သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း ( ၄ )

Photo – Irrawaddy

မောင်မောင်စိုး –  NCA နှင့် Failed State – အပိုင်း ( ၄ )
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅

 တရုတ်နှင့် NCA

သတင်းထောက် ဘာတေးလင်နာက မြန်မာ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နိုင်ငံတကာကပါဝင် လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အားလုံးထဲ မှာ အသာလွန်ဆုံးက တရုတ်ဖြစ်ကြောင်း တရုတ် တို့အနေနှင့်သူတို့လိုချင်သည်ကို ကောင်းကောင်း သိကြောင်း အကောင်းဆုံးကစားနိုင်သူဖြစ်ကြောင်း ဆိုပါသည်။ သတင်းထောက်ဘာတေးလင်နာဟာ လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်ကပင် ကချင်ပြည်နယ် ရှမ်းပြည်နယ်တွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းများရှိရာ သို့ စွန့်စွန့်စားစားသွားရောက်ခဲ့သူဖြစ်ပြီး တရုတ် နယ်စပ်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပြီးအခြား နိုင်ငံခြားသတင်းထောက်များ ထက်ပို၍ ကောင်းကောင်းသိသူတဦးဖြစ်သည် ဟု ဆိုရပေမည်။

တရုတ်အဖို့ သူ၏နယ်စပ်ရှိ မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံခဲ့ သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ဗကပ ပြိုကွဲပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအဖြစ် သူ၏နယ်စပ်တွင်ပေါ်လာပြီးနောက် ဆက်ဆံရေးအသစ် စခဲ့သည်ဟုဆိုရမည်။ အင်အားတစုံတရာရှိသော လက်နက်ကိုင်အဖွဲ့များသူ၏ နယ်စပ်တွင်အလျိုလျိုပေါ်လာသည်။ အစိုးရ နှင့်အပစ်အခတ်ရပ်ထားသည်။ သို့သော် မြန်မာ အစိုးရ၏ ထိမ်းချုပ်မှုအောက်တွင်မရှိကြ။ ထို့ပြင် မြန်မာတိုင်းရင်းသားလက်နက်ကိုင်များနှင့် လူမျိုး တူ ရှမ်း ကချင် ဝ စသည့်တိုင်းရင်းသားလူမျိုးများ သည်လည်း သူ၏တိုင်းပြည်တွင်း ရှိနေပေရာ သူထံ သို့ကူးစက်မလာရန်လိုအပ်သည်။ သို့ဖြစ်ရာ တရုတ်တို့သည် ထိုအဖွဲ့များနှင့် ထူးခြားသော ဆက်ဆံရေးများ ထားရှိခဲ့သလို အခြေအနေလိုက် ပြီး ပြောင်းလဲမှုများရှိသည်။

ထို့ပြင် တရုတ်ခေါင်း ဆောင်အချို့၏ သဘောထားကလည်း ထိုအဖွဲ့များ နှင့်ဆက်ဆံရေးကို ဂယက်ရိုက်သည်။ တရုတ်တို့အနေနှင့် တရားဝင်ပံ့ပိုး ထောက်ခံခြင်းမပြုရန် သဘောထားရှိသော်လည်း အချို့တရုတ်စစ်ဗိုလ်ချုပ်များကတော့ မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သူတို့၏စစ်ရေးသေနင်္ဂဗျူဟာတွင် ထည့်သွင်းရန်လိုလားသည်ကိုတွေ့ရသည်။ ယခုနှစ်စောစောပိုင်းက ထိုသို့အမြင်ရှိသည့် တရုတ်စစ်ဗိုလ်ချုပ်များ ရာထူးကဖယ်ရှားခံခဲရသည်ကို တွေ့ခဲ့ရသည်။ မြန်မာပြည်တွင်းရေးတွင် မပါဝင်ရန် သဘောထား ခဲ့သည်ကို တွေ့ခဲ့ရသည်။

အခြားသတင်းများအရ ဝ ဒေသသို့ တရုတ် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခဲ့သူမှာ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တဦးလဲဖြစ် ပြည်သူလုံခြုံရေဌာနကို ကိုင်တွယ်သူတဦးလည်းဖြစ်သူ ကျို့ယုံကန်း၏ တဦးချင်းသဘောထားနှင့် ဆောင်ရွက်ခဲ့သည် ဟုဆိုသည်။ အဆိုပါ ကျို့ယုံကန်းမှာ လက်ရှိသမတရှီကျင့်ပင် လက်ထက်တွင် လာဘ်စားမှုအဖမ်းခံရ သောပါတီထိပ်ပိုင်းခေါင်းဆောင် ဖြစ်ပြီး ထောင် ဒဏ်တသက်တကျွန်းချမှတ်ခံထားရသူဖြစ်သည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီဆုံးချက်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီအား လက်နက်အလုံးအရင်း ထောက်ပံ့ခြင်းမျိုးမဟုတ်ပေ။ ၁၉၈၀ နောက်ပိုင်းမှစ၍ ဤသို့ လက်နက်အကူအညီပေးခြင်းမျိုးကို တရုတ်တို့ရပ်ဆိုင်းခဲ့ပြီဖြစ်သည်။

သို့သော် ဘာတေးလင့်နာ သုံးသပ်သလိုပင် တရုတ်တို့အဖို့ နယ်စပ်တည်ငြိမ်ရေးကို လိုလား သော်လည်း ၎င်းထက် မြန်မာနိုင်ငံအနောက်အုပ်စု ဖက် ယိမ်းပြီး အမေရိကန်၏ မဟာမိတ်ဖြစ်သွား မည်ကို လိုလားမည် မဟုတ်ပါ။ထို့ပြင် တရုတ်နယ် စပ်ရှိ တိုင်းရင်းသားဒေသများသို့ အနောက်သြဇာ ထိုးဖေါက်လာမည်ကို ပို၍ မလိုလားပေ။ ပြီးခဲ့သော အတွေ့အကြုံများအရ တရုတ်ပြည် မှထွက်ပြေးလာသော ကူမင်တန် ဗိုလ်ချုပ်လီမီ၏ တပ်များသည် ရှမ်းပြည်မြောက်ပိုင်းကို အခြေပြု၍တရုတ်ကွန်မြူနစ်တို့အား ပြန်လည်တိုက်ခိုက်ခဲ့ သည်။ ထိုသို့ တိုက်ခိုက်ရာတွင် နယ်စပ်ရှိမြန်မာ ပြည်တွင်းမှ ဝ အုပ်စုအချို့အား ကူမင်တန်တို့ စည်ရုံးသိမ်းသွင်းအခြေပြုခဲ့သည်။ ကူမင်တန်နောက်မှ အမေရိကန်က အင်တိုက်အားတိုက် ကူ ညီခဲ့သည်။ ဤသို့သောအခြေအနေမျိုး တရုတ်တို့ တကျော့ပြန် အဖြစ်ခံနိုင်မည် မဟုတ်ပေ။ လက်ရှိ အခြေအနေတွင်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်း သားအဖွဲ့များအား အနောက်အုပ်စု သြဇာခံ အဖြစ်ခံလိမ့်မည်မဟုတ်ပေ။ တရုတ်တို့၏ ယခင်အတွေ့အကြုံနှင့် စိုးရိမ်စိတ် မှ လက်ရှိအခြေအနေပြောင်းလဲမှု ပေါ်လိုက်၍ ပေါ်လစီပြောင်းလဲနိုင်သည်ကို ဂရုပြုရန်လိုပေသည်။

သို့ဖြစ်ရာ တရုတ်၏ပေါ်လစီအရွေ့သည် မြန်မာပြည်၏ NCA အပေါ် ကြီး စွာ သက်ရောက်နိုင်သည်ဖြစ်ရာ တရုတ်နှင့်ပတ် သက်၍ ပျော့ပြောင်းသည့် ပေါ်လစီ တရပ်လိုအပ် ပေလိမ့်မည်။ မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်မှုတွင် တရုတ်တို့အခန်းကို အသိမှတ်ပြုဆုပ်ကိုင်ရန် လိုအပ်ပေသည်။

 နိုင်ငံတကာအင်အားပြိုင်ဆိုင်မှုကြားမှ NCA

မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် နိုင်ငံတကာက တလှေကြီးပါဝင်လာခြင်း သည် အကြောင်းမဲ့မဟုတ်ပေ။ ပစီဖိတ် တောင် တရုတ်ပင်လယ်မှသည် ဒေသတွင်းအင်အားပြိုင်ဆိုင်မှု၏ အကျိုးဆက်လည်းဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သူနှင့်သူ၏မဟာမိတ်များ အကျိုးစီးပွါးကို အမေရိကန်သည် သူ၏ကြီးမား သည့် စစ်အင်အားဖြင့်အကာကွယ်ပေးထားသည်။ ယခုအခါတရုတ်သည်လည်း သူ၏ကမ္ဘာလုံးဆိုင် ရာအကျိုးစီးပွါးကို ကြီးမားသည့်စစ်အင်အား တည် ဆောက်ပြီး ကာကွယ်ရန်ကြိုးစားလာသည်။ ၂၀၁၅ စက်တင်ဘာ ၃ ရက်တရုတ်တို့၏ စစ်ရေးပြပွဲသည် တရုတ်တို့၏ အချက်ပေးသံဖြစ်သည်။ ခေတ်မှီစစ်လက်နက်မျိုးစုံကို ထုတ်ဖေါ်ပြသ ခဲ့သည်။ တရုတ်တို့ ခြေလှမ်းသစ်စခဲ့ပြီဖြစ်သည်။

လက်ရှိရေချထားပြီးသော လေယာဉ်တင်သင်္ဘော တစီးအပြင် နောက်ထပ် ၂ စီးတည်ဆောက်နေ သည်ဟု သတင်းများထွက်ပေါ်နေသည်။လက်ရှိ တွင် အလာစကာအနီး နိုင်ငံတကာရေပိုင်နက်သို့ တရုတ်စစ်သင်္ဘောများ ရောက်ရှိနေရာ နောက် ထပ် တည်ဆောက်ပြီးစီးသည့် လေယာဉ်တင်သင်္ဘောများ ပစီဖိတ်မှလွန်၍ အိန္ဒိယသမုဒ္ဒရာ တွင်းဝင်ရောက်လာပါက အံ့သြစရာရှိမည်မဟုတ်ပေ။ ပါကစ္စတန်နှင့်သီရိလင်္ကာတွင် ဆောက်လုပ် ပြီးစီးသွားပြီဖြစ်သော တရုတ်တို့၏ ရေနက်ဆိပ် ကမ်းများနှင့် ဆောက်လုပ်ဆဲ မြန်မာပြည်ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့သည် တရုတ်တို့၏အနာဂတ် မျှော်မှန်းချက်များဖြစ်ပုံရသည်။ ထို့ကြောင့် မြန်မာသည် တရုတ်တို့အတွက် သေနင်္ဂဗျူဟာအရ အရေးပါသည်ဟု ဆိုခြင်းဖြစ်သည် ။

အမေရိကန်အနေနှင့် ပစိဖိတ်ဒေသတွင်း အင်အားပြိုင်ဆိုင်မှုတွင် တကိုယ်တည်းတတ်နိုင်ပုံမရတော့။ သူ၏မဟာမိတ် ဂျပန်အား ဆွဲသွင်း လာခဲ့သည်။ ဂျပန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို ခွင့်ပြုခဲ့ရသည်။ ဂျပန်စစ်တပ်အနေနှင့်နိုင်ငံရပ်ခြားတွင် စစ်တိုက်ခွင့်ရလာသကဲ့သို့ ဂျပန်၏ စစ်ရေးအသုံးစားရိတ်သည်လည်း တစတစတိုးတက်လာပြီး စစ်အင်အားတိုးချဲ့လာသည်ကို တွေ့မြင်နေရသည်။ အမေရိကန်၏ မြန်မာနိုင်ငံပေါ် စီးပွါးရေးပိတ်ဆို့မှုများကို ယခုနှစ်များတွင်း လျှော့ချလာခြင်း ဒီမိုကရေစီ လူ့အခွင့်အရေးသက်သက်သာမက မြန်မာကို တရုတ်လက်ထဲမှ ဆွဲဆောင်သိမ်းသွင်း ရန်ဖြစ်သည်ဟု အကဲခတ်အများက ယူဆကြသည်။

သိသိသာသာပင် အမေရိကန်အနေနှင့် မြန်မာ အစိုးရ၏ လူ့အခွင့်ရေးကိစ္စများအား ဝေဖန်ပစ်တင် မှုအား သိသိသာသာ လျော့ချခဲ့သည်ကို တွေ့ရသည်။ အမေရိကန်နှင့်ဥရောပတို့သည် မြန်မာ အစိုးရ၏စစ်လက်နက်ဝယ်ယူရေးအား တားဆီး ပိတ်ပင်ထားသေးသော်လည်း ၂၀၁၅ ရွေးကောက် ပွဲရလဒ်သည် သင့်တင့်လက်ခံနိုင်ဘွယ်ရာရှိပါက လက်နက်ဝယ်ယူမှုအတားအဆီးအား အကန့်အသတ်ဖြင့် ဖယ်ရှားပေးနိုင်ဘွယ်ရာရှိသည်ဟု သုံးသပ်ရပေသည်။

ထိုသို့ဒေသတွင် ပါဝါပြိုင်ဆိုင်မှု သြဇာပြိုင်ဆိုင်မှုသည် ၂၀၁၀  နောက်ပိုင်း မြန်မာပြည်တွင် ပိုမိုပြင်းထန်လာသည်ကိုတွေ့ရသည်။ ထိုသို့ပြိုင် ဆိုင်မှုများသည် အစိုးရအပေါ်တွင်သာမက အင်အား ထောင်ဂဏန်းမှ သောင်းဂဏန်းထိ လက်နက်ကိုင်အင်အားရှိသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များပေါ်တွင်ပါ သက်ရောက်လာသည်။ ထိုသို့ဒေသတွင်းအင်အားပြိုင်ဆိုင်မှုများမှ နိုင်ငံရေးအခင်းအကျင်းသစ်များလည်းထွက်ပေါ်လာလျက်ရှိရာ မြန်မာနိုင်ငံတွင်း NCA လက်မှတ်ထိုးရေးသည်လည်း ထိုဝဲဂယက်တွင်းသို့ ကျရောက်နေသည်မှာ မလွဲမရှောင်သာကိစ္စဖြစ်လာတော့သည်။

မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်ပြသနာ

NCA လက်မှတ်ထိုးရေးပြသနာကို မှန်ကန်စွာကိုင်တွယ်ဖြေရှင်းနိုင်ဘို့ဆိုလျင် ဒေသတွင်း၌ တရုတ်နှင့်အနောက်၏အင်အားပြိုင်ဆိုင်မှုကို မလွဲမသွေ ထည့်သွင်းတွက်ချက်ရန် လိုအပ်ပေလိမ့်မည်။ NCA နှင့် နိုင်ငံရေးအရလက်တွေ့ဖြေရှင်းရေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြသနာကို ဖြေရှင်းသည်ဆိုသည်မှာ တိုင်းရင်းသားတို့၏ တန်းတူရေးပြသနာ ကိုယ်ပိုင်ပြဌာန်းခွင့်ပြသနာကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြသနာတို့ကို ဖြေရှင်းဖြင်း လည်းဖြစ်သည်။

ထိုအချက်ကို အစိုးရတရပ်အနေ နှင့် မိမိအုပ်ချုပ်ရေးလက်လှမ်းမှီရာဒေသများတွင် ဦးစွာအကောင်အထည်ဖေါ်ပြရန် အထူးလိုအပ်သည်။ ထိုအချက်များကို အစိုးရဖက်က အကောင်အထည်ဖေါ်ဆောင်မပြဘဲနှင့် တိုင်းရင်းသားတို့၏ယုံကြည်မှုရရန် ခက်ခဲပေမည်။ ထို့ပြင် တိုင်းရင်းသားတို့၏ အခြေခံအခွင့်အရေးများကို ငြင်းပယ်ထားသည့် ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ဆင်ရန် ငြင်းဆန် ဖက်တွယ်ထားပြီး ဖက်ဒရယ်ပြည်ထောင်စုဟု ပြောရုံမျှနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ယုံကြည်မှု မရနိုင်ပေ။

အချို့က စစ်ပွဲများကြောင့် တိုင်းရင်းသားပြည် နယ်များ ဖွံ့ဖြိုးတိုးတက်ရေးမလုပ်နိုင်ဟု ဆိုသည်။ သို့ဆိုလျင် စစ်ပွဲများမဖြစ်သည်မှာ နှစ်လေးဆယ်ခန့် ရှိပြီဖြစ်သော ရခိုင်ပြည်နယ် အဘယ်ကြောင့် မတိုးတက်ပါသနည်း။ ရခိုင်အမျိုးသားရေးပါတီခေါင်းဆောင်များ တက်ကြွ လှုပ်ရှားသူများကတော့ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုး မှုအနိမ့်ဆုံးဖြစ်နေသည်ဟုဆိုသည်။ ဤအချက်ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ မဆိုထားနှင့် သာ မန်ပြည်သူများပင် မြင်နိုင်သည်။

မကြာမှီက ရေဘေးကယ်ဆယ်ရေးနှင့် ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့သည့် ရုပ်ရှင်သရုပ် ဆောင် လွင်မိုးကအင်တာဗျူးတခုတွင် အောက်ပါ အတိုင်းဆိုပါသည်။

” ဒီတခေါက်ရခိုင်လာတာ တကယ်ကို မယုံနိုင်အောင် ဖြစ်ရတယ်။ ကိုယ်တိုင်ကိုယ်ကျ သွား ရောက်ကူညီတဲ့အခါ ရခိုင်လူမျိုးတွေရဲ့စိတ်နဲ လူ နေမှုစရိုက်ကို သိလာတယ်။ ရခိုင်ပြည်သူတွေဟာ အရမ်းကို ဆင်းရဲကြတယ်။ ရွာတွေမှာ စာသင် ကျောင်း မရှိဘူး ။ စာကြည့်တိုက်မရှိဘူး။ တီဗီမရှိဘူး ။မီးမရကြဘူး။ ဖုန်းလိုင်းမမိဘူး။ ရွာတွေကို ရေကြောင်းနဲ့သွားမှရတယ်။ ကားလမ်း မပေါက်ဘူး။ မဆုံးရှုံးသင့်တာတွေကို သူတို့ဘဝတွေ ဆုံးရှုံးနေကြရတယ်။ စိတ်မကောင်းဘူး။ သူတို့ရိုးသားကြတယ်။ ရသင့်ရထိုက်တာ သူတို့မရကြဘူး။ မျက်ရည်ဝဲတယ် ” ဟုဆိုခဲ့သည်။

ထို့ပြင် လွင်မိုးက သူတို့အနေနှင့် ကယ်ဆယ် ရေးလုပ်သည်မှာ ကာလတိုတခုသာ လုပ်နိုင်မည်ဖြစ်ကြောင်း ရေရှည် ရခိုင်တို့၏လူမှုဘဝနှင့် စီးပွါး ရေးဖွံ့ဖြိုးရေးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရအပေါ်အဓိက တည်မှီကြောင်းဆိုခဲ့ပါသည်။ သို့ဖြစ်ရာ ဤသို့သော နိမ့်ကျသည့် ရခိုင်ပြည်သူတို့၏ အခြေအနေကို မကြေနပ်လက်မခံနိုင်သည့် ရခိုင်မျိုးချစ်များအဖို့ ပုန်ကန်ထကြွသည့် လမ်းကြောင်းကိုရွေးချယ်လာသည့်မှာ မလွဲမရှောင်သာအခြေအနေတရပ် ဖြစ်လိမ့်မည်။

ပြည်နယ်၏ နိုင်ငံရေးစီးပွါးအခြေအနေကို မဖြေရှင်းနိုင်လျင် တဖွဲ့ပြီးလျင် နောက်တဖွဲ့ပေါ်လာနိုင်သည့် အခြေအနေကို ရှောင်လွှဲ၍မရနိုင်ပေ။

အလားတူပင် တအန်းပလောင်ဒေသတွင် လည်းဤသို့ပင် ဖြစ်ချေသည်။ ထို့ပြင် ကွန်လုံ- ဟိုပန်ဒေသသည် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဖြစ်သည်။ သူ၏ အရှေ့ဖက် ဆက်လျက် ဝ အထူးဒေသ ၂ ရှိသည်။ ဟိုပန် – ပန်လုံကို အစိုးရအနေနှင့် UWSA လက်အောက်ခံ ဒေသ – ပန်ဆန်းလောက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်မပြနိုင်ဘဲနှင့် UWSA တို့က စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို စိတ်ဝင်စားခြင်းရှိမည် မဟုတ်ပေ။ ဆိုလိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းရာတွင် စားပွဲဝိုင်းတွင် ကတိကဝတ်များနှင့် ဖြေရှင်းရုံမျှနှင့် မပြီးနိုင်ပေ။ တိုင်းရင်းသားပြည်နယ်များတွင်လက်တွေ့ကျသည့် လုပ်ဆောင်ချက်များဖြင့် အ ကောင်အထည်ဖေါ်ဆောင်ရွက်ရန် လိုအပ်သည်။သူများအား ပြောင်းလဲလိုလျင် မိမိကအရင်ပြောင်းလဲပြဘို့ လိုပေလိမ့်မည်။

(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း ( ၄ )

Comments are closed.