ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ဖဲကြိုးများနှင့် ဘကြီးမိုး

မောင်မိုးသူ – ဖဲကြိုးများနှင့် ဘကြီးမိုး
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅
စက်တင်ဘာလ ၁၅၊ ၂၀၁၅ ကုမုဒြာဂျာတယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။

သည်နှစ်က အတော်ဆိုးတယ်။မြန်မာနိုင်ငံရဲ့ ရေကြီးရေလျှံ အဆိုးဆုံး ဖြစ်ခဲ့တဲ့နှစ်၊ တစ်ပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အလှူတွေခံပြီး အလှူအတန်းတွေ လုပ်ကြရပါတယ်။ရေကြီးရေလျှံဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်၊ စာအုပ်တွေက အရောင်းအ ဝယ်ကျ ၊ ဝင်ငွေက လျော့ကုန်တာပေါ့။ ဝင်ငွေတွေ လျော့လာတာနဲ့ တစ်ဆက်တည်းမှာ ဒေါ်လာဈေးတက်ပြီး ကုန်ဈေးနှုန်းက တက်ပြန်ရော။ ဒေါ်လာဈေးတက်ရတာ ကြံ့ခိုင်အဖွဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအ လဲဖြစ် လို့လို့ တချို့က ပြောကြာတာပဲ။အေးလေ၊ ညောင်ဦးကမ်းပါးပြိုတော့ စမ္ပာနဂိုက နွားပေါင်ကျိုးတာပေါ့။

တပ်မတော်က အရာကြီးတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အမတ် ကိုယ်စားလှယ်လောင်း အဖြစ်ရွေးကြသတဲ့။ ဒုက္ခော၊စစ်တပ်မှာ ဗိုလ်ကြီးဖြစ်ဖြစ်၊ဗိုလ်မှူးဖြစ်ဖြစ် ခိုင်ခိုင်မာမာနေရာအတည်တကျ၊ အလုပ်အကိုင် အတည်တကျရှိပြီးသား။လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မဲဆန္ဒနဲ့ ပြိုင်ရတာ။နိုင်ရင် တော်ရဲ့၊ရှုံးရင် ဖွတ်မရ ဓားမ ဆုံး ဖြစ်ရဦးမယ်။ကျွတ် ကျွတ်။

တပ်က အရာရှိကြီးတေါ ဆေးလောကထဲမှာ အုပ်ချုပ်မှုတာဝန်ယူဖို့စီစဉ်လိုက်တော့ ဆေးလောကသားတွေက ဖဲကြိုးဝါကမ် ပိန်းနဲ့ ကန့်ကွက်ကြသတဲ့။

နောက်တခါ ရှေ့နေလောကကို ပို့ပြန်တော့ ရှေ့နေတွေက ဖဲကြိုးနက် ကမ်ပိန်းနဲ့ ကန့်ကွက်ကြသတဲ့။
နောက်တခါ လျှပ်စစ်ဌာနကို တပ်အရာရှိကြီး တွေပို့ပြန်တော့ ဖဲကြိုးပြာကမ်ပိန်းနဲ့ ကန့်ကွက်ကြသတဲ့။
ဟိုက်ရော၊ ဒါ စီးပွားရေး အခြေအနေမကောင်းတဲ့ ဘကြီးမိုးအတွက် ခွင်ပဲ၊ပွပေါက်ပဲ။

တပ်က အရာရှိတွေက ဌာနပေါင်းစုံကို ပို့လွှတ်ကြဦးမှာလေ။ ဌာနဆိုင်ရာ ပင်တိုင်ပုဂ္ဂိုလ်တွေကလည်း ဖဲကြိုးကမ်ပိန်းတွေနဲ့ ကန့်ကွက်ကြဦးမှာ။

ဒါအကွက်ပေါ့၊ခွင်ပေါ့။

အနက်၊အ ဝါနဲ့ အပြာကတော့ ပြီးပြီ။ နောက်ထပ် နောက်ထပ် ဖဲကြိုးအရောင်စုံတွေ လိုဦးမှာပဲလေ။ဘကြီးမိုးက ပန်းချီ ဝါသနာရှင်ပဲ။ပေါ်ဦးသက်နဲ့ သိတယ်။ခင်မောင်ရင်နဲ့ သိတယ်။ ကိုရွှေအောင်သိမ်းနဲ့ သိတယ်။ ခင်မောင်ရင်ဆိုရင် ပန်းချီကား တွေကို အရောင်တွေနဲ့ချည်း ရေးနေတာ၊ ဘကြီးမိုးလည်း သူတို့ သက်ရှိထင်ရှားရှိစဉ်က အတူနေတော့ အရောင်တွေ သိ တယ်။

သည်တော့ ဖဲကြိုးရောင်စုံတွေ ရောင်းရရင် ပွပေါက်ပဲပေါ့။ ရွေးကောက်ပွဲကာလအချိန်တွင်း အလံတွေ၊ စတစ်ကာ တွေ၊ တီရှပ်တွေလုပ်ဖို့ အချိန်မမီလိုက်လို့ မလုပ်လိုက်ရဘူး။ လုပ်ရတဲ့သူတွေ ပွကုန်တာ ဘကြီးမိုး လက်တွေ့ မျက်တွေ့။

သည်တခါတော့ ဘယ်ရမလဲ၊ဘကြီးမိုး ဖဲကြိုးရောင်စုံတွေ ဆိုင်ဖွင့်ပြီး ရောင်းမယ်လေ၊ဘယ်လုပ်ငန်းမဆို ကန့်ကွက်ချင်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း အကြံပါတောင်းရင် လိုက်လျောညီထွေတဲ့ အရောင်တွေရွေးပေးမယ်။အရောင်ရဲ့ သဘောက နီ၊ ဝါ၊ပြာ၊ဖြူ၊နက်ပဲရှိတာ။ ကျန်တာတွေက အရောအရောင်တွေ။ကန့်ကွက်ချင်သူများရဲ့  စိတ်အခြေအနေ၊အလုပ်အခြေအနေ အရ လိမ္မော်ရောင်လား၊ ခရမ်းပြာလား၊ ဖက်ဖူးစိမ်းလား၊ ကျောက်စိမ်းလား၊ ပန်းနုရောင်လေးလား၊ ဒါမှမဟုတ် ရောင်စဉ်ခုနစ် သွယ်ပါတဲ့ သက်တံ့ရောင် ကြိုက်သလား၊ လိုချင်တာရမယ်ဆိုပြီး ဖဲကြိုးဒိုင်ဖွင့်ပြီး ရောင်းမယ်လို့လေ။

အနာဂတ်အခြေအနေက တပ်ကအရာရှိတွေဟာ ဌာနပေါင်းစုံကို ပို့ရဦးမှာ။ ဌာနပေါင်းစုံကလည်း ဟုတ်ပါရဲ့၊ ဘာမှ လုပ် တတ် ကိုင်တတ် မရှိကြဘူး။ ငါသာမကယ်ရင် သေဖွယ်ရာသာရှိတဲ့ အခြေအနေ။ သည်တော့  တပ်အရာရှိများအနေနဲ့ ဌာန အသီးသီးကို ကိုင်တွယ်ဖို့ ပို့ကြရဦးမှာလေ။ မြန်မာပြည်ကလည်း ဂုဏ်ယူစရာကောင်းပါတယ်။ ဝန်ကြီးဌာနတွေပဲ ၉၀ လောက်ရှိဆိုပဲ။ ဝန်ကြီးဌာန တခုတခုမှာကို ဌာနခွဲတွေ အများကြီး အများကြီး ခွဲလို့ရသေး။စည်ပင်ဆိုရင် အမှိုက်၊မိလ္လာ၊ရေမြောင်း၊လမ်းဘေးဈေးသည်၊စားသောက်ကုန်ဌာနတွေ ခွဲချင်သလောက် ခွဲလို့ရတယ်။ အဲသည်တော့ စီမံအုပ်ချုပ်ဖို့ လိုအပ် တာပေါ့ခင်ဗျ။ မြန်မာပြည်ရဲ့ စစ်တပ်ဟာ အလွန်ထူးခြားတဲ့ အရည်အသွေးရှိတဲ့ စစ်တပ်ခင်ဗျ။လုပ်ငန်းပေါင်းစုံ၊အလုပ်ပေါင်းစုံကို လုပ်တတ်တယ်။အံ့ရော၊ အံ့ရော။

ဒါကိုပဲ တလောက အမေရိကန်ပါမောက္ခတယောက်က ဟောပြောသွားသေး၊ စစ်တပ်ဆိုတာ တိုင်းပြည်ရဲ့ သယံဇာတကို မရောင်းစားရဘူး၊စီးပွားရေး မလုပ်ရဘူးတဲ့။ အမှန်က မနာလို တိုရှည် ဖြစ်နေတာပါ။ဘကြီးမိုးတို့ မြန်မာနိုင်ငံရဲ့ စစ်တပ်က တော့ စွယ်စုံရ စစ်တပ်လေ။

နေရာပေါင်းစုံ၊လုပ်ငန်းပေါင်းစုံကို ဝင်နိုင်တယ်၊လုပ်နိုင်တယ်၊စီမံအုပ်ချုပ်နိုင်တယ်လေ။

ဒါကို မသိနားမလည်တဲ့ လက်တွေ့ လုပ်ငန်းလုပ်ကိုင်နေကြသူတွေက ဖဲကြိုးနက်၊ ဖဲကြိုးဝါ၊ ဖဲကြိုးပြာ ကမ်ပိန်းလုပ်ပြီး ကန့် ကွက်နေကြတာ။

သည်တော့ စီးပွားရေးအခြေအနေမကောင်း၊ ကုန်ဈေးနှုန်းတက်တာကို ရင်ဆိုင်နေရတဲ့ ဘကြီးမိုးအတွက် ဒါ ခွင်ပဲပေါ့။

ဘကြီးမိုး ရောင်စုံဖဲကြိုးများပြုလုပ်ပြီး လိုအပ်သူများအတွက် ဒိုင်ဖွင့်ပြီး ရောင်းချပါ့မယ်။

ဖဲကြိုးများနှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts