မှတ်စုမှတ်တမ်း အုန်းနိုင် အုန်းနိုင်

အုန်းနိုင် – ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘ၀တူဖြစ်ပြီ

 

အုန်းနိုင် –  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘ၀တူဖြစ်ပြီ 

၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ခြင်း – (၂၁) နိဂုံး

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၅

ကျနော်တို့ ပို့တဲ့စာမှာ ဖော်ပြထားတဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မိတ္တူပေးလိုက်ပါတယ်။ 

(၁၄..၉၂) မှာတော့ ကျနော်တို့မြို့ နယ်ရဲ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ဦးအုန်းနိုင်နဲ့ ဦးအေးသန်း တို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပါ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်.. အဲဒီနေ့ နေ့စွဲနဲ့ပဲ စာနံပါတ် ဆက်တိုက်ထိုးပြီး ကျနော်တို့မြို့ နယ်အလုပ်အမှုဆောင်အဖွဲ့ကို မိမိဖာသာ ဖျက်သိမ်းပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်းမရှိပဲ ရွေးကောက်ပွဲကော်မရှင်သို့ လိပ်မူတင်ပြခြင်း တို့ကြောင့် အဖွဲ့ချုပ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ခြင်းမရှိဟု ဆိုကာ ထိုနေ့ အစည်းအဝေးတက်ရောက်သည့် အမှုဆောင်(၁၅)ဦးကိုပါ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပါတယ်.. 

သူတို့ ထုတ်ပယ်လိုက်တာကို ကျနော်တို့ ဘာမျှ မပြောလိုပါဘူး.။ပြောလဲ မပြောပါဘူး..။ သူတို့က ဘာအပြစ်မှ မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သူတို့မှာ လုပ်ပိုင်ခွင့်ရှိရဲ့ လား .. မရှိဘူးလားဆိုတာ မဆင်ခြင်ပဲ မတန်မရာ ထုတ်ပစ်ခဲ့ကြသေးတာပဲ..။ ဒါပေမဲ့ ဒီစာထဲက သူတို့အကြောင်းပြချက်တခုကိုတော့ ပြောချင်ပါသေးတယ်.. 

ပေါင်းတည်မြိ့ နယ် စည်းကော်မတီသည် မိမိဖာသာ ဖျက်သိမ်းပြီး ဗဟိုအလုပ်အမှုဆောင်သို့ တင်ပြခြင်း မရှိဘဲ..၊ရွေးကောက်ပွဲကော်မရှင်သို့ လိပ်မူတင်ပြခြင်းတို့ကြောင့် အဖွဲ့ချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း မရှိ..” ဆိုတဲ့ စာသားကို ကျနော်တို့ ဖတ်ပြီး ရီကြ ရပါတယ်..

သူတို့ ဗဟိုအလုပ်အမှုဆောင်က ဒေါ်စုကို အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်တုန်းကရော မိမိအဖွဲ့အတွင်း အရင်မကြေညာဘဲ..၊ရွေးကောက်ပွဲကော်မရှင်ကိုပဲ ပထမဦးဆုံး အကြောင်းကြားခဲ့တာ မဟုတ်လား..။ အဲဒါကရော အဖွဲ့ချုပ်စည်းကမ်းနဲ့ ညီညွတ်ပါရဲ့ လား..

 ကြေညာချက် (/၉၁)မှာ ပြန်ကြည့်ပါဦး..

(၁၁.၁၂.၉၁)နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို (၁၂.၁၂.၉၁) နေ့မှာ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားခဲ့ပြီးမှ (၁၆.၁၂.၉၁)မှာ အောက်ခြေကို ရှင်းလင်းချက်ထုတ်ခဲ့တာ မဟုတ်လား..

ဒါတောင် ကော်မရှင်က တယ်လီဗီးရှင်းကနေ (၁၆.၁၂.၉၁)နေ့မှာ ကြေညာလိုက်လို့ မဖုံးနိုင် မဖိနိုင် လုပ်ခဲ့ကြရတဲ့ သူတို့ကများ..ကျနော်တို့ မြို့ နယ်အဖွဲ့ကိုတော့ အဖွဲ့ချုပ်စည်းကမ်းနဲ့ မညီဘူးတဲ့..။ ဖက်စိမ်းကန်တော့ ..ပြောင်းပြန်လှန်..လို့..။ပုဆိုးမရှိတဲ့သူကများ သူများကို လုံအောင်ထိုင်ဖို့ ပြောနေလေရဲ ..။ ရီတော့ ရီရသား..။ ရီစရာ မဟုတ်လို့သာပဲ..  

ကျနော်တို့ကို အဖွဲ့ချုပ်က ထုတ်လိုက်တော့ ကျနော်တို့က နဲနဲမှ စိတ်မထိခိုက်ပါ..။ တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုမှ ဘ၀တူဖြစ်သွားပြီလို့ ရင်တောင် ကော့ထားလိုက်ချင်သေးတယ်..

 နောက်တခု ထူးဆန်းတာက ကျနော်တို့ မြို့ နယ်အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ ဒီလိုဖြစ်နေ တယ်ဆိုတော့ စစ်ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့ (အက်စ်ဘီ)က ကျနော်တို့ကို တဦးချင်း လိုက်မေးမြန်း နေပါတယ်..ဘာပြုလို့ ဆရာကြီးတို့ က အဖွဲ့ဖျက်လိုက်ရတာလဲ ။ဆရာကြီးအိမ်မှာ ဆိုင်းဘုတ်တင်လဲ ရသားနဲ့.. ဘာလို့ ဆိုင်းဘုတ်ဖြုတ်လိုက်ရတာလဲ ..” လို့ လိုက်မေးနေတာပါ..။ ဘက်ပြောင်းတာတွေများ သိသာလိုက်တာ။

 ဒီအချိန်မှာ ကျနော်တို့ ထိုင်ဦးချထိုက်တဲ့ သူတယောက်ရဲ့ သတင်းကို ကြားရပါတယ်..။ ဟိုတုန်းက တရားဝန်ကြီးချုပ် ဦးသိန်းမောင်(ဖိနပ်ချွတ်)ရဲ ညီ.. ဦးကျော်ကဲဆိုတာက.. ကျနော်တို့မြို့ ဇာတိတွေပါ.. သူ့ ဆွေမျိုးတွေနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းဆီက ကြားရတဲ့ သတင်းပါ..။ အဲဒီတုန်းက အဖိုးကြီးက အသက် (၉၀)ကျော်ပြီ ထင်ပါရဲ ..။ သူ့သားရဲ သူငယ်ချင်းဖြစ်တဲ့ ၀န်ကြီးဟောင်း ဦးစံဝင်းကို တယ်လီဖုန်းဆက်ခေါ်ခိုင်း သတဲ့..။ ဦးစံဝင်းက အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရဲ သာယာဝတီ() လွှတ်တော်ကိုယ်စားလှယ်ပါ..။ မျိုးချစ်ရဲ ဘော်ဟောင်းများအဖွဲ မပျက်ခင်က အမှုဆောင်ပါ..

သူရောက်လာတော့ ဦးကျော်ကဲက မေးပါသတဲ့.. 

မင်းတို့က အောင်ဆန်းစုကြည်ကို ထုတ်ပြစ်ရအောင်..ဒီအဖွဲ့က သူဖွဲ့တဲ့အဖွဲ့ လား..။ မင်းတို့ဖွဲ့တဲ့ အဖွဲ့လားတဲ့..

ဦးစံဝင်းလည်း ဘာမျှ ပြန်မဖြေနိုင်ပဲ ပြန်သွားရပါသတဲ့..။ ဦးကျော်ကဲမြေးများကတော့ ပြောပါတယ်.. ဦးစံဝင်းကို အားနာလိုက်တာတဲ့.. 

ကျနော်ကတော့ ပေါင်းတည်သားအချင်းချင်းတွေထဲမှာပဲ ဒီအဘိုးကြီးကိုဒါမှတို့ပေါင်းတည်သားကွလို့ လက်သီးလက်မောင်းတန်းပြီး ထိုင်ဦးချလိုက်ချင်ပါတယ်..။ ကြားရတဲ့ သတင်းလေး မှန်မမှန်တော့ မသိဘူး.. ဒါပေမဲ့ တကယ် မမေးပဲသာ ရှိချင်ရှိမယ်..။ ဒီလို မေးခွန်းမေးချင်တဲ့သူက တော့ များမှာသေချာပါတယ်..။ ဒါ ဟာ အများစုရဲ သဘောထားပါ..  

(ပြီး

 

(ဓါတ်ပုံ..။၁၉၉၆ခု ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ ပထမအကြိမ်လွတ်မြောက်လာစဉ်..ပေါင်းတည် NLD အဖွဲ့မှ သွားရောက်တွေ့ ဆုံပြီး..ပေါင်းတည် NLDစည်းကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၂ဦးအား ဗဟိုမှ ထုတ်ပယ်အပြစ်ပေးခံရသောဖြစ်စဉ်ကို သွားရောက်ရှင်းလင်းပြစဉ် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts