ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဒါနကြောင့် မွဲနေတာလား
(သံဃသီတဂူ မေးဖြေဟောပြောပွဲ အဆက်..)
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅
အခု ပါရမီဆယ်ပါးအကြောင်းပြောတော့- ဒါနပါရမီ က စပါတယ်။ “ဒါန”လို့ပြောလိုက်ရင်- “ဒါနတော ဘောဂဝါ=ပေးလှူခြင်းကြောင့် စည်းစိမ်ဥစ္စာ ပြည့်စုံရတယ်”ဆိုတာရယ်။ “မရှိလို့ မလှူ၊ မလှူလို့ မရှိ”ဆိုတဲ့ မြန်မာဆိုရိုးရယ်ကလဲ အတွဲလိုက် ပါလာတတ်မြဲပဲ။ အခုလဲ ဒါ့ကြောင့်ပဲ – “ဒါနကြောင့် ချမ်းသာတယ်ဆိုရင်- မြန်မာပြည်မှာ ဒီလောက် ဒါနတွေ ပြုနေကြတာ ဘာဖြစ်လို့ မွဲနေရလဲ – တဲ့။
ဒါနဆိုတာ-လှူဒါန်း,ပေးကမ်း,စွန့်ကျဲတာပါ၊ ဒါနတော ဘောဂဝါ-ဆိုတဲ့ ဘုရားစကားကတော့- ဘာမှ လွဲမှားစရာ အကြောင်း မရှိပါဘူး။ မြန်မာစကားမှလဲ- “စွန့်စွန့် စားစား”ဆိုတာ ရှိတယ်မို့လား၊ စွန့်နိုင်မှ စားရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တခြား သွားမကြည့်ပါနဲ့၊ အခု – ဒီအမေရိကကလူတွေကိုပဲ ကြည့်ပေါ့- အလုပ် လုပ်တယ်၊ စီးပွားရှာတယ်ဆိုတာ- တကယ်တမ်းက ဘာလုပ်ရတာလဲ? ကိုယ့် ကိုယ်စွမ်း, ဉာဏ်စွမ်းတွေကို သွားစွန့်ရတာမို့လား၊ ကိုယ်က အရင်မစွန့်ဘဲ လုပ်ခ ပိုက်ဆံရတယ်လို့ ဘယ်မှာရှိလဲ။ ဈေးရောင်းတာတို့ ဘာတို့လဲ အတူတူပါပဲ၊ ကိုယ့်ဖက်က အရင်စ စွန့်မှ အခကြေးငွေကို စားရတာပါပဲ။ ဒါကြောင့်-ဒါနတော ဘောဂဝါ-တို့၊ စွန့်စွန့် စားစား-တို့ဆိုတာ ဘာမှသံသယဖြစ်စရာ မရှိပါဘူး။
ဒါဖြင့် မြန်မာပြည် ဘာ့ကြောင့်မွဲနေရသလဲ? ဟုတ်တယ်၊ ဒါ မေးစရာပဲ။ အားလုံး ဗုဒ္ဓဘာသာဝင်တိုင်းလိုလိုပဲ ကြားဖူးကြမှာပါ၊ “ကံ မျိုးစေ့”ဆိုတာလေ။ ကံဆိုတာ-ကြီးပွားချမ်းသာရေးရဲ့ မျိုးစေ့ပါ။ မျိုးစေ့ဆိုတာကလဲ သူ့ချည်းထားလို့ တိုးပွားလာတာမျိုး မဟုတ်ပါဘူး၊ ထွန်ယက်စိုက်ပျိုးမှု၊မြေယာကောင်းမွန်မှု၊ မိုးလေဝသ မှန်ကန်မှုစတဲ့ အကြောင်းအပေါင်းရဲ့ ကူညီထောက်ပံ့မှုတွေ (ပဋ္ဌာန်းအရတော့ – ဥပနိဿယပစ္စည်း အထောက်အပံ့တွေ) ပြည့်စံဖို့ လိုပါတယ်။ ကောက်ပဲသီးနှံအတွက်ဆိုရင်- ဥတုဘောဇနံ=ရာသီဥတု, မြေသြဇာ၊ ပုဂ္ဂလော = တိုးတက်တဲ့အတတ်ပညာ, စက်မှုအထောက်အကူ တွေနဲ့ ပြည့်စုံတဲ့ စိုက်ပျိုးရေးပညာရှင်၊ သေနာသနံ = ဆည်မြောင်းစသည်နဲ့ ခြံရံပြည့်စုံတဲ့ စိုက်ကွင်း နေရာ စသည်တို့ပေါ့။ ဒီအမေရိကမှာ- ချမ်းသာနေကြတဲ့ စိုက်ပျိုးရေးလုပ်ငန်းများနဲ့ မြန်မာပြည် တောင်သူလယ်သမားတွေကို ဒီ အထောက်အကူ အကြောင်းအပေါင်းတွေနဲ့ ယှဉ်ကြည့်ပါ။ ဒါနတော-ဘက်က ချွတ်ယွင်းလို့လား? စီမံအုပ်ချုပ်သူတွေဘက်က ချွတ်ယွင်းလို့လား? အလုပ်သမားလူတန်းစားအတွက်ကြည့်မယ်ဆိုရင်လဲ- ကံက လုပ်ပေးနိုင်တာက – ထိုက်တန်တဲ့ နေရာတခုမှာ မွေးဖွားခွင့်ရအောင် (ပဋိသန္ဓေကျိုး) က အဓိကပါပဲ။
တိပိဋကဓရ(ယော) ဆရာတော်ကြီး မိန့်ကြားသလိုပေါ့- “မြန်မာပြည်မှာ လူုဖြစ်ရတာဟာ ရတနာမြေပေါ်မှာ- ခြေနင်းပြီး ရတနာသုံးပါးကို ခေါင်းမှာဆင်ခွင့်ရတာ ဖြစ်လို့ ကံအကောင်းဆုံး လူတွေပဲ” တဲ့။ အခု ရတနာမြေတွေက ဘာဖြစ်ကုန်ပြီလဲ? စနစ်ညံ့, လူညံ့တွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ- ရတနာမြေတွေက မြေဇာပုံတွေပဲ တွေ့ရတော့သလို ရတနာသုံးပါးကလဲ – လုံးပါး, ပဲ့ပါး, ဖရိုဖရဲပါး, ကွဲပါး – ဆိုတဲ့ အပါးမျိုးစုံနဲ့ ပါးလာတာ ပေါက်,ကွဲ ကုန်မှာတောင် စိုးရိမ်နေရပြီလေ။
ပြီးတော့ အလုပ်သမားလူတန်းစားရဲ့ စွမ်းအားမျိုးစေ့ စိုက်ပျိုးစရာ “စက်ရုံ အလုပ်ရုံ လုပ်ကွက်”ကရော ဘယ်မှာလဲ? ဒါတွေကရော- ဒါနတော ဘောဂဝါရဲ့ ချွတ်ယွင်းချက်လား? စီမံ အုပ်ချုပ်သူဆိုတဲ့ “ပုဂ္ဂလသပ္ပါယ ဥပနိဿယ” ချို့ယွင်းချက်လား? ဘာမှ ဆုံးဖြတ်ချက် မပေးတော့ပါဘူး ဒီလောက်ဆို ကိုယ့်ဟာကိုယ် သုံးသပ်,ဆုံးဖြတ် နိုင်လောက်ပါပြီ။
စပ်မိတုန်း ထပ်သတိပေးချင်တာကတော့- အခုဆို မြန်မာပြည်မှာ- ၂၀၁၅-ခု ရွေးကောက်ပွဲကြီးဆိုတာ နီးနေပြီတဲ့။ စောစောကပြောခဲ့သလို – “စွန့်စွန့် စားစား”ဆိုတဲ့စကားမှာ- စွန့်ခြင်းက အရင်ပြည့်စုံမှ စားခြင်းက ပြည့်စုံလာမှာ-ဆိုတော့.. ပြည်သူတွေ စဉ်းစားရမယ်၊ အခု ယှဉ်ပြိုင် အရွေးခံကြမယ်ဆိုတဲ့ ပါတီတွေဟာ.. စွန့်လိုတဲ့ ပါတီတွေလား? စားလိုတဲ့ ပါတီတွေလား? ဦးဆောင်ပုဂ္ဂိုလ်တွေ, နောက်လိုက်ပုဂ္ဂိုလ်တွေကရော- ဘယ်ပါတီက စွန့်လိုသူတွေ, စွန့်နိုင်စွမ်းရှိသူတွေ ပါဝင်ကြသလဲ? ဘယ်ပါတီက စားလိုသူတွေ, စားနိုင်စွမ်းသာရှိသူတွေ ပါဝင်သလဲ? ဆိုတာပေါ့။
အရွေးမှားလို့ အစားသမားတွေပဲ ကြီးစိုး, လွှမ်းမိုး, အုပ်ချုပ်နေကြဦးမယ်ဆိုရင်တော့.. (ဗန်မော်တင်အောင်ရဲ့ လေသံလေးနဲ့) ကံကရော ဘာများကော တတ်နိုင်ပါဦးမည်တဲ့နည်း..။
အပ္ပမာဒေန သမ္ပာဒေထ..!
၀၉.၁၅.၁၅.။
သီတဂူသံဃဝိဟာရ၊ဖလော်ရီဒါပြည်နယ်။