တူမောင်ညို – (NCA) ဆိုတာ လက်နက်ချပါ့မယ်လို့ ကြိုတင်ကတိပြုတဲ့ စာချုပ်ဖြစ်တယ်
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၅
အရင်းစစ်လိုက်တော့ “ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ” ဆိုတာ ပြည်တွင်းနိုင်ငံရေးပြဿနာပင်ဖြစ်ပါ တယ်။ အဓိကအားဖြင့် ပြည်တွင်းစစ်ကို အမှန်တကယ်ရပ်စဲလိုပြီး – ရေရှည်တည်တံ့နိုင်မယ့် ပြည်တွင်းငြိမ်းချမ်းရေးကို သဘောထား မှန်ကန်စွာနဲ့ ဖြေရှင်းမယ်၊ အဖြေရှာမယ်ဆိုရင် ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးဆိုတဲ့ နိုင်ငံရေးပြဿနာတွေ ထိထိရောက်ရောက်ကိုင်တွယ် ရမှာပါ။
ပြည်တွင်းငြိမ်းချမ်းရေးကို သည်းလှိုက်အူလိုက် အလိုလားဆုံး၊ အတောင့်တဆုံးသူတွေဟာ လူမျိုးပေါင်းစုံပြည်သူတွေပဲဖြစ်ပါ တယ်။ လူမျိုးပေါင်းစုံပြည်သူတွေလောက် ဘယ်သူမှ ငြိမ်းချမ်းရေးကို မလိုလားပါဘူး။ ငြိမ်းချမ်းရေးနဲ့ပြည်သူလူထုဆိုတာ ရေနဲ့ငါးလို ဘယ်လိုမှ ခွဲခြားမရနိုင်ပါဘူး။ ပြည်သူ့အကျိုးစီးပွားဆိုတာ ငြိမ်းချမ်းရေးဖြစ်ပြီး၊ ငြိမ်းချမ်းရေးဆိုတာ ပြည်သူ့အကျိုးစီးပွားကို အကောင် အထည်ဖော်ဆောင်ရွက်တာပဲဖြစ်ပါတယ်။
မြန်မာပြည်မှာ ပြည်တွင်းစစ်ကြီးဖြစ်နေတာ ၁၉၄၈ ခုနှစ်ကနေ ယနေ့အထိပါပဲ။ ပြည်တွင်းစစ်ကို အုပ်စိုးသူအစိုးရအဆက် ဆက်[ (ဖဆပလ)အစိုးရ၊ တော်လှန်ရေးကောင်စီ၊ (မဆလ) အစိုးရ၊ (နဝတ- နအဖ) စစ်အစိုးရနဲ့ ယနေ့ကြံ့ဖွံ့အစိုးရ ] ပြေလည်အောင် အဖြေမရှာနိုင်ခဲ့သေးပါဘူး။ အမြင်သာဆုံးအချက်ကတော့ ပြည်တွင်းစစ်ရှည်ကြာလာလေ ပြည်သူတွေရဲ့ဘဝက ကုန်းကောက်စရာ မရှိ အောင် စုတ်ပြတ်နုံချာမွဲပြာကျသထက် ကျလာပြီး အုပ်စိုးသူတွေကတော့ ထားစရာမရှိအောင် ချမ်းသာကြွယ်ဝလာတဲ့အချက်ပါပဲ။
ပြည်တွင်းငြိမ်းချမ်းရေးအဖြေရှာမှုနဲ့ပတ်သက်ပြီး အုပ်စိုးသူ ဆက်ဆက်က မဖြေရှင်းခဲ့တာမဟုတ်ပါဘူး။ ဖြေရှင်းခဲ့ပါတယ်။ ပြေလည်တဲ့ အဖြေမရခဲ့ပါဘူး။ အုပ်စိုးသူအစိုးရက လက်နက်ကိုင်အင်အားစုထဲက အဖွဲ့အစည်းအချို့ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု ထဲက လူပုဂ္ဂိုလ်တချို့ကို ဖဲ့ထုတ်၊ လှည့်စား၊ သိမ်းသွင်းနိုင်တာ၊ လက်နက်ချစေနိုင်တာကို “ငြိမ်းချမ်းရေးရပြီ”လို့ ဆိုပြီး တိုင်းပြည်နဲ့လူထု ကို လိမ်ညာခဲ့ပါတယ်။ ဘယ်လိုလိမ်ညာခဲ့ပေမယ့် တည်ရှိမြဲ တည်ရှိနေတဲ့ ပြည်တွင်းစစ်က အုပ်စိုးသူအစိုးရများရဲ့ “ငြိမ်းချမ်းရေးရပြီ” ဆိုတဲ့ ကြွားဝါလိမ်ညာမှု ကို လှောင်ပြောင်သရော်နေပါတယ်။
ယခုလည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ဆိုတာကို ချုပ်ဆိုနိုင်တော့မလိုလို အသံတွေထွက်ပေါ်လာနေပါ တယ်။ (NCA) စာချုပ်ကို ချုပ်ဆိုနိုင်တာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တကယ်မရနိုင်သေးပါဘူး။ ငြိမ်းချမ်းရေးမရနိုင်သေးတဲ့အပြင် (NCA) စာချုပ်မှာ လက်မှတ်ထိုးရေးနဲ့ပတ်သက်ပြီး အားလုံးပါဝင်လက်မှတ်ရေးထိုးမှာလား – ကရင် ၄ ဖွဲ့နဲ့ ရှမ်းတဖွဲ့သာပါတဲ့ အဖွဲ့ ၅ ဖွဲ့နဲ့ပဲ လက်မှတ်ထိုးမလားဆိုပြီး ပြဿနာတက်နေပါတယ်။
(SNLD) ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးကတော့ “အကုန်လုံးမပါရင် ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ်၊ ကျနော် ကတော့သမိုင်းတရားခံ အဖြစ်မခံချင်ဘူး၊ မပြည့်စုံဘဲနဲ့ လက်မှတ် သွားထိုးရမယ်ဆိုရင် ကျနော်မထိုးဘူး။ အားလုံးပြည့်စုံပြီ ၂၁ ဖွဲ့ စုံပြီ ဆိုရင်တော့ ကျနော်ထိုးမယ် ” လို့ ပြောထားပါတယ်။
အပစ်ရပ်ရေးလုပ်ဆောင်နေပါတယ်ဆိုတဲ့ ဝန်ကြီး ဦးအောင်မင်း ဆိုသူကတော့ သူ့တို့ရဲ့ ငြိမ်းချမ်းရေးကုန်ပစ္စည်းနဲ့ပတ် သက် ပြီးလွှတ်တော်ထဲမှာ ပြောကြားရာမှာ(NCA)စာချုပ်ကို လက်ရှိအစိုးရလက်ထက်မှာ မချုပ်ဆိုနိုင်ရင် သင်္ခါရသဘောတရားအရ မမြဲနိုင်ဘူး၊ အားလုံး “တစ်” က ပြန်စရမှာဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
ဝန်ကြီးပြောဆိုချက်က အဓိပ္ပါယ်မျိုးစုံထွက်ပါတယ်။
ခြိမ်းချောက်တာလည်းဖြစ်တယ်၊ အကြပ်ကိုင်တာလည်း ဖြစ်တယ်။ ရတုန်းယူထားလို့ အတင်းတွန်းထည့်နေတာလည်း ဖြစ် တယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေရဲ့ စုစည်းမှုကို ထိုးနှက်ဖြိုခွဲနေတာလည်းဖြစ်တယ်။ ဒါ့အပြင် သူတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးသဘောထားဟာ တနပ်စားငြိမ်းချမ်းရေးသာဖြစ်တယ်ဆိုတဲ့သရုပ်သကန်ကိုပါ အထင်အရှားဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးက နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြန်ကြည့်ရင် သူတို့နိုင်ငံတွေမှာ ဒီမိုကရေစီရေချိန်မြင့်ပြီး capacity လည်း ရှိတော့ မဆွေးနွေးခင်ကတည်းက ပုဒ်မ ၁၇ (၁) ကို တခါတည်းဖြုတ်နိုင်သတဲ့။ သဘောက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ ရေချိန်နိမ့်တယ်။ ဒါကြောင့် ပုဒ်မ ၁၇ (၁) ကို မဖြုတ်နိုင်တာဖြစ်တယ်လို့ လှည့်ပတ် ဝန်ခံသွားပါတယ်။
ဒါဟာ ငြိမ်းချမ်းရေးရဲ့ပဏာမအဆင့်လို့ပြောရမယ့် အပစ်အခတ်ရပ်စဲရေးအဆင့်ပဲ ရှိပါသေးတယ်။ နိုင်ငံရေးပြဿနာတွေကို ဘာမှ မဆွေးနွေး၊ မဖြေရှင်းရသေးပါဘူး။ တကယ်တော့ အပစ်အခပ်ရပ်စဲရေးဆိုတာ သက်ဆိုင်ရာ ၂ ဖက် စစ်တပ်ချင်းညှိနှိုင်းသဘောတူ ဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ပြီး၊ ၂ ဖက်သဘောတူညီပြီး ဘယ်ကာလအထိ အပစ်အခတ်ရပ်စဲထားမယ်။ ဘယ်စည်းကမ်းတွေသတ်မှတ် ထားကြမယ်၊ ဘယ်လိုဆက်သွယ်ဆောင်ရွက်ကြမယ်၊ ဆက်သွယ်ရေးစခန်းတွေ ဘယ်လိုသတ်မှတ်ထားမယ်။ အကယ်၍ ထိတွေ့ပစ်ခတ် မှုတွေပေါ်ပေါက်လာခဲ့ရင် နှစ်ဖက်ဘယ်လို ညှိဆွေးနွေးကြ မယ်ဆိုတဲ့နားလည်မှု အပြန်အလှန်ထားရှိဖို့သာလိုပါတယ်။ အခုလို စာချုပ် စာတမ်းသဘောမလိုအပ်ပါဘူး။ စာချုပ်စာတမ်း ဆို တာ နိုင်ငံရေးဆွေးနွေးမှုဖြေရှင်းလို့ သဘောတူညီမှုရတဲ့အခါ နှစ်ဘက် တန်းတူ ရည်တူချုပ်ဆိုရမယ့် စာချုပ်သာဖြစ်ပါတယ်။
ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ်( NCA) လက်မှတ်ထိုးနိုင်တာ၊ (NCA) မှာ ပါဝင် လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ချက် လက်မှတ်ထိုးတာ (deed of commitment) မျိုးကိုပင် သမ္မတ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ပင်လုံ စာချုပ် လက်မှတ်ထိုးသလို အမြတ် ထုတ်ဝါဒဖြန့်ခဲ့ကြပါတယ်။ “ ငြိမ်းချမ်းရေးက ရောင်ခြည်တင်မက အလင်းတန်းတွေပါ မြင်နေရပြီ” သမ္မတကိုယ်တိုင်က ကြွားလုံး ထုတ်ခဲ့ တာပါ။ အခုတော့လည်း ဝန်ကြီးပြောသလို သင်္ခါရသဘောတရားနဲ့ ငြိမ်းချမ်းရေးအလင်းတန်းတွေ၊ ငြိမ်းချမ်းရေးရောင်ခြည်တွေ ဟာ အနိစ္စသဘောနဲ့ကိစ္စချောရမယ့်ကိန်းဆိုက်နေပါတယ်။ အားလုံး “တစ်” က ပြန်စရမယ်။
အမှန်ပါပဲ။
ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်က စစ်တပ်ရဲ့ “ငြိမ်းချမ်းရေးမူ ၆ ရပ်” ဆိုတာကို စွဲကိုင်ထားသမျှ အကြိမ်ကြိမ်အဖန်ဖန် “တစ်” ကပြန် စ နေရမှာပဲ။ စစ်တပ်ရဲ့ “ငြိမ်းချမ်းရေးမူ ၆ ရပ်” နဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့် ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပါ။ အပစ်အခတ် ရပ်စဲ လည်းလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ “ငြိမ်းချမ်းရေးမူ ၆ ရပ်” ဆိုတာ ၂၀၀၈ အခြေခံဥပဒေ လက်ခံရေးနဲ့ လက်နက်ချရေး သာဖြစ် ပါတယ်။
“(NCA) စာချုပ်လက်မှတ်ရေးထိုးသည့်အဖွဲ့များအနေဖြင့်လည်း နဂိုလက်ခံထားသည့်အတိုင်း (SSR/ DDR) ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းစဉ်အတွက် လတ်တလော အချိန်ကာလတစ်ခုအထိ လက်နက်အပ်ရန်/ဖျက်ဆီးရန် မလိုသေးဘဲ၊ လက်နက်များကို ထိန်းသိမ်းထားရမည်သာဖြစ်ကြောင်း” ကာချုပ်က သြဂုတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) တွေ့ဆုံပွဲမှာ ကာချုပ်က ပြောကြားခဲ့တယ်မဟုတ်လား။