ရေခြားမြေခြား မြန်မာများ

အရှင်သြသဓ၊ ဟပ်မွန်းဗေး – ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တိပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ

 

 

အရှင်သြသဓ၊ ဟပ်မွန်းဗေး – ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တိပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ

(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅

ယခုနှစ် အပြည်ပြည်ဆိုင်ရာ တိပိဋက ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၁၈-၁၉ ရက်နေ့များ၌ ကျင်းပမည် ဖြစ်ပေသည်။ နေရာမှာ ယမန်နှစ်က ကျင်းပခဲ့သည့် ဘားကလေတက္ကသိုလ်အနီး မင်္ဂလာစင်တာတွင် ဖြစ်ပေသည်။ တက်ရောက်လိုသူများအနေဖြင့် အခမ်းအနားနှင့် အချိန်ဇယား အသေးစိပ်ကို သိလိုပါလျှင် သူတို့ဝပ်ဆိုက် (www.tipitakachantingcouncil.org)တွင် လေ့လာနိုင်ပေသည်။

ယခုနှစ်သည် ဒုတိယအကြိမ်ဖြစ်၏။ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြား အနောက် နိုင်ငံများမှ ထေရဝါဒ ရဟန်းတော်များ၊ တိဗက်ရဟန်းတော်များ၊ မဟာယာန ရဟန်းတော်အချို့၊ ဘိက္ခုနီမများနှင့် သီလရှင် များ တက်ရောက်ကြမည် ဖြစ်ပေသည်။ အစီအစဉ်များမှာ ယမန်နှစ်က ကဲ့သို့ပင်ဖြစ်၏။ စက်တင်ဘာ ၁၈-ရက်နေ့၊ နံနက် ၈-နာရီတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရည်စူးလျက် ငြိမ်းမာအသင်းတိုက်(Nyingma Institute)မှ ဘားကလေ တက္ကသိုလ်ကို ဖြတ်လျက် မင်္ဂလာစင်တာသို့ ငြိမ်သက်စွာ စီတန်းလျက် လမ်းလျှောက်ကြမည်။ စီတန်းလမ်းလျှောက်ပွဲသို့ တက်ရောက် ကြမည့် ဒကာ၊ ဒကာမများကိုတော့ မိမိတို့ ရိုးရာအဝတ်အစားများ ဝတ်လာကြရန် မေတ္တာရပ်ခံထားပေသည်။ အဓိပ္ပါယ်မှာ ဤရိုးရာအဝတ်အစားသည် မိမိတို့၏ နိုင်ငံကိုလည်း ကိုယ်စားပြု၏။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်သည့် သင်္ကေတကိုလည်း ညွှန်းဆိုပေသည်။ 

နံနက် ၉-နာရီတွင် မင်္ဂလာစင်တာ၌ အခမ်းအနားကို ဆက်လက် ပြုလုပ်ပေမည်။ အခမ်းအနားတွင် သက်ဆိုင်ရာ နိုင်ငံများမှ ထေရ်ကြီးဝါကြီး ဆရာတော်များက ဘုရားမီးများ ထွန်းညှိပူဇော်ခြင်းဖြင့် စတင်ပေမည်။ လောက၌ အမှောင် တကာ့ အမှောင်ထဲတွင် ကိလေသာအမှောင်သည် အမှောင်မိုက်ဆုံးဖြစ်၏။ ထိုကိလေသာအမှောင်ထုအောက်တွင် ရှင်သန် နေကြရသော သတ္တဝါတို့သည် အမြဲတမ်း စိုးရိမ်သောကများ၊ အကြောက်တရားများဖြင့် လွှမ်းမိုးခြင်းကို ခံနေကြရကုန်၏။ ဤစိုးရိမ်ပူပန် ကြောက်ရွံ့မှုများသည် ဓမ္မအလင်းရောင်ကို ရလိုက်သောအခါ၌ အားလုံး ကင်းပျောက်ကာ သတ္တဝါများ စိတ်ချမ်းသာမှုကို ရကြကုန်၏။ ကမ္ဘာ့လူသားတို့ ငြိမ်းချမ်းစေနိုင်သည့် ဓမ္မအလင်းရောင်များ ပျံ့နှံ့သွားစေရန် ရည်သန်လျက် ဆီမီးရောင်များ ထွန်းညှိုပူဇော်ကြခြင်း ဖြစ်ပေသည်။

၎င်းနောက် ကြွရောက်လာကြသော သံဃာတော်များက မင်္ဂလသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ကြမည် ဖြစ် ပေသည်။ ကမ္ဘာ့လူသားများသည် ငြိမ်းချမ်းမှုကို အလိုရှိသလို ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာများ တိုးပွားခြင်းကို လည်း လိုလားတောင့်တကြ၏။ လောကလူသားများ ကောင်းချီးမင်္ဂလာ ဖြစ်ကြစေရန် ရည်သန်လျက် အပြည်ပြည်ဆိုင်ရာ သံဃာတော်များက ရွတ်ဖတ်ကြခြင်း ဖြစ်ပေသည်။ 

ရွတ်ဖတ်ပူဇော်ပွဲကို ၂-ရက်တိုင်တိုင် ကျင်းပမည် ဖြစ်၏။ ထိုပွဲသို့ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ၊ ဗုဒ္ဓဘာသာ မဟုတ်သည့် အခြားသော ဘာသာရေးအဖွဲ့အစည်းများ၊ ဘားကလေတက္ကသိုလ်မှ ဗုဒ္ဓဘာသာကို လေ့လာနေကြသူများ၊ အခြား စိတ်ပါဝင်စားသူများကိုလည်း ဖိတ်ထားပေသည်။ ယမန်နှစ်က တက်ရောက်ကာ နာယူကြသော ပရိသတ်ထဲတွင် ဘာသာပေါင်းစုံမှ လူမျိုးပေါင်းစုံ၊ အသွေးအရောင် ပေါင်းစုံတို့ကို တွေ့ရသည်မှာ အင်မတန်မှ ကြည်နူးစရာ ကောင်းလှ၏။ ဝေဿန္တရာမင်းကြီး၏ မေတ္တာဓာတ် စွမ်းအားကြောင့် ဝင်္ကဘာတောင်ခြေတစ်ဝိုက် နေထိုင်ကြသော ကြီးကြီးငယ်ငယ် သတ္တဝါမှန်သမျှတို့သည် အချင်းချင်း ချစ်ခင်အေးချမ်းစွာ နေထိုင်ကြရသကဲ့သို့ ယခုလည်း အကျွန်ုပ်တို့ အသွေးအရောင် တွေ ကွဲပြားနေသော်လည်း မေတ္တာဗြဟ္မစိုရ်ရောင်ခြည်၏ ပျံ့နှံ့သက်ရောက်ရာနယ်မြေသို့ ရောက်လာကြသောအခါ အေးမြကြည်နူးမှုကို ခံစားကြရ၏။ လာရောက်သူတိုင်း၏ မျက်နှာပေါ်တွင် မေတ္တာရောင်လျှံများ ဝင်းလက်နေ၏။

 

အသွေးအရောင်ပေါင်းစုံဖြင့် ကြွရောက်လာကြသည့် သံဃာတော်များကို ဖူးမြင်ရခြင်းသည်လည်း မြင်သူတို့ စိတ်ကို ကြည်နူးစေ၏။ သာယာနာပျော်ဖွယ် ဓမ္မရွတ်ဖတ်သံများကလည်း လူ့နှလုံးသားကို ထိခိုက်ပြီး ကြက်သီးမွေးညှင်း များ ထလာစေ၏။ ထို့ကြောင့် ဤပွဲကို အဓိကဦးဆောင်ပြုလုပ်သူ ဒကာမ Wangmo Dixey သည် ယမန်နှစ်က အခမ်း အနားပြီး၍ ကျေးဇူးတင်စကား ပြောကြားသောအခါ ဝမ်းသာလွန်း၍ မျက်ရည်များတောင် ကျနေ၏။ သူလိုဦးဆောင် ပြုလုပ်သူကို မဆိုထားဘိ အခြားဘာသာများမှ လာရောက်နားထောင်သူများပင် ပီတိလှိုင်း တအိအိနှင့် ကြည်နူးမှု အတိ ဖြစ်နေသည်ကို တွေ့ရ၏။ ထို့ကြောင့်ပင် အခမ်းအနားပြီးသောအခါ သူတို့ပါပေါင်း၍ သာဓုခေါ်ကြ၏။

ဘုရားရှင် လက်ထက်က မဇ္စျိမတိုင်းတောင်ပိုင်းမှ ရှင်သောဏကုဋိကဏ္ဏသည် မြတ်စွာဘုရားထံသို့ ဘုရားဖူး ရောက်လာ၏။ ဘုရားထံရောက်သောအခါ မြတ်စွာဘုရားသီတင်းသုံးရာ ဂန္ဓကုဋိတိုက်အတွင်း အတူ သတင်းသုံးခွင့်ရ၏။ ညချမ်း အချိန်ရောက်သောအခါ “ချစ်သားရဟန်း. . .သင်လေ့လာကျက်မှတ်ထားတဲ့ တရားတော်များရှိရင် ငါဘုရားကို ရွတ်ဖတ်ပူဇော်စမ်းပါ” ဟု တိုက်တွန်းတော်မူ၏။ ထိုအခါ ရှင်သောဏကုဋိကဏ္ဏသည် သုတ္တနိပါတ်တော်လာ အဋ္ဌကဝဂ်မှ သုတ္တန်ပေါင်း ၁၆-သုတ်ကို သာယာချိုမြိန်လှသောအသံဖြင့် ရွတ်ဖတ်ပူဇော်လေ၏။ ရွတ်ဖတ်၍ပြီးဆုံးသောအခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သာဓုသုံးကြိမ်ခေါ်ကာ ကောင်းချီးပေးတော်မူ၏။ 

ကျွန်ုပ်စဉ်းစားမိသည်။ ယခုနေများ မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိနေခဲ့ပါလျှင် တန်ခိုးတော်ဖြင့် ကိုယ်တော်တိုင်ကြွလာပြီး ပိဋကတ်တော်များ ရွတ်ဖတ်ပူဇော်ကြသော သံဃာတော်များနှင့်၊ ဒကာ-ဒကာမများကို ကောင်းချီးပေးတော်မူလိမ့်ဟု ထင်မြင်မိပါသည်။

သတ္တဝါမှန်သမျှ၊ တရားရ၊ အေးမြကြပါစေ။

 

 

စက်တင်ဘာ ၁၅-ရက်၊ ၂၀၁၅-ခုနှစ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts