သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဖက်ဆစ်တွေရှုံးဦးမည်

 

ငြိမ်းချမ်းအေး – ဖက်ဆစ်တွေရှုံးဦးမည်

(မိုးမခ) စက်တင်ဘာ ၀၇၊ ၂၀၁၅

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၊ ၄၊ ၅ ရက် နေ့စွဲများနဲ့ အစိုးရထုတ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ မျက်နှာဖုံးများမှာ သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တချို့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖက်ဆစ်စနစ် ဆန့်ကျင်မှု အောင်မြင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ကြောင်း သတင်း ခေါင်းကြီးစာလုံးမည်းကြီးများ၊ သတင်းဓာတ်ပုံများ ဆက်တိုက် တွေ့ခဲ့ရတယ်။  စစ်ဗိုလ်ချုပ်ဟောင်း မြန်မာသမ္မတဟာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နိုင်ငံနှစ်နိုင်ငံ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားဖို့ နှစ်ဖက်သဘောတူညီခဲ့တယ်လို့ သတင်းတွေကတဆင့် သိခဲ့ရတယ်။  အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွေကလည်း တရုတ်ပြည်က ဖက်ဆစ်အောင်ပွဲ အခမ်းအနားတက်ရောက်ပုံ သတင်းဓာတ်ပုံတွေကို ဝေဝေဆာဆာ တင်ဆက်ခဲ့တာ သတိပြုမိခဲ့တယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးဟာ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ နီးချိန်၊ သမ္မတသက်တမ်းလည်း ကုန်ဆုံးခါနီးချိန်၊ သမ္မတဦးဆောင်တဲ့ လက်ရှိ အာဏာရ ကြံခိုင်ရေး ပါတီအတွင်းမှာ ခေါင်းဆောင်တဦးဖြစ်သူ လွှတ်တော်နာယက ဦးရွှေမန်းကို ဖြုတ်ချအပြီး နိုင်ငံရေး ရှုပ်ထွေးနေချိန်၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး ငွေကြေး ဈေးကွက် ပြိုလဲကျဆင်းနေချိန်၊ မြန်မာပြည်ငွေတန်ဖိုးများလည်း ထိုးဆင်းနေချိန် အစရှိတဲ့ အကဲဆတ်တဲ့ မျက်မှောက် နိုင်ငံရေး စီးပွားရေး နောက်ခံမှာ ဖြစ်ပေါ်ခဲ့တာပါ။  ဒါဟာ နဝတ၊ နအဖ စစ်အစိုးရများခေတ်ကတည်းက အစဉ်အဆက် နိုင်ငံရေး၊ စီးပွားရေး အကြီးအကျယ် မှီခိုအားထားခဲ့ရာ တရုတ်နိုင်ငံကို ဆွေမျိုးပေါက်ဖော်၊ အစ်ကိုကြီး-ညီလေး ဆက်ဆံရေး မပျက်ကြောင်းကို အရပ်သား အမည်ခံ အစိုးရသစ်ခေါင်းစဉ်အောက်မှာ ထောက်ခံမှု အသစ်ရယူထားနိုင်တဲ့ အခြား ကမ္ဘာ့အင်အားကြီး အုပ်စု တဖက်ဖြစ်တဲ့ အမေရိကန်၊ ဂျပန်နဲ့ ဥရောပသမ၊ ယူကေ အနောက်အုပ်စုကိုလည်း မျက်စလှမ်းပစ်ပြခြင်း တမျိုးလည်း ဖြစ်တယ်။

အမေရိကန်နဲ့ အနောက်အုပ်စုကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလို့ အမွှမ်းတင်ခေါ်ဆိုကြတဲ့ ဖြစ်စဉ်ကြီး တခုလုံးကို ဒေသတွင်း ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံနဲ့ အပြိုင် မဟာမိတ်ပြုလိုမှုနဲ့  စီးပွားရေးလိုဘတွှေကြောင့် မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။   ဒေသတွင်းက တရုတ်နိုင်ငံနဲ့ အစဉ်အဆက် မဟာပြိုင်ဘက် ဂျပန်နိုင်ငံကလည်း တရုတ်ရဲ့စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အနေအထားနဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေအထားကို အမြဲ ဂရုစိုက်လေ့ရှီတယ်။  ဂျပန်ဟာ သူ့ရဲ့ စစ်အင်အားကိုလည်း ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်း စံချိန်တင် တိုးချဲ့နေချိန်ဖြစ်တယ်။

ကမ္ဘာမှာလည်း အမေရိကန်နဲ့ အပြိုင် တရုတ်နိုင်ငံရဲ့ စစ်အင်အားကြီးမားမှု၊ ကမ္ဘာ့ရေပိုင်နက် စိုးမိုးလိုမှု၊ အာဆီယံနိုင်ငံတွေနဲ့ ဂျပန်ကို စစ်အင်အားပြလိုမှုနဲ့ ဒေသတွင်း ပယ်လယ်ပြင်မှာ အိမ်နီးချင်းများနဲ့ ပိုင်ဆိုင်မှု အငြင်းပွားမှု အစရှိတဲ့ သက်ဝင်လှုပ်ရှားနေတဲ့ နောက်ခံများကြားမှာ တရုတ်နိုင်ငံရဲ့ ဖက်ဆစ်အောင်ပွဲ နှစ် ၇၀ နှစ်ပြည့် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပခဲ့တာပါ။  စက်တင်ဘာ ၂ ရက် AFP သတင်း အရ ဆိုရင် တရုတ်နိုင်ငံရဲ့ စစ်သင်္ဘောကြီး ၅ စင်းကို ရုရှားနိုင်ငံနဲ့နဲ့ အမေရိကန်ပိုင် အလက်စကား ပြည်နယ်ကြား ဘဲရင်ပင်လယ် နိုင်ငံတကာရေပိုင်နက်မှာ တွေရှိခဲ့တယ် ဆိုတယ်။  ဒါဟာ တရုတ်ရဲ့ ရေတပ်စစ်အားအားဟာ ကမ္ဘာ့ရေပိုင်နက်များကို ဖြန့်ကြက်ရောက်နိုင်မှု ခြေလှမ်းကို ပြတယ်လို့ ဆိုနိုင်တယ်။

တရုတ်နိုင်ငံဟာ ဒီဖက်ဆစ်တော်လှန်ရေးအောင်ပွဲ အခမ်းအနားကို ငြိမ်းချမ်းရေး ဂျိုးဖြူ ငှက် ခုနှစ်သောင်းကျော် လွှတ်ခြင်းနဲ့ အဆုံးသတ်ခဲ့တဲ့ အပြင် လက်ရှိ တရုတ်ရဲ့ စစ်သားအင်အား အရေအတွက်ဟာ သမိုင်းတလျှောက် ‘အနည်းဆုံးပါ’ ဆိုတာကိုလည်း နိုင်ငံပိုင် မီဒီယာများကတဆင့် အသားပေးထုတ်ဖော် ငြိမ်းချမ်းရေး လိုလားပုံကို တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်ချိခဲ့တယ်။  ဒါပေမဲ့ ဒီပွဲဟာ စစ်ဝါဒ အမြစ်ပြုတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဆစ်စနစ်ဆန့်ကျင့်ရေး ဘယ်လောက်ပဲ ခေါင်းစဉ် အလှတပ်ထားပေမယ့် တရုတ်နိုင်ငံရဲ့ စစ်အင်အားကြီးထွား ခိုင်မာ တောင့်တင်းမှုကို ဒေသတွင်း ဂျပန်နဲ့ ကမ္ဘာကို ထုတ်ဖော်ပြသသွားခဲ့တာပဲ ဖြစ်တယ်။  ဂျပန်အစိုးရကလည်း တရုတ်သမ္မတ ရှိကျင်းပင်းရဲ့ အခမ်းအနားမိန့်ခွန်းမှာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး သဘောမဆောင်ကြောင်း တရားဝင်ထုတ်ပြန် တုံ့ပြန်ခဲ့တယ်။

ဒီလို သဘောနောက်ခံနဲ့ ဒီလိုပွဲမျိုးကို တိုင်းပြည်မှာ ဒုက္ခ သုက္ခ မျိုးစုံကြုံနေချိန် သမ္မတ ဦးသိန်းစိန် အရောက်တက်ပြခဲ့ခြင်း၊ အစိုးရသတင်းစာများက အသားပေးခဲ့ခြင်းဟာ တရုတ်နိုင်ငံနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဆက်လက်ခိုင်မြဲရှိနေမယ် ဆိုတာကို ပြသရာရောက်ခဲ့ပြီး နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အာဏာဆက်လက်ဆုပ်ကိုင်လိုမှု အတွက် အိမ်နီးချင်း အင်အားကြီး နိုင်ငံရဲ့ ထောက်ခံမှုရအောင် ကြံဆောင်ခြင်းလည်း ဖြစ်တယ်။

ဒီလို ရည်ရွယ်ချက် အပြည့်နဲ့ ဒီခရီးစဉ်မှာ သမ္မတဦးသိန်းစိန် တယောက် သတိမမူမိချင်ဟန်ဆောင်နေတဲ့ မေးခွန်းတခုလည်း ရှိပါသေးတယ်။  အဲဒါကတော့ ‘သူများဆီကျ ဖက်ဆစ်ဆန့်ကျင်ရေး ဂုဏ်ပြု အမှတ်တရ သွားတက်ပြီး ကိုယ့်တိုင်းပြည်မှာတော့ ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ အခမ်းအနားဟာ နာမည်အမှန်နဲ့တောင် မကျင်းပနိုင်ခဲ့ပါ့လား’  ဆိုတဲ့ မေးခွန်းပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့အထိ မြန်မာပြည်ရဲ့ ‘ဖက်ဆစ်တော်လှန်ရေးနေ့’ ဟာ ‘တပ်မတော်နေ့’ အဖြစ်သာ သမိုင်းပုံဖျက် ကျင်းပနေခြင်းအပေါ် တရုတ်ပြည်ကို ဖက်ဆစ်တိုက်ဖျက်ရေး အောင်ပွဲခံ တခမ်းတနား သွားတက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ တယောက် ဘာကြောင့်များ မျက်ကွယ်ပြုထားပါသလဲ။  ဂျပန်ဖက်ဆစ်တိုင်းပြည်မှာ ဖက်ဆစ်တော်လှန်ရေး သမိုင်း၊ အောင်ပွဲနဲ့ ကြီးကျယ်မှု၊ အကျိုးသက်ရောက်မှုတွေဟာ စစ်အာဏာရှင်ခေတ်စနစ် နှစ်ငါးဆယ်ကျော်အတွင်း မှေးမှိန် လျှော့ချ မေ့ပစ်ခံခဲ့ရတာ ဘာကြောင့်ပါလဲ။  ပြည်သူလူထုဦးဆောင်တဲ့ ဂျပန်ဖက်ဆစ်တော်လှန်ရေး သမိုင်းဟာ စစ်အာဏာရှင်လက်ကိုင်တုတ် တပ်မတော်ရဲ့ တဦးတည်း မောင်ပိုင်စီးခြင်းခံခဲ့ရတာ ဘာကြောင့်ပါလဲ။

မဆလ၊ နဝတ၊ နအဖ စစ်အစိုးရများ အဆက်ဆက်နဲ့ လက်ရှိချိန်အထိ ဂျပန်နိုင်ငံရဲ့ အကူအညီ၊ စီမံကိန်း၊ စစ်လျော်ကြေးငွေ အမြောက်အမြားနဲ့  အသက်ရှုချောင်ခဲ့ရတဲ့ ကျေးဇူးကို ထောက်ထားပြီး အတိတ် ဂျပန် ဖက်ဆစ်စနစ်ခေတ်ကို နိုင်ငံတော်အဆင့် ပြန်လည် မထုတ်ဖော် လိုတာကြောင့်ပါလား။  ဂျပန်ရဲ့အကူအညီတွေမှာ ဒီလို ရည်ရွယ်ချက်၊ ဒီလို ချည်နှောင်မှု သဘောတချို့ နောက်ကွယ်က တရားမဝင်ထင်ဟပ်နိုင်မှု ရှိတာ မှန်ပါတယ်။  ဒါပေမဲ့ ပြည်သူလူထု တိုင်းရင်းသား လူမျိုးစု ပေါင်းစုံ စုစည်းညီညာမှုနဲ့ အောင်ပွဲခံခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်းရဲ့ သမိုင်းဂုဏ်ရောင်ပြောင်မှု၊ စစ်ဝါဒီ ဖက်ဆစ်စနစ်ရဲ့ ဆိုးယုတ်မှုနဲ့ ကျဆုံးခန်းတွေကို ဖက်ဆစ်တော်လှန်ရေး ခေါင်းစဉ်နဲ့ တိုင်းပြည်ရဲ့ မျိုးဆက်သစ်ကို အသားပေး မိတ်ဆက်ခြင်း မပြုလိုတာက ခေတ်အဆက်ဆက် မြန်မာစစ်ဗိုလ်ချုပ်များရဲ့ အဓိက စိတ်ရင်းလို့ သမိုင်းကောက်ချက်ဆွဲနိုင်ပါတယ်။

အကြောင်းက ရာစုဝက်ကျော်ကြာ တိုင်းပြည်မှာ ကြိးစိုးခဲ့တဲ့ မဆလ တပါတီအာဏာရှင်အစိုးရ၊ နဝတ၊ နအဖ စစ်အစိုးရများနဲ့ လက်ရှိ ဒီမိုကရေစီ အရပ်သား အမည်ခံ အသွင်ပြောင်း စစ်တပိုင်း အစိုးရ အထိ ခေတ်အဆက် စစ်ဗိုလ်ချုပ်များ မင်းမူတဲ့ စစ်အာဏာရှင်စနစ်ဟာ ဂျပန်ဖက်ဆစ်အမွေကို အပြည့်အဝခံခဲ့လို့ပါပဲ။

ဗိုလ်ချုပ်နေဝင်း-ဗိုလ်ချုပ်စန်းယု၊ ဗိုလ်ချုပ်စောမောင်-ဗိုလ်ချုပ်သန်းရွှေ တပ်မတော်ကနေ လက်ရှိ ဗိုလ်ချုပ်မင်းအောင်လှိုင် တပ်အထိ စစ်အာဏာရှင်စနစ်အောက်က စစ်တပ်ဟာ ဖက်ဆစ်စရိုက်အကျင့် အပြည့်ရှိတဲ့ အာဏာရှင် အသုံးချခံ တပ်မတော်ဖြစ်နေလို့ပါပဲ။  ‘တသွေး၊ တသံ၊ တမိန့်’၊ အမိန့်နာခံ၊ ခိုင်းတာလုပ်၊ ပါးရိုက်ခံ၊ လက်သီးထိုးခံ၊ ကျွမ်းထိုးခံ၊ မအေနှမ ကိုင်တုပ် အဆဲခံ၊ ဘာမှ ပြန်မပြောနိုင်တဲ့ အထက်-အောက် နိုင့်ထက်စီးနင်း မတရားလုပ် ကြီးနိုင်ငယ်ညှဉ်းပြု စတဲ့ ဓလေ့ဆိုးတွေ အရိုးစွဲနေတဲ့ စစ်တပ်အုပ်ချုပ်ရေးက ဖက်ဆစ်အုပ်ချုပ်ရေးစနစ်ပါပဲ။

အမိန့်နာခံတာဟာ ကမ္ဘာမှာ ရှိသမျှစစ်တပ်တိုင်းရဲ့ အသက်သွေးကြောလို့ ပြန်ဆိုချင်ပါမယ်။  မှန်ပါတယ်။  ဒါပေမဲ့ ဒီမိုကရေစီစနစ်အောက်က တပ်မတော်မှာတော့ အောက်ခြေအရာရှိငယ်တွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင် ချခွင့် ရှိကြပါတယ်။  စစ်မြေပြင်မှာ တဒင်္ဂအတွင်း လက်တွေ့ ဆင်ခြင် ဆုံးဖြတ်ရမှုတွေမှာ လိုအပ်ရင် အထက်က အမိန့်ကို ဆန့်ကျင်နိုင်ကြတယ်။

 “You’re beautiful” သီချင်းနဲ့ နာမည်ကြီးသူ အင်္ဂလိပ်လူမျိုး တေးရေး/တေးဆို ‘James Blunt’ ဆိုရင် သူ ဗြိတိသျှဘုရင့်တပ်မတော်မှာ တာဝန်ထမ်းဆောင်နေစဉ် (၁၉၉၆-၂၀၀၂) ကာလ ၁၉၉၉ ခုနှစ် ကိုဆိုဗိုမှာ ငြိမ်းချမ်းတပ်ဖွဲ့အဖြစ် နေတိုးမဟာမဟာမိတ်တပ်ဖွဲ့နဲ့ အတူ ထမ်းဆောင်နေစဉ် လေဆိပ်တခုကို ရုရှားတပ်ဖွဲ့နဲ့အပြိုင် အင်အားသုံး ဝင်ရောက်သိမ်းယူဖို့ ကို သူ့တကိုယ်ရေဆုံးဖြတ်ချက်နဲ့ အထက်က အမိန့်ကိုမနာခံဘဲ နေခဲ့ဖူးပါတယ်။  လေဆိပ်ကို ရုရှားတပ်နဲ့ ညှိနှိုင်းပြီးသာ နှစ်ဖက်ပူးတွဲနေရာယူခဲ့နိုင်တယ်။  နောက်ပိုင်းမှာ ဒီဖြစ်စဉ်ကို တတိယကမ္ဘာစစ်ဖြစ်နိုင်တဲ့ မီးပွားမီးစတခုကို အောက်ခြေအရာရှိငယ်က လိမ္မာပါးနပ်ကိုင်တွဲဖြေရှင်း တားဆီးနိုင်ခဲ့ခြင်းလို့ သုံးသပ်ကြတယ်။  ဒါမျိုး လုပ်ရပ်ကို ဖက်ဆစ်စစ်တပ်မှာ တွေ့နိုင်မှာမဟုတ်ပါ။

ရှမ်းဂီတစာဆို စိုင်းခမ်းလိတ် တေးဖွဲ့ခဲ့ဖူးသလို “အမှန်ကိုဆိုမယ့် ငါ့ပါးစပ်ကို ချုပ်စဉ်အခါမှာ အမှန်ကို မြင်တဲ့ ငါ့မျက်လုံးပါ ဖောက်ပါတော့လား” ဆိုရတဲ့ ရွှေကြယ်ငွေကြယ် ပုခုံးမှာ အပြည့်ပေမဲ့ “လူအမည်ခံတဲ့ စာခြောက်ရုပ်ငယ်ဘဝ” မို့ ဘာဂုဏ်မှမယူနိုင်၊ လူသာရှင်နေ နှလုံးသားသေနေတဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား စစ်သည်မျိုးတွေကိုသာ ဖက်ဆစ်တပ်မှာ တွေ့နိုင်ပါတယ်။  ဒီလိုသဘောကြောင့် မြန်မာပြည်က အာဏာရှင်လက်ကိုင်တုတ် ခေတ်သစ်ဖက်ဆစ် စစ်တပ်ဟာ မတရားတဲ့အမိန့်ဟူသမျှ၊ လူမဆန်မှုများစွာကို မျက်စိမှိတ်၊ နှလုံးသားပိတ်၊ ဆင်ခြင်သိဉာဏ်ဦးနှောက်မဲ့စွာနဲ့ ကိုယ့်ရဲ့ အမိအဘအရာထားရမယ့် လက်နက်မဲ့ ပြည်သူပြည်သားအပေါ်မှာပါ အနိုင့်ထက်ပြု ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြ၊ ဗိုလ်ကျခဲ့ကြ၊ မိုက်ကြေးခွဲကြတာပါ။  ဒါဟာ ဖက်ဆစ်စစ်တပ်ရဲ့ အကျင့် အကြွင်းမဲ့ အမိန့်နာခံရမှုက လာခဲ့တဲ့ လုပ်ရပ်ဆိုးတခုပါ။

ဒါ့အပြင် လူ့အခွင့်အရေးဆုံးရှုံး၊ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဘဝ အခန်းကဏ္ဍ ပျောက်ဆုံးဆိတ်သုဉ်းပြီး ‘နိုင်ငံတော်’ ဆိုတဲ့ စိတ္တဇနာမ်တရားကို မြှင့်ထားတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများရဲ့ အကျင့်ကလည်း ဖက်ဆစ်စရိုက်ပါပဲ။  အမြဲတစေ လူထု ဘဝ အသက် အိုးအိမ် စည်းစိမ် အရာရာ လုံခြုံမှုမဲ့ကာ မြေသိမ်းခံရမလား၊ သေနတ်ပစ်ခံရမလား၊ ညလာ ဧည့်စာရင်းစစ် အဖမ်းခံရလေမလား ဆိုတဲ့ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ ကျီးလန့်စာစားနေရတဲ့ ဘဝကလည်း ဖက်ဆစ်စနစ်အောက်က ဘဝပါပဲ။

‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’ ဆောင်ပုဒ် လက်ကိုင်ထားကာ စစ်အင်အား မလိုအပ်ဘဲ အဆမတန် ကြီးထွားစေပြီး စစ်တပ်၊ စစ်ပွဲနဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံတော်ကာကွယ်ရေးတွေကို အစဉ်အမြဲ ဦးထိပ်တင်ခြင်း၊ တိုင်းပြည်ကိစ္စတိုင်းမှာ ဒီစစ်အမြင်၊ စစ်အတွေး၊ လုံခြုံရေး သဘောတရားတွေ အလွန်အကျွံ ရှေ့တန်းတင် စဉ်းစား မြှင့်တင်ထားခြင်းတွေကလည်း ဖက်ဆစ်တွေလုပ်ခဲ့ပုံပါပဲ။ 

လူနည်းစု လူမျိုးတွေ၊ ဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကို တိုင်းပြည်အန္တရာယ် ဘုံရန်သူအဖြစ် ပုံဖော်လေ့ရှိတာကလည်း ဖက်ဆစ် အကျင့် လုပ်နည်းလုပ်ဟန်ပါပဲ။  တမျိုး၊ တဘာသာ ဗဟိုပြု၊ အစွန်းရောက်မျိုးချစ်စိတ် အသားပေး၊ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မှိုင်းတိုက်၊ လူမျိုးကြီးဝါဒ ကျင့်သုံး ဘာသာရေး၊ လူမျိုးရေးကို အာဏာနိုင်ငံရေးအတွက် အသုံးချခြင်းကလည်း ဖက်ဆစ်နည်းနာပါပဲ။

ဒီလို သဘောကြောင့်သာ မြန်မာပြည်သမိုင်းမှာ ဖက်ဆစ်တော်လှန်ရေးဟာ အဆင့်လျှော့ချမှေးမိန်ခံခဲ့ရတာပါ။  ဒါကို ပြပြင် သမိုင်းအမှန်နဲ့ အကျင့်အကြံပြင်ဖို့ကိုလည်း ဖက်ဆစ်ဝါဒနဲ့ သွေးတူ၊ မွေးတူ ပေါက်ဖွားကျင့်ကြံခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဗိုလ်ချုပ်ဟောင်း ဖြစ်ခဲ့တဲ့ လက်ရှိ ဒီမိုကရေစီ အရေခြုံ စစ်တပိုင်းအစိုးရ သမ္မတ၊ အစိုးရအဖွဲ့နဲ့ တပ်မတော်ဟာ ပျက်ကွက်နေဆဲပါ။

အမြဲတမ်း စကားလုံးအရာနဲ့ ဖာထေး ရွှန်းရွှန်းဝေ ဆိုတတ်တဲ့ ပြန်ကြားရေးဝန် ဗိုလ်ဟောင်း ဦးရဲထွဋ်ကတော့ တရုတ်ပြည် အခမ်းအနားကို သမ္မတနဲ့အဖွဲ့ တက်ရောက်ခဲ့မှု အပေါ် “မြန်မာနိုင်ငံလည်း ဖက်ဆစ်စနစ်အောက်မှာ သုံးနှစ်နီးပါး နေခဲ့ရတော့ ဖက်ဆစ်စနစ်ကနေ သင်ခန်းစာတွေ နမူနာယူပြီးတော့ နောင်ကမ္ဘပေါ်မှာ ဘယ်တော့မှ ဖက်ဆစ်စနစ် ပြန်လည် ထွန်းကားလာခြင်း မရှိအောင် ကာကွယ်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ တက်ခဲ့ခြင်းပါ” ဆိုပြီး မြန်မာ့အလင်းသတင်းစာ (စက်တင်ဘာလ ၅ရက်) မေးမြန်းခန်းမှာ အကြောင်းပြဆိုခဲ့ပါတယ်။ 

ဒါပေမဲ့ စစ်ဗိုလ်ချုပ်များ မင်းမူခဲ့တဲ့ စစ်အာဏာရှင်စနစ်ခေတ် အဆက်ဆက်ကို အသာထား၊ ဒီမိုကရေစီ အရပ်သားအစိုးရ အမည်ခံ ဒီဘက်ခေတ် ငါးနှစ်မှာကို ဆိုခဲ့တဲ့ ဖက်ဆစ်စနစ် လုပ်ထုံး လုပ်နည်း အကျင့်အကြံ၊ လုပ်ရပ်တွေ ဒုနဲ့ဒေး မြင်ခဲ့၊မြင်နေရဆဲပါ။  လက်ရှိ အစိုးရအဖွဲ့ကော၊ တပ်မတော်ပါ ပြန်ကြားရေးဝန်ဆိုခဲ့တဲ့ ဖက်ဆစ်စနစ်ကို သင်ခန်းစာယူမှုတော့ မရှိ၊ အတုယူ နမူနာယူ ပုံတူကူး အမွေခံ ကျင့်သုံးမှုသာ ဖြစ်နေပါတယ်။  နောက်ဆုံး စစ်ဗိုလ်များရဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီတွင်း ခေါင်းဆောင်မှု နေရာယူမှုမျိုးကိုတောင်မှ ဖက်ဆစ်စရိုက် အလက်နက်နဲ့ အင်အားသုံး အဓမ္မ ပြုလုပ်ခဲ့တာ နောက်ဆုံးသက်သေပါပဲ။  ခွင့်တူညီမျှ နိုင်ငံရေးအာမခံမှုနဲ့ အလုပ် အရင်မပြုဘဲ လူနည်းစုတော်လှန်ရေးတပ်တွေ လက်နက်ဖြုတ်တာကိုပဲ မြင်လိုတဲ့ လက်ရှိ စစ်ခေါင်းဆောင်ရဲ့ တဖက်စောင်းနင်း သဘောထားကလည်း လူမျိုးကြီးဝါဒအခြေခံ ဖက်ဆစ်စရိုက်ဟန် အပြည့်ရှိဆဲ ဖြစ်ကြောင်း ထပ်လောင်း ပြသနေပါတယ်။

ဆိုတော့ စစ်ဗိုလ်ချုပ်ဟောင်းများ တရုတ်ပြည်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖက်ဆစ်စနစ် ဆန့်ကျင်မှု အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားကို သွားတက်ခဲ့ခြင်းဟာ နိုင်ငံတကာအရေး၊ အာဏာနိုင်ငံရေးနဲ့ စစ်အုပ်စုဆက်လက်ရှင်သန်ရေး အတွက် သက်သက်သာ ဖြစ်ပြီး သူတို့ ယုံယုံကြည်ကြည် နှစ်နှစ်ကာကာ အမွေခံကျင့်သုံးခဲ့တဲ့ စွန်းရောက်ပြင်းထန် အတ္တကြီး အဓမ္မသဘောဆောင် ဖက်ဆစ်အရောင်အသွေး စရိုက်ကို ဖျောက်လိုခြင်း အမှန်တကယ်မရှိကြောင်း ထင်ရှားပါတယ်။

ဆရာကြီး ဦးရွှေအောင်က စစ်မှန်တဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဆောင်းပါး တပုဒ်မှာ ဆိုခဲ့ဖူးပါတယ်။  ကမ္ဘာ့သမိုင်းမှာ ငါ့မိသားစုကောင်းစားရေးသာ ပဓာန လုပ်ခဲ့သော သက်ဦးဆံပိုင်စနစ်ဟာ ဓမ္မတာနှင့် ဆန့်ကျင်ခဲ့လို့ ကျဆုံးခဲ့ရကြောင်း တွေ့မြင်ခဲ့ရပြီ၊ ငါ့လူမျိုးကောင်းစားရေးသာ ပဓာန ကျင့်ကြံပြုမူခဲ့တဲံ ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒများလည်း  လည်း ဓမ္မတာနှင့် ဆန့်ကျင်ခဲ့လို့ ကျဆုံးခဲ့ကြကြောင်း တွေ့ခဲ့ရပြီးပြီ၊ အတ္တအပေါ်အခြေခံသော ၀ါဒဟူသမျှသည် စစ်မှန်သော ငြိမ်းချမ်းမှုနှင့် စစ်မှန်သော ချမ်းမြေ့မှုကို မဖြစ်စေနိုင်သဖြင့် တခုသောနေ့၊ တခုသောအချိန်တွင် မလွဲမသွေ ကျဆုံးမည်ဖြစ်ကြောင်း ယုံမှားသံသယ မရှိအပ်ပါတဲ့။

ဒီသဘောအတိုင်း နိဂုံချုပ်ဆိုရရင် စစ်မှန်တဲ့ ငြိမ်းချမ်းသာယာမှုကို ပေးစွမ်းနိုင်တဲ့ ဒီမိုကရေစီသုခရိပ်မြုံကို အပြည့်အဝ အစစ်အမှန် မခိုလှုံလိုဘဲ၊ ဓမ္မနဲ့ဆန့်ကျင်တဲ့ အားကြီးသူနိုင်ရာ တောရိုင်းဥပဒေသ စစ်ဝါဒ ဖက်ဆစ်စနစ်ဆိုး အလုပ်၊ အတွေးအခေါ်အခြေအခံတွေကို အမှန်တကယ် မစွန့်လွှတ်နိုင်ဘဲ ပွဲတက်ရုံသက်သက် ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ပြနေသရွေ့၊ အာဏာဆွဲဆန့်ရုံသက်သက် အတုအယောင်သာ ပြောင်းလဲပြနေသရွေ့၊ ဓမ္မနဲ့ဆန့်ကျင်ဘက် ပြုနေသရွေ့ ပြည်သူလူထုရဲ့ မဲရုံမှာ၊ လမ်းပေါ်မှာ နေရာတိုင်းမှာ မပြတ်ဆန့်ကျင်တော်လှန်မှုတွေ ကြုံတွေ့နေရပြီး နောက်ဆုံးတနေ့ ဧကန်မုချ ဗုန်းဗုန်းလဲ ကျရှုံးရမည်သာဖြစ်ကြောင်း စစ်ဗိုလ်ချုပ်အဟာင်းအသစ်ပေါင်းကို ချည်ပြီးတုပ်ပြီး ကြံဆောင်နေတဲ့ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ သတိပေးလိုက်ရကြောင်းပါ။

ငြိမ်းချမ်းအေး

စက်တင်ဘာ ၀၇၊ ၂၀၁၅

(ဆက်သွယ်ရန်နှင့်ပြန်လည်ဝေဖန်ရန်- nyeinchanaye81@gmail.com)

 

ခေါင်းစီးဓာတ်ပုံ – ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က သမ္မတ ဦးသိန်းစိန် တရုတ် သမ္မတ ရှိကျင်းပင်း တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ တွေ့ဆုံစဉ်။  ဓာတ်ပုံ – Xinhua/Ju Peng


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts