ရသဆောင်းပါးစုံ

ရန်ဝင်း (တောင်တံခါး) – နန်းဘုရား၊ ပုဂံ

နန်းဘုရား၊ ယခင်
ရန်ဝင်း (တောင်တံခါး) – နန်းဘုရား၊ ပုဂံ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

မနူဟာ (မကုတ) မင်းကြီး နန်းတော်ရာနေရာမှာ မြစ်တော် နာဂသမန်းက တည်ဆောက်ခဲ့တယ်လို့ဆိုရှိတဲ့ နန်းဘုရား ၁၂၃၉/၅၇၄ က ကျောက်အုတ်တွေနဲ့ချည်း တည်ဆောက်ထားတဲ့ သပ်ယပ် သပ္ပါယ်လှတဲ့ ဂူဘုရားတစ်ဆူ ဖြစ်ပါတယ်။

ပုဂံခေတ် လက်ရာတွေထဲမှာ အဆောက်အအုံတစ်ခုလုံးကို ကျောက်နဲ့ချည်း တည်ဆောက် ထားတာဆိုလို့ များများစားစား မရှိပါ။ မြေပြင်ပေါ်က လုံးဝပျောက်ကွယ်သွားပြီဖြစ်တဲ့ မြကန် စက္ကူတိုက် (ထိလိုင်မင်းကြီးကောင်းမှု)၊ တုရင်သက်စိုးတောင် တန်းပေါ်က ထူပါတွေ၊ ကျောက်ဂူဥမင်၊ ရွှေစည်းခုံစေတီကြီးနဲ့ နန်းဘုရားတို့ပဲ ရှိပါတယ်။

မနူဟာဂူဘုရားကြီး တောင်ဘက် မြင်းကပါဘုန်းတော်ကြီးကျောင်းဝင်းကို ဖြတ်ပြီး နန်းဘုရားဆီကို သွားရောက်နိုင်ပါတယ်။

ပုဂံခေတ် ကျောက်ဆစ်အတတ် ပြောင်မြောက်လှပုံကို သက်သေပြနေတဲ့ ကျောက်ဆစ်လက်ရာတွေ၊ ဘုရားတစ်ဆူလုံးမှာ အံ့မခန်းစရာ မြင်တွေ့ကြရပါမယ်။ ဘီလူးပန်းဆွဲတွေ၊ တိုင်ထောင့် အောက်ခြေက ပန်းတွေ၊ လေသာပြတင်းအပိတ်တွေ၊ ပြ တင်းတွေအပေါ်က ပန်းအိုး၊ နတ်ရုပ်၊ မကန်းရုပ်၊ ဟင်္သာငှက်ရုပ်ပါတဲ့ ပန်းခွေတန်းတွေ မြင်မြင်သမျှ တစ်ခုချင်းစီက ပုဂံခေတ် ကျောက်ဆစ်လက်ရာတွေအထဲမှာ အကောင်းဆုံး ဖြစ်ကြောင်း သက်သေပြနေကြပါတယ်။

ဂူဘုရားအတွင်း တိုင်ကြီး ၄ ခုရဲ့ ၁၆ မျက်နှာတွေမှာ ကြာပွင့်ပေါ်ထိုင်ပြီး၊ ကြာပွင့်တွေကိုကိုင်ထားတဲ့ မျက်နှာ ၃ ဘက်ပါ ဗြဟ္မာရုပ်ကြီးများ၊ ဘီလူးပန်းဆွဲ၊ ဘီလူးပန်းကိုက်၊ တိုင်ထောင့်၊ တိုင်ဖုံး ပန်းပုံစံကြီးတွေကို ရင်သပ်မောဘွယ်ရာ တွေ့မြင် ကြရပါမယ်။

နှစ်ပေါင်း ၈၀၀ ကျော် ၉၀၀ ခန့်လောက် ကာလကြာရှည်ခဲ့ပေမယ့် ထုဆစ်ပြီးခါစ ကာလတုန်းကလိုပဲ ခိုင်ခံ့တည်မြဲ လှပနေသေးတဲ့ ပုဂံခေတ် ကျောက်ဆစ်လက်ရာတွေကို သွားရောက် ကြည့်ရှုကြဖို့ သတင်းစကားနဲ့အတူ ဒီစာစုကလေးကို မျှဝေလိုက်ပါတယ်။

အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
http://www.baganmyanmar.com

နန်းဘုရား၊ ယခု

 

နန်းဘုရား၊ ခွဲခြမ်း ဆွဲပုံ

 

ဟင်္သာငှက်ရုပ်ပါ ကျောက်ဆစ်တန်း

 

ကျောက်လေသာပြတင်း

 

ဘီလူး ပန်းကိုက်

 

ကျောက်တိုင်ဖုံး ပန်းတန်းများ

 

ကြာပွင့်ပေါ်ထိုင်၊ ကြာပွင့်ကိုင် မျက်နှာ ၃ ဘက်ပါ ဗြဟ္မာရုပ်ကြီး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts