သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အနှစ်ကိုယူ၍ တည်ဆောက်ကြ

ငြိမ်းချမ်းအေး – အနှစ်ကိုယူ၍ တည်ဆောက်ကြ
(သည်လေဒီးစ်နယူးစ် / မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅

နိုဝင်ဘာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအသီးသီးရဲ့ ကိုယ်စားလှယ်လောင်းများ တရားဝင် မဲဆွယ်ခွင့်ရလာချိန်မှာ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများမှာလည်း ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနဲ့ သာမန်ပြည်သူအများရဲ့ လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။  အမတ်လောင်းများရဲ့ ကိုယ်ရေးအကျဉ်း၊ ပညာအရည်အချင်း၊ အတွေ့အကြုံတွေကို အသားပေး ဖော်ပြ ပြောဆိုကြသလို ရုပ်ရည်ပြေပြစ်ချောမောမှုကိုလည်း ထည့်သွင်း ဆိုကြတယ်။  တချို့ကတော့ အပြောင်အပြက် ပေါ့ပေါ့ပါးပါး သဘောပါပဲ။  ဒါပေမဲ့ တချို့ကျလည်း အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ရည်ညွှန်းရာမှာ အပေါ်ယံ ရုပ်ရည်လှပဆွဲဆောင်မှုရှိကိုချည်း တရားလွန် ဇောင်းပေးနေကြတယ်။  နိုင်ငံရေးခေါင်းဆောင်များ ရှိရမယ့် အရည်အချင်းတွေထဲမှာ အပြောအဆို လိမ္မာပါးနပ်၊ ဘာသာစကား ကျွမ်းကျင်ခြင်း၊ သိက္ခာ သမာဓိ ပညာ ပြည့်စုံခြင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ခေါင်းဆောင်မှုအရည်အသွေးပြည့်ခြင်းလို အချက်ကြီးတွေအပြင်မှာ ရုပ်ရည် ပြေပြစ်ခြင်း ပါရမှာလည်း မှန်ပါတယ်။  ဒါပေမဲ့ အဓိက အချက်တော့ မဟုတ်ပါ။

တိုင်းပြည်မှာလည်း ခါးကြီးတွေထောက်၊ လက်ညှိုးကြီးတွေ ဟိုထိုး ဒီထိုး၊ ပါးရိုက်မယ်ပြောလိုက်၊ လက်သီးနဲ့ ရွယ်လိုက်၊ ဆူလိုက် ဆဲလိုက် မျက်နှာပုပ် မျက်နှာသိုးကြီးတွေနဲ့ သုန်မှုန်နေတဲ့ ရုပ်တွေချည်း သတင်းစာတွေမှာ၊ ရုပ်သံတွေမှာ၊ မျက်မြင်လူမှုလောကနဲ့ အစိုးရအဖွဲ့အစည်းစနစ်မှာ အစဉ်အဆက် မြင်နေရတော့ အခု ရုပ်ရည်ပြေပြေပြစ်ပြစ်နဲ့ ရည်ရည်မွန်မွန် ပုံပေါ်နေတဲ့ လူထုကိုယ်စားလှယ်လောင်းတွေရဲ့ ဓာတ်ပုံတွေ မြင်ရချိန် ဒါကို အသားပေး Facebook လို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေကြတာလည်း အတိုင်းအတာ တခုအထိ နားလည်ပေးရမလိုပါပဲ။  နို့ပေမယ့် အထူးသဖြင့် အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ ပုံရိပ်မြှင့်တင်ရာမှာ သမားရိုးကျ မဟာဖိုဝါဒီ အတွေးအခေါ်အပုပ်အသိုး ‘မ’ နဲ့ ‘အလှ’ ထပ်တူကျပုံဖော်မှုတွေကိုတော့ သတိထား လျှော့ချပစ်နိုင်ရပါမယ်။

‘Beauty is only skin deep.’- အလှဆိုတာ အရေပြား တထောက်စာရယ်ပါ။  အမျိုးသမီးဂုဏ်ရည်ဟာ အပေါ်ယံအလှ၊ လိင်ဆွဲဆောင်မှု သက်သက် ‘ကျား’ သတ္တဝါများ တဏှာမျက်စိနဲ့ အာသာ ငမ်းငမ်းထ အလှကြည့်ခံရာ ရုပ်ဝတ္ထုပစ္စည်း ‘Sex Object’ သက်သက်ထက် ပိုပါတယ်။  ဒီအတွင်းသဘောအတွက် တိုင်းပြည်က မဟာပုရိသအပေါင်းကို ပြင်းပြင်းထန်ထန် သတိပေး ထောက်ပြဖို့ ပိုလိုနေသေးကြောင်း ဒီလို ခေတ်သစ် လူအများ အသုံးများလာရာ အွန်လိုင်းတုံ့ပြန်မှု ဖြစ်စဉ် ‘Online Trend/ Behaviour’ တွေက ညွှန်းဆိုနေပါတယ်။  လူမှုလောကမှာ အသားကျနေတဲ့ အမျိုးသမီးကို အလှတရားနဲ့လိင်ကိစ္စသက်သက်သာ တွဲမြင်နေမှု သဘောကို ပျောက်အောင် ကျနော်တို့ အများကြီး တိုက်ထုတ်ဖို့လိုနေပါသေးတယ်။

ဒီအချက်အပြင် အခု အွန်လိုင်းနဲ့ ပြင်ပ ဒီမိုကရေစီ လှုပ်ရှားမှု၊ ပါတီနိုင်ငံရေးမဲဆွယ်မှု ဖြစ်စဉ်များမှာ မူဝါဒကို အသားပေးတာမျိုးထက် လူပုဂ္ဂိုလ်ကို ဗဟိုပြု ချီးမွမ်းမှု၊ ရှုတ်ချမှု၊ မြှင့်တင်မှု၊ နှိမ့်ချမှုတွေ ပြုလုပ်နေကြတာလည်း သတိထားမိတယ်။  ဒါလည်း သတိမူရမယ့် အရေးကြီးကိစ္စပါ။  ပါတီများက ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးလှုပ်ရှုပ် စကားပြောမှုတွေ အများအပြား မတွေ့ရသေးတော့ သူတို့ မူဝါဒတွေ၊ အာမခံချက်တွေကို အလုံးစုံ မသိနိုင်တာမှန်ပါတယ်။  သို့ပေမဲ့ အခု နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် ပါတီတွေရဲ့ သမိုင်းနောက်ခံ လာခဲ့ရာ၊ ရှေ့လားရာနဲ့ မူဝါဒါတွေ၊ သဘောထားတွေ၊ ပါတီခေါင်းဆောင်ပိုင်းရဲ့ ခံယူချက်၊ ဟောပြောချက်၊ ကတိကဝတ်တွေကို ကြည့်ပြီး၊ သုံးသပ်ပြီး ရွေးကောက်ပွဲ အတွက် ဝိုင်းဝန်း လှုံ့ဆော်နိုင်ပါတယ်။

ဒီနေရာမှာ စာနယ်ဇင်းကဏ္ဍဘက်ကလည်း ပြည်သူလူထုကို သတင်းအချက်အလက် ဝန်ဆောင်မှု ပေးရပါမယ်။  ပါတီစုံက ရွေးချယ်ခံ အမတ်အားလုံးရဲ့ အကြောင်းအသေးစိတ်ကို စုံစမ်းစစ်ဆေးတူးဆွ ‘Investigative Report’ တွေ အများအပြား ထုတ်ဖော် ရေးသားပြီး ပြည်သူ့ရှေ့မှောက်ကို ချပြဖို့ လိုပါတယ်။  ဒါမှသာ လူပုဂ္ဂိုလ် တဦးချင်းရဲ့ အကျင့် စာရိတ္တ၊ နောက်ခံ မိသားစုနဲ့ ပြည်သူအတွက် အလုပ်အကျွေးပြုခဲ့သူ ဟုတ်/မဟုတ် သမိုင်းကို ဦးနှောက် ဆင်ခြင်ဉာဏ်ထုတ်ရင်း လူထုဟာ မှတ်ကျောက်တင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

နောက် အရေးကြီးတချက်ကတော့ ဒီမိုကရေစီလိုလားသူအမှန်ဆိုရင် မိမိကြိုက်နှစ် လိုလား ထောက်ခံသူ ကိုယ်စားလှယ်လောင်းနဲ့ ပါတီကို မူဝါဒခိုင်မာမှန်ကန်မှု အသားပေး ဖော်ထုတ်ညွှန်းဆိုရမှာ ဖြစ်သလို အခြားတဖက်ကလည်း မိမိ မနှစ်သက် မလိုလားတဲ့ အခြားပါတီများနဲ့ အမတ်လောင်းများကိုလည်း မှားယွင်းတဲ့ (သို့မဟုတ်) လူထုအများစု အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ ဖောက်ပြန်တဲ့မူဝါဒများနဲ့ နောက်ခံသမိုင်းလာခဲ့ရာ အပေါ်ကိုသာ အခြေခံ ဝေဖန်ထောက်ပြ ပစ်တင် ရှုတ်ချရမှာ ဖြစ်ပါတယ်။  ဒါဟာ တဦးနဲ့ တဦး အမုန်းတရားမပါ၊ ပုဂ္ဂိုလ် အာဃာတ မရှိ၊ မူကိုအခြေခံ ဆန်းစစ်လေ့လာ သုံးသပ် ဝေဖန်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုသဘောပါ။  ဒီဓလေ့လည်း ကျနော်တို့ဆီမှာ အားနည်းနေပါသေးတယ်။

ဥပမာ စစ်ဗိုလ်ချုပ်တွေကို မိန်းမလို အဝတ်ဆင်ပေး ပုံဖော်ခြင်းမျိုး၊ မိန်းမလျာလို ညွှန်းဆိုခြင်းမျိုးတွေဟာ ကျား-မ ခွဲခြား၊ မိန်းမကို နှိမ်လိုခြင်းရောဂါ၊ လိင်တူချစ်သူအမုန်းရောဂါအခံများနဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို လုံးလုံးလျားလျား ဆန့်ကျင် ပြောဆိုခြင်းပါ။  ဒါမျိုး အရေးအသားတွေ၊ ကာတွန်းတွေ၊ သရော်စာတွေ၊ ဓာတ်ပုံတွေဆိုရင် အွန်လိုင်းမှာ ဒီမိုကရေစီကိုလိုလား ထောက်ခံသူများအဖြစ် မိမိဘာသာယူဆခံယူထားသူ အများစု အသိအမှတ်မဲ့၊ အသိဉာဏ်ဆင်ခြင်မှု မရှိ၊ ကျင့်ဝတ်သိက္ခာမဲ့ အားတက်သရော အားပေးသမှု ပြုကြတယ်။  ဆင်ခြင်ဖွယ်ပါ။

နောက်တမျိုးကတော့ စစ်ဗိုလ်ချုပ်တွေကို အတန်းပညာဘယ်လောက်တတ်သလဲ ဆိုပြီး တဖက်စောင်းနင်း နှိမ့်ချပြောဆိုမှုပါ။  ကျောင်းအတန်းပညာနဲ့ လူ့အရည်အသွေး တိုက်ရိုက်အချိုးမကျကြောင်း အနုစား ဆင်ခြင်တွေးခေါ်မှုတွေ မပြုနိုင်ရင်တောင် မဟုတ်တာကို အဟုတ်လုပ် လိမ်ဆင်တွေသုံး ပုဂ္ဂိုလ်ရေးသိက္ခာချတာမျိုးလောက်တော့ ရှောင်ကြည်သင့်ပါတယ်။  ဥပမာ –  ဗိုလ်သန်းရွှေ သုံးတန်းအောင်ဆိုပြီး လုပ်ကြံထားမှု ဆိုရင် အွန်လိုင်းမှာ နှစ်ချီကြာ လူကြိုက်များ မျှဝေနေကြတာ အခုတိုင်ပါပဲ။

တကယ်တော့ အနှစ်သဘောက တိုင်းပြည်မှာ နှစ်ငါးဆယ်ကျော် ဗိုလ်ကျလွှမ်းမိုး ကိုယ်ကျိုးရှာခဲ့၊ ရှာနေကြတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်ခင်ညွှန့်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန် အပေါင်းအပါ စစ်အုပ်စုနဲ့ ပေါင်းစား ခရိုနီများရဲ့ ဖြစ်တည်မှု ရပ်တည်မှုဟာ ကျနော်တို့ ပြည်သူ သန်း ၅၀ ကျော်ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ သွေး၊ ချွေး ကို ရင်းပြီး ဖြစ်တည်ခဲ့ခြင်းဆိုတဲ့ အခြေခံ အကြောင်းကြီးကြောင့် သူတို့လို လူတန်းစား၊ လူမျိုးရဲ့ သိက္ခာက ‘သုည’ အမှတ် အောက် ကျပြီး ဖြစ်ပါတယ်။  စစ်အုပ်စု အသိုက်အမြုံ တခုလုံး ရဲ့ ဖြစ်တည်မှု ရှင်သန်မှု ကိုသာ မျက်မှောက် ရှုစေချင်ပါတယ်။   မဆိုင်တဲ့ ပုဂ္ဂိုလ်ရေး အောက်လုံးတွေ သုံးပြီး သိက္ခာ ထပ်ချစရာ မလိုပါ။  သူတို့မှာ နဂိုဖြစ်တည်မှုအရကို ထပ်ကျစရာ သိက္ခာလည်း မရှိပါ။  ဒီလို ခါးအောက်ပိုင်း ထိုးကွက်တွေ သုံးရင် ဒီမိုကရေစီ လိုလားသူ ခံယူထားသူ မိမိရဲ့ ကိုယ်ကျင့် သိက္ခာ သီလသာ ကျ စရာ ရှိပါမယ်။  ကျနော်တို့ လူမျိုး အများစုရဲ့ မဟုတ်တာကို အရေးပေးချင်၊ မရောင်ရာ ဆီလူးချင်ကြတဲ့ အကျင့်ဟာ ပြင်ကို ပြင်ယူရမယ့် အချက်တခုပါ။

အွန်လိုင်းမှာ ဒီမိုကရေစီ လိုလားသူများ ခေါင်းစဉ်နဲ့ တက်ကြွသူတချို့၊ အတတ်ပညာတခုခု၊ အနုပညာ တခုခု တတ်ကျွမ်းသူ နာမည်ကျော်တချို့ အပါအဝင်ဟာ တကယ်တော့ ‘ဒီမိုကရေစီ’ ကို သွယ်ဝိုက်တဲ့ နည်းတွေနဲ့ ဈေးဖျက်နေကြသူတွေလို့ ဆိုနိုင်တယ်။  သေချာဂဏ လေ့လာမှု၊ ယုံကြည်မှု၊ ‘စည်း’ထားမှုမျိုးလည်း မရှိကြဘူး။  သူတို့ မလိုလား မုန်းတယ်ဆိုတဲ့ စစ်အာဏာရှင်စနစ်အကျင့်အကြံအတိုင်း၊ စစ်အာဏာရှင် နောက်မြီးဆွဲ ခိုင်းဖတ်တွေရဲ့ အောက်လုံး အလုပ်တွေ အတိုင်း တသွေမတိမ်း တွေးခေါ်တယ်၊ ပြုမူကျင့်ကြံတယ်။

နိုင်ငံခြား အခြေဆိုက် စာနယ်ဇင်းသမား တဦးရဲ့ စာတပုဒ်အရဆိုရင် ကြေးမုံဦးသောင်း (အောင်ဗလ) (၁၉၂၆-၂၀၀၈) လို ဂုဏ်သိက္ခာရှိ သြဇာကြီး စာနယ်ဇင်းသမား အရင့်အမာကြီး ကိုယ်တိုင်မျိုးက နောက်ပိုင်း နဝတ၊ နအဖ စစ်အစိုးရများရဲ့ ဝါဒဖြန့်ချိရေး အောက်လုံးတွေ အပုပ်ချမှုတွေ ပြင်းထန်နေချိန်မှာ ‘ငါတို့က စစ်ဖြစ်နေတာ၊ ကလောင်ကိုင် ပြန်တိုက်နေရတာ၊ အောက်လုံးတွေလည်း သုံးသင့်သုံးရမယ်၊ ပုဂ္ဂိုလ်ရေးတွေ ပါသင့် ပါရမယ်’ ဆိုတဲ့ သဘောမျိုး ဆိုဖူးတယ်လို့ ဖတ်ဖူးခဲ့တယ်။  သူဆိုခဲ့ မဆိုခဲ့ မှတ်တမ်း မရှိပါဘူး၊ (အဆိုပါ) စာရေးသူရဲ့ ရေးထားချက်မျှသာပါ။  ဒါပေမဲ့ သူတကယ် ဆိုခဲ့တယ် ဆိုရင်တောင် ဒီလို အတွေးအခေါ်မျိုးကို ဒီမိုကရေစီယဉ်ကျေးမှုကို အမှန်တကယ် မြတ်နိုးကိုးကွယ်သူဆိုရင် လက်သင့်ခံစရာ မရှိပါဘူး။

စနစ်အကြောင်း နက်နက်နဲနဲ ဖော်ထုတ် အမြစ်ကလှန် မတိုက်ထုတ်ဘဲ လူပုဂ္ဂိုလ်တွေ ဇောင်းပြုနေသမျှ ဗိုလ်နေဝင်း-ဗိုလ်စန်းယု၊ ဗိုလ်စောမောင်-ဗိုလ်သန်းရွှေ-ဗိုလ်ခင်ညွန်၊ ဗိုလ်ရွှေမန်း-ဗိုလ်သိန်းစိန်-ဗိုလ်မင်းအောင်လှိုင် လူတွေသာပြောင်းသွားပါမယ်။  ဗမာ့လူ့အသိုက်အဝန်းကို လူတစုက ဂုပ်(ကုပ်)သွေးစုပ်နေတဲ့ တရားမဲ့မှု စနစ်ဆိုးက တည်မြဲနေမှာပါ။

အခုတော့ အွန်လိုင်းက ဒီမိုကရေစီ အသံကောင်းဟစ်တက်ကြွသူများ ‘လူ’ ကိုသာ အသားပေး ‘ဆော်’ နေကြတယ်။  ဒီအကျိုးဆက် အရှက်ရဖွယ် ပြဿနာတွေလည်း ကြုံရတယ်။  အပြင်မှာ ဖြေရှင်းရ၊ တောင်းပန်ရတဲ့ ကိစ္စတွေလည်း ဖြစ်တတ်တယ်။  စစ်အုပ်စုဘက်က မီဒီယာအစုံစုံမှာ ဗိုလ်လှဆွေ၊ ဗိုလ်ရဲထွဋ် နှစ်ယောက်လောက် လွှတ်ထားပြီး အလုပ်ပေးထားရင် ဒီမိုကရေစီလိုလားသူ (ဆိုသူများ) သွားဖတ်၊ သွားမော့၊ သွားဆဲ အလုပ်ရှုပ်နေကြမယ်။  မအေ၊ နှမ၊ သမီး အကုန်မကျန် ပုဂ္ဂိုလ်ရေးတွေ စော်ကားနေကြတယ်။

နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ လူထု ဝါဒဖြန့်ချိရေးတွေမှာ စနစ်တကျရှိ၊ အတွေ့အကြုံများ၊ ပိုင်နိုင်ကျွမ်းကျင်တဲ့ စစ်အုပ်စုဘက်က လူတွင်ကျယ် အစစ်အမှန် လူပုဂ္ဂိုလ်တွေ အသုံးချလိုက်၊ နာမည်ဝှက်နဲ့ အောက်တန်းတကျ အလုပ်တွေ လုပ်လိုက်၊ ပေါ်ပေါ်ထင်ထင် စစ်လော်ဘီ တွေ အသုံးချလိုက်၊ အရောင်ထင်ရှား မကွဲ ပါးပါးလေးနဲ့ ထည့်တဲ့ ကြားခံ Proxy တွေနဲ့ အွန်လိုင်းတင်မက စာနယ်ဇင်းအစုံစုံမှာပါ ဝါဒဖြန့်ချိလိုက်နဲ့ စစ်အုပ်စု သက်ဆိုးရှည်ရေးကို ကြံဆောင်နေတာ အလုပ်ဖြစ်မြောက် အောင်မြင်နေကြပြီ။  ကိုယ့်လူ (ဆိုကြတဲ့) ဒီမိုကရေစီသမားလို့ ကိုယ့်ဘာသာ ထင်နေသူများက ဆဲလုံး၊ အောက်လုံးတွေက မတက်ကြသေးဘူး။

တကယ်တော့ အထက်မှာဆိုခဲ့သမျှ ဒီမိုကရေစီကျင့်ဝတ်၊ ယဉ်ကျေးမှု ဓလေ့တွေကို မလိုက်နာသူ တွေ ကြီးစိုးမယ့် ဒီမိုကရေစီမျိုးဟာ တိုင်းပြည်အတွက် အန္တရာယ်လည်း များလှပါတယ်။  ကိုယ့်အခွင့်အရေးပဲ ကိုယ် သိတဲ့ ဒီမိုကရေစီ၊ သူများ အတွက်ကျ နှုတ်ဆွံ့တတ်သူများတဲ့ ဒီမိုကရေစီလည်း ဖြစ်တတ်တယ်။  ကျား-မ လိင်ကွဲပြားမှု၊ လိင်တိမ်းညွတ်မှု ကွဲပြားမှု၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ဘာတခုကိုမှ အခြေခံ အုပ်စုဖွဲ့ တသမတ်တည်း ကောက်ချက်မဆွဲတဲ့၊ လူကိုဇောင်းမပြု၊ စနစ်ကို ဇောင်းပြုတဲ့၊ လူကိုမတည်၊ မူကိုတည်တဲ့ အဆင့်အတန်း၊ ကျင့်ဝတ်၊ သီလ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု အပြည့်ရှိ စံချိန်မီ ဒီမိုကရေစီကို မက်မောအပ်ပါတယ်။

စာရေးသူ ကျနော် လိုချင်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက ယောက်ျား အုပ်စု တခုတည်း၊ မိန်းမနဲ့မိန်းမလျာ၊ ယောက်ျားလျာမပါ ဆိုတာမျိုး မဟုတ်ပါ။  ငါဒို့ မြန်မာတွေချည်းပဲ သီးသန့် အခွင့်ထူးခံမယ့် ဒီမိုကရေစီလည်း မဟုတ်ပါ။  အာဏာရှင်ဝါဒဖြန့်ချိရေး လက်သီးပုန်း၊ အောက်လုံးတွေ အတိုင်း တလေတည်း၊ တသံတည်း လိုက်ထွက် သွေးတူမွေးတူ အလုပ်တွေ လိုက်လုပ်၊ ပုဂ္ဂိုလ်ရေးသာ အတွင်တွင် တိုက်ခတ်နေကြတဲ့ ကျင့်ဝတ်မဲ့ ဒီမိုကရေစီမျိုးလည်း မဟုတ်ပါ။

ပြန်ချုပ်ရရင် အပေါ်ယံတွေ ရှောင်ကြပါ။  အကာနဲ့ အနှစ်ကို ခွဲကြပါ။  အနှစ်ကို ယူကြပါ။  မူဝါဒတွေကို အသားပေးကြပါ။  ဒီမိုကရေစီ စည်းဘောင် ကျင့်ဝတ် သီလတွေကို တည်ဆောက်ကြပါ။  ဒီမိုကရေစီရဲ့ ကောင်းမြတ်မှု အနှစ်သဘောကိုယူ နားလည် လက်ခံ ကျင့်ယူပါ။  အရေးကြီးဆုံးနဲ့ အလုပ်သင့်ဆုံး ချက်ချင်းလက်ငင်းအလုပ်ကတော့ ဘာတခုမှ  နိုင့်ထက်စီးနင်း မခွဲခြား လူမျိုး၊ ဘာသာ၊ ကျား-မ၊ အယုတ်၊ အလတ်၊ အမြတ် လူမရွေး လူ့ ကိုယ်ကျင့်တရား၊ လူ့ သိက္ခာ တည်ဆောက် ကျင့်ယူနိုင်မယ့် ဒီမိုကရေစီလူ့အသိုင်းအဝန်း စနစ် ဓလေ့တခု တည်ဆောက်ဖို့ လူတဦးချင်းဟာ မိမိဆီက စစ်အာဏာရှင်စနစ်ဆိုး ကျပ်ခိုးစွဲ မှိုင်းမိ ပျက်စီးတဲ့နေတဲ့ ဖျက်ဆီးခံစိတ်တွေကို ပြုပြင်ယူကြဖို့ပါပဲ။  နာမည်ကြီးသူကော၊ သာမန်လူအများပါ အားလုံး အွန်လိုင်းမှာ၊ လက်တွေ့လူလောကမှာ ဒီမိုကရေစီကျင့်ဝတ် ခါးဝတ်အထည်ကဲ့သို့ ခိုင်မြဲစေချင်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၁၀၊ ၂၀၁၅ (စာပြီးရက်စွဲ)

သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ်စဉ် ၇၈၊ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၁ သောကြာနေ့ထုတ် (စက်တင်ဘာ ၁၃ – ၁၉) ၌ ပုံနှိပ်ခဲ့သည်။  မိုးမခတွင် ယခု အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။

အနှစ်ကိုယူ၍ တည်ဆောက်ကြ || ငြိမ်းချမ်းအေး || နိုဝင်ဘာ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီအသီးသီးရဲ့…

Posted by The Ladies News on Wednesday, September 16, 2015


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts