဲပဲနီးလာပြီ၊ ခုထိမကောင်းသေးဘူး။ အဲဒါ အားလုံးအသိနော်။ ဆိုးဆိုးရွားရွားဖြစ်ပုံများ ၁၅၊ ၉၊ ၂ဝ၁၅ မှာ လုံးဝသုံးမရတာ။ ဖေ့စ်ဘွတ်ခ် ကြည့်လို့ရချင်ရမှာပေါ့၊ အီးမေးလ်ပို့မရတာ။ ရပ်ကွက်ထဲက အကောင်းဆုံးဆိုင်တောင်မှ အဲဒီနေ့ညနေ ၅ နာရီလောက်မှာ ပိတ်လိုက်ရပါသတဲ့။ စာမူနဲ့ ကာတွန်းပို့ဖို့ သွားတော့ မောပြီးသာ ပြန်ခဲ့ရပါတယ်။ သတင်းသမားတွေ ဘယ်လိုလုပ်ကြမလဲ၊ ဆက်စပ်တွေးရပြီ။ ရွေးကောက်ပွဲမှာ သတင်းဘယ်လိုယူကြပြီး ဘယ်လိုပို့ကြလိမ့်ဦးမလဲ။ ထားပါလေ၊ နည်းပညာတွေရှိနေတာပဲ။

သတင်းလည်းပုပ်တတ်သလို ဆောင်းပါးလည်းပုပ်သွားတတ်တာပဲ၊ အချိန်မှီပို့ချင်တာပေါ့။ ကာတွန်းရော … ထားလို့ရတာရှိတယ်၊ မြန်မြန်ဖော်ပြသင့်တယ်လို့ယူဆပြီး ပို့သင့်တဲ့ဟာပို့ရတာပဲ။ အဲဒီအင်တာနက်လိုင်း ဖြင့်မကောင်းသေးဘူး။ တောပြောတောင်ပြောတွေပြော။ မဲဆွယ်တဲ့နေရာများ ဆိုလာ ပြားကြီးတွေနဲ့ မဲဆွယ်တဲ့ ပါတီကရှိပါသေး။ လျှပ်စစ်မီးရအောင် လုပ်မဟဲ့ မရှိဘူးဗျာ။ နေရောင်ခြည် စွမ်းအင်နဲ့မှ မီးလေး ခဏတစ်ဖြုတ်သုံးရမယ့် အပြားကြီးတွေ သုံးကြဦးဆိုတော့၊ နိမိတ်ပေးတာလား၊ အတိတ်စိမ်းပေးတာလား မေးချင်လိုက်တာမှလေ။ မအားလို့ ၊မအားလို့ မမေးလိုက်ရတာ။

ဟော၊ မနေ့က ၁၇၊၉၊၂ဝ၁၅ ကိုကြည့်။ တစ်နိုင်ငံလုံး မီးပျက်သွားလိုက်တာများအားလုံးအသိ။ နေ အိမ်တွေကို မပြောလိုပါဘူး။ မှောင်နဲ့မည်းမည်း စမ်းတဝါးဝါးနေခဲ့ရတာ ကျင့်သားရနေပါပြီ။ အရေးကြီးတာဆေးရုံတွေ၊ လူနာတွေအသက်တွေကို ကယ်နေရတဲ့ဆေးရုံတွေအတွက် မစဉ်းစားကြတာကို ပြောပါတယ်။ ဟိုတစ်ချိန်ကပြောခဲ့တဲ့၊ အော်ပြဟစ်ပြ၊ သံသာသာကျူးခဲ့ကြသေးတဲ့ ရဲရွာရေအားလျှပ်စစ် ဆိုတာကြီးလည်း ခုတော့ နားနေပါပကောလား။ ခုလည်းလုပ်ပြန်ပါပြီ၊ တစ်နိုင်ငံလုံး မီးလင်းရေး ကမ္ဘာ့ဘဏ်က အတိုးမဲ့အမေရိကန်ဒေါ်လာ သန်း၎ဝဝ ချေးမယ်တဲ့။ အဲဒါပျော်စရာလား၊ ရှက်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း။ အဲဒါထားပါဦး။

၁၇၊၉၊၂ဝ၁၅  မွန်းလွဲ ၂နာရီလောက်ကနေ ည၇နာရီအထိ ပျက်တာများ လူမှုကွန်ရက်တွေမှာရော၊ ပြည်သူတွေ မခံမရပ်နိုင်နဲ့ ပြောနေလိုက်ကြတာ ဖတ်ရ၊ ကြားရမှာပါလေ။ ဘာတဲ့ … မဟာဓာတ်အားလိုင်းပေါ် ငှက်နားမိလို့ ဆိုလား။ တွေးမိ ရေးမိရေးရာ ရေးတင်တဲ့သူက ရှိသေးတာ။ သူတွေးတာလည်း ဖြစ်နိုင်တာပဲကိုး။ ကိုယ့်နိုင်ငံအခြေအနေ ကိုယ်သိလို့ ရေးတင်တာနေမှာပေါ့။ နောက်တစ်နေ့သတင်းစာမှာမှ အကြောင်းရင်းသိရတာ စစ်စတမ်ဘရိတ်ဒေါင်း ဖြစ်သွားတာပါတဲ့။ ပြောရောပေါ့ဗျာ၊ ဘာလေးဖြစ်လို့၊ ညာလေးဖြစ်လို့ ဆို သည်းခံ၊ ကြံဖန်လို့ရသေးတာပေါ့။ တိုင်းမ်ဖရိမ်မ် ဆိုတာကြီးနဲ့ ညှိအလုပ်လုပ်ကြမှာပေါ့။ ခုခေတ်ဗျာ၊ ဖေ့စ်ဘွတ်ခ်တွေလည်း ရှိနေတာများ ကော်ပိုရေးရှင်းကြီး တစ်ခုလုံး လုပ်နေပြီး နေစိမ့်တာကိုပြောပါတယ်။ ရေဒီယိုလိုင်းတွေကနေပြောမယ်ဆိုရင်လည်း ဖြစ်တဲ့ကိစ္စပါ။ ခုထက်ထိ နောက်ကျမှ သိသိနေရတာကိုက အထာတော့မကျသေးဘူးဗျာ။ အထက်ကခွင့်ပြုမိန့်တွေများ စောင့်နေရလို့လား။ ဒါမှမဟုတ် နေပြည်တော်မပျက်ပဲ (လျှပ်စစ်မီးပြောပါတယ်) များကျန်ခဲ့လို့ များလား။ တွေးရပြီပေါ့ဗျာ၊ အမှောင်ထဲမှာကိုး။ အင်း……ခက်တာက နေရာတိုင်းမှာ နေပြည်တော် ကို မြန်မာပြည်လို့ သတ်မှတ်လို့ မဖြစ်နိုင်တာတွေ ရှိနေသကိုးဗျ။ အဲဒီနေ့က မအားလို့ဗျ။ မအားလို့။ ဖုန်းဆက်မမေးလိုက်ရတာ။

ဟော … တစ်စခန်းထကြပြန်တာက ဘတ်စ်ကား လိုင်းတွေဆန္ဒပြကြပြန်ပါသတဲ့။ မထသ က တာဝန်ရှိသူတစ်ယောက်ခမျာ ပြည်ပအသံလွှင့်ဌာနတွေက မေးသမျှဖြေနေလိုက်တာများ အသံတွေကို ပြာလို့ပါဆို။ လိုရင်းက ဒဏ်ကြေးမြှင့် တောင်းတဲ့ကိစ္စ။ ၁၆၊ ၉၊ ၂ဝ၁၅ နေ့လယ် ၂ နာရီက စလိုက်တဲ့အစည်းအဝေးက ည ၇ နာရီ အထိ ပါတဲ့။ အပြန်အလှန်ဆွေးနွေးလိုက်ကြတာများ နောက်ကျသွားလို့ ဆွေးနွေးပွဲကအပြန် ယာဉ်လိုင်းမှာ ပြန်ရှင်းမပြလိုက်နိုင်တာနဲ့  နောက်နေ့ ဆန္ဒပြတာပါတဲ့။ အကျယ်ချဲ့ မဝေဖန်ချင်ပါဘူးဗျာ။ ယာဉ်လိုင်းတွေက စည်ပင်ကိုလွှဲချ၊စည်ပင်က တစ်ခါပြန်ရှင်း လုပ်ကြဦးမှာ အသေအချာပါပဲ။ စည်းကမ်းဖောက်ဖျက်လို့ အရေးယူတဲ့ဒဏ်ကြေးများလို့ ဆန္ဒပြကြတယ်ဆိုတဲ့ ကိစ္စ၊ နည်းနည်းတော့ အရေးတယူလုပ်ကြဖို့ကောင်းပြီ။ စင်္ကာပူလို တိုးတက်ချင်တယ်ဆို၊ တိုးတက်အောင် လုပ်ချင်ရင် စင်္ကာပူလို စည်းကမ်းချက်တွေကိုတိတိကျကျပြဌာန်း၊ ခြမစားနဲ့၊ လာဘ်မစားနဲ့၊ ဒဏ်    ကြေးကို ပြောရင်ပြောတဲ့အတိုင်း ရိုက်။ အရေးယူလေ၊ သေချာကျန တစ်ပြေးညီယူလေ၊ ဟိုလူနဲ့ သိတယ်၊ ဒီလူနဲ့ သိတယ် မလုပ်ကြေး။ စကတည်းက ပေါ့လျော့ခဲ့တာ ခုမှဖြေလျော့မယ်၊ ပြည်သူတွေအတွက် စဉ်းစားပါမယ် မလုပ်ပါနဲ့တော့။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တရားဝင်စည်းကမိးဖောက်ဖျကိ်ခွင့် မပေးကြပါနဲ့တော့။

မအားလို့ပါ၊ မအားလို့။ သက်ဆိုင်ရာကို သေချာ သွားရှင်းပြချင်တာ မအားလို့ပါဆို။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts