စာစုတို

မင်းကိုနိုင် – “ အမေ့ တမ်းချင်း ”

မင်းကိုနိုင် – “ အမေ့ တမ်းချင်း ”
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၁၇၊ ၂၀၁၅

မနေ့က အမေ့မွေးနေ့။

မတွေ့ဖြစ်တာ ကြာပြီဖြစ်တဲ့ ကျနော်တို့မောင်နှမ လေးယောက် အမေ့အိမ်မှာ ဆုံကြဖို့ မအားကြတဲ့ကြားက ကတိတည်ခဲ့ကြပါတယ်။ မိသားစု ပြန်ဆုံတဲ့ အမေ့မွေးနေ့ပွဲဟာ ညနေစောင်းထိ ဘာမှ မထူးခြားသေးပါဘူး။ သားသမီးတွေက အဖေနဲ့အမေကို ကန်တော့မယ်။ မိဘတွေက ဆုတောင်းပေးမယ်။
.
ညနေစောင်းလာတဲ့အခါမှာတော့ အမေက သားသမီးတွေကို မွေးဖွားခဲ့တဲ့ အတွေ့အကြုံကိုပြောပြရင်း အခုလို ညနေစောင်းပြီဆိုရင် အဖေရော အမေပါ ကြောက်ခဲ့ရတဲ့ ညနေ စောင်းတွေအကြောင်းကို ပြောပြပါတယ်။

ကျနော်တို့မှာ မကြီး ၊ မငယ်၊ ကျနော်နဲ့ ညီမလေးအပါအ၀င် မောင်နှမ လေးယောက်ပဲရှိတယ်လို့ လူအများက သိထားကြပေမယ့် ကျနော့်မှာ အကိုရင်းတယောက်ရှိခဲ့ဖူးတယ် ဆိုတာ လူရင်းတွေတောင် သိပ်မသိခဲ့ကြပါဘူး။ သမီးမိန်းကလေးနှစ်ယောက် မွေးပြီးတဲ့နောက် အဖေနဲ့
အမေ တမ်းတတာက သားယောက်ျား။ သူတို့ဆုတောင်း ပြည့်ခဲ့ကြပါတယ်။

ရံဖန်ရံခါ ကျနော့်ရဲ့ ညှင်းသိုးသိုး ပုံကိုကြည့်ပြီး အမေက ချစ်စနိုး ကြည်စယ်လေ့ရှိတယ်။

“ ငါ့သားကြီးက မင်းလိုမဟုတ်ဘူး၊ ရုပ်ရည်လှလှနဲ့ ခြေတံ လက်တံကောင်းကောင်း၊ မျက်ခုံးမျက်လုံးလှလှ ။ ” စသဖြင့် ပြောရင်းက ဘယ်တော့မှ ၀ါကျမဆုံးနိုင်။ အဝေးကို ငေးသွားရတာချည်းပဲ။

ညီအစ်ကိုငတ်တဲ့ ကျနော်ကလည်း ငါ့မှာ အစ်ကိုသာ ရှိခဲ့ရင် ဆိုတဲ့အတွေး မဆုံးနိုင်တော့ဘူးပေါ့။

အကို့ကို မွေးပြီး တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) မှာရှိတဲ့ ဟိုတုန်းကအခေါ် ဒေါ်ခင်ကြည်ဆေးရုံက မြင်ကွင်းကို အမေက ပန်းချီဆွဲသလို ပြောပြပါတယ်။

“ ဟိုတုန်းက…ဆေးရုံဆိုတာ မိုးလင်းတာနဲ့ ကော်ဖီနဲ့မုန့် ။ ပြီးရင်အိပ်ယာခင်းက အစ ၊ အ၀တ်အစားတွေအားလုံး လျှော်ဖွပ် ဆေးနဲ့ပေါင်းပြီးသား အသစ်လဲပေးတယ်။ အိမ်က အ၀တ်အစားတွေပေးမ၀တ်ဘူး။ ဘာမှယူလာစရာလည်း မလိုဘူး။ ထမင်းနှစ်နပ်ကျွေးတာလည်း တကယ့်အာဟာရအပြည့် သန့်ရှင်းလက်ဆတ် တာတွေကိုပဲ စေတနာ အပြည့်နဲ့ ချက်ကျွေးတာ။ ဆေးရုံကဆင်းတဲ့ အထိ တပြား တချပ်မှ ပေးစရာမလိုဘူး။ ဆေးရုံက ဆင်းမှသာ အလှူခံပုံးထဲကို စေတနာရှိရင် ထည့်သွား။ တချို့ကလည်း အနှီးပိတ် အသစ်တွေ လှူတာမျိုးရှိတယ်။ ဒီလောက်ပါပဲ။ ”
.
ကျောက်မြောင်းအိမ်ကနေ တာဝါလိန်းလမ်းဆေးရုံကို အမေဟာ လမ်းလျှောက်သွားခဲ့ပြီး အစ်ကို့ကို သက်သက်သာသာပဲ မွေးခဲ့ကြောင်း။ သားဦးမွေးရင် အနည်းဆုံး ၁၀-ရက်။ ကျန်ကလေးများမွေးရင် အနည်းဆုံးတပတ် ဆေးရုံမှာ နေရကြောင်း အမေက ဆက်ပြောပြပါတယ်။
.
အမေ့သားကြီးဟာ နှစ်ရက်မြောက်မှာ မျက်လုံးတွေဝါလာတယ်လို့ အမေ့စိတ်ထဲ ထင်ခဲ့တယ်။ ဒါပေမယ့် ကလေးက နို့စို့မပျက်တော့ အမေလည်း သိပ်မတွေးတတ်ခဲ့ဘူး။ ရှစ်ရက် မြောက်တဲ့နေ့မှာ အမေ ဆေးရုံက ဆင်းတဲ့အခါ သားကို ပြန်ခေါ်ခွင့်မရဘူး။ သားကို ခဏထားခဲ့ရဦးမယ်။ ခြေထောက် အကြောအတွက် ဆေးထိုးရဦးမယ်ဆိုလို့ မထားချင်ပဲ ထားခဲ့ရပါတယ်တဲ့။
.
ညနေမှောင်တော့ မိတ်ဆွေတယောက် ရောက်လာ။ အဖေ့ကို အောက်ထပ်ခေါ်သွားတယ်။ အမေ့စိတ်ထဲ ထင့်ကနဲ ဖြစ်။ ငါ မသိစေချင်တဲ့ အကြောင်းမို့ ငါ့ရှေ့မှာ မပြောတာများလား။ ဘုရား…ဘုရား… ငါ့သားများ …။
.
ယခင်က လူတွေပြောတဲ့ ရင်ထဲမှာ “ ဟာခနဲ ” ဖြစ်သွားတယ် ဆိုတာမျိုးဟာ အမေ လက်တွေ့ ခံစားလိုက်ရပါတယ်တဲ့။ ဒါပေမယ့် ချက်ခြင်းပဲ…စိတ်ကို တင်းတယ်။ အို…မဖြစ်နိုင်ပါဘူး။ ခြေထောက်အကြောဆိုတာ အသက်နဲ့အဝေးကြီးပါ။  စသဖြင့် ဖြေသိမ့်ပါတယ်တဲ့။
.
နောက်ရက်တွေမှာတော့ ညနေစောင်းပြီဆိုရင် အဖေနဲ့ အမေ့အမေ(ကျနော့်အဖွား) တို့ဟာ ဆေးရုံသွားကြည့်မယ် ဆိုပြီးတော့ ထွက်သွားကြ။ မှောင်ပြီဆိုမှ တိတ်တဆိတ် ပြန်လာကြ။ အမေက စိတ်ထင့်ထင့်နဲ့သတင်းမေး။ သူတို့က နေကောင်းပါတယ် ၊ အနာကျတ်မှပြန်ခေါ်လာမယ်ဆိုပြီး
ဖြေကြ။ ပြီးတော့ အိမ်ဟာ တိတ်ဆိတ် သွားနေကျ။
.
အဖေဟာ ညနေရောက်တိုင်း လမ်းထိပ်ရောက်ရင် ယောက္ခမ ဖြစ်သူနဲ့ လမ်းခွဲ။ ခြေဦးတည့်ရာ ခေါင်းငိုက်စိုက်နဲ့ လျှောက်။ နှုတ်ဆက်သူတွေကိုလည်း မတုံ့ပြန်နိုင်။ မှောင်လောက်ပြီဆိုမှ  အဖွားနှင့်ပြန်ဆုံ အိမ်ထဲဝင်။ အမေ့မျှော်လင့်တကြီး မျက်ဝန်း တွေကို ရှောင်လွှဲရင်းမနက်ဖြန်တော့ သားကို ခေါ်လာလို့  ရမယ်ထင်တယ် ဖြေရင်း..။
.
“ သားအဖေဟာ အမေ့ကို ညာတယ်ကွယ်။ အကြာကြီး ညာခဲ့တယ်။ ကလေး နေကောင်းပါတယ်၊ ဒဏ်ရာက ရောင်နေလို့ ပြောလိုက်။ နို့မှုန့်တွေ တိုက်တာ အများကြီးသောက်တယ်လို့ ဆိုလိုက်။ ညနေတိုင်း အမေ့ကို ညာခဲ့တာ။ ”
.
အဖေ့နေရာမှာ ကျနော်ဆိုရင်လည်း ညာမိမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အခုအမေ့မျက်လုံးတွေကို ကြည့်မိရင်ကို ဒီလိုညာမှ ဖြစ်တော့မှာပဲလို့ တွေးမိတာကိုး။
.
ဒီလိုနဲ့ တလပြည့်တဲ့နေ့မှာ အဖေဟာ အ၀တ်အစားအိတ်ပြင်ရင်း ကျနော့်အဖွားကို အခုလိုပြောပါတယ်။ “ အမေ…ကျနော်တော့ အမေ့သမီးကို
ပြောမထွက်ဘူး။ ခရီးပဲ ထွက်တော့မယ်။ ” တဲ့။
.
အဖေဟာ သတင်းဆိုးကို ပြောဖို့လူ ရွေးရာမှာ ဘာကြောင့် အဖွားကို ရွေးလိုက်ရပါသလဲ။ အဖွားက အမေ့အမေလေ။ မိခင်တယောက်ရဲ့ရင်သွေးဆုံးရှုံးဒဏ်ကို နားအလည်နိုင် ဆုံးဟာ မိခင်ဖြစ်ဖူးသူပဲ မဟုတ်ပါလား။ နှစ်သိမ့်စကား ရွေးချယ်ဖို့လည်း မိခင်ချင်း နားလည်တဲ့ ဘာသာစကားနဲ့မှ ဖြစ်မှာ မဟုတ်လား။  နောက်ဆုံး အမေငိုချလိုက်မယ်ဆိုရင်တောင် သူ့အမေရဲ့ ရင်ခွင်သာ ဖြေသိမ့်မှုအပေးနိုင်ဆုံး မဟုတ်ပါလား။

ဒီနှစ် အမေ့မွေးနေ့မှာ အမေဟာ “ ငါ့သားကြီးသာ ရှိရင်….”လို့  သူရွတ်နေကျ တမ်းချင်းကို ထုံးစံအတိုင်း ၀ါကျမဆုံး ရေရွတ် နေပြန်ပါတယ်။ မျက်လုံးတွေကတော့ ဟိုအဝေးကို ငေးလို့…..။
.
နှစ်ပေါင်း နှစ်ဆယ်ကျော် ကျနော် အိမ်ပြန်ခွင့်မရတဲ့ကာလတွေမှာ  နိမ့်ပါးနေတဲ့ မိသားတစုကို ပမာမခန့်ပြုမူတာတွေ ခံရတိုင်း ၊ အားနည်းနေတဲ့ မိသားစုအပေါ် မထီမဲ့မြင်ပြုတာတွေ ကြုံတိုင်း၊  ငါတို့မှာ သားယောက်ျားကြီးတယောက်သာ မားမားမတ်မတ် ရှိခဲ့ရင်ဆိုတဲ့ တမ်းတမှုမျိုး ကျနော့်မိသားစု အချိန်နဲ့အမျှ ခံစားခဲ့ရကြောင်း ပြန်မလာနိုင်သေးသူ ကျနော့်ထံ ရင်ဖွင့်ခဲ့ကြဖူးပါတယ်။
.
ကျနော်ကိုယ်တိုင်လည်း အဲဒီလိုအခါမျိုးမှာ “ ငါ့အစ်ကိုသာ ရှိခဲ့ရင်လို့ ” အမေ့လိုပဲ ၀ါကျမဆုံးနိုင်ခင် အံကြိတ်ခဲ့ရဖူးတာပါပဲ။

အခုလည်း တခါတရံမှ အိမ်ပြန် အမေနဲ့ ဆုံဖြစ်တဲ့ ကျနော်ဟာ သူ့သားကြီး ဇာတ်ကြောင်းပြန်ရင်း စကားဆုံးမရပဲ အဝေးတနေရာ ငေးနေတဲ့ အမေ့မျက်လုံးတွေကို ကျနော်ကြည့်ရင်း ….။
.
-မင်းကိုနိုင် ( ၁၆-စက်တင်ဘာ-၂၀၁၅) { အမေ့ ၇၉-နှစ်ပြည့် မွေးနေ့ အမှတ်တရ }

#ပန်းချီ အညွန်း – အဖေ့လက်ရာ အမေ့ပုံတူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts