တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ဥပဒေဖြင့်/ ဥပဒေအရ/ ဥပဒေနဲ့အညီ အကြမ်းဖက်ဖိနှိပ်မှုများ

တူမောင်ညို – ဥပဒေဖြင့်/ ဥပဒေအရ/ ဥပဒေနဲ့အညီ အကြမ်းဖက်ဖိနှိပ်မှုများ
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅

တချိန်က (နဝတ-နအဖ) စစ်အာဏာရှင်နစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသော၊ ဥပဒေပြုလွှတ်တော်အဆင့်ဆင့် မရှိသော၊ နိုင်ငံရေးပါတီများ မရှိသော၊ရွေးကောက်ပွဲ မရှိသော စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်။

ယနေ့စစ်အာဏာရှင်စနစ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော၊ ဥပဒေပြုလွှတ်တော်အဆင့်ဆင့်ရှိသော၊ နိုင်ငံရေးပါတီများ ရှိသော၊ရွေးကောက်ပွဲရှိသော စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်။

စစ်သံခမောက်ဆောင်းထားတဲ့ စစ်အာဏာရှင်စနစ်ကို “ခေါင်းပေါင်း” ပေါင်းပေးလိုက်ခြင်းဟာ ယနေ့ ပြောဆိုနေကြတဲ့ “အပြောင်းအလဲ” ဖြစ်ပါတယ်။ စစ်သံခမောက်ကို ချွတ်ပြီးနောက် ခေါင်းပေါင်း ပေါင်းခြင်းမဟုတ်ပါ။ စစ်သံခမောက်ပေါ်မှာ ခေါင်းပေါင်း ထပ်ပေါင်းပေးထားခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အခြေခံဥပဒေ ဝတ်ရုံဆင်မြန်းပေးလိုက်ခြင်းသာဖြစ်ပါတယ်။

ယင်းသို့ အပေါ်ယံအသွင်သဏ္ဍာန်အားဖြင့် စစ်အာဏာရှင်စနစ်ကို အခြေခံဥပဒေဝတ်ရုံဆင်မြန်းပြီး ခေါင်းပေါင်း ပေါင်းလာ တာဟာ အချို့လူများအတွက် ကြိုဆိုစရာ၊ နှစ်လိုစရာဖြစ်ပုံရသော်လည်း အဖိနှိပ်ခံ ပြည်သူများအတွက်မှာမူ အနှစ်သာရအရ မည်သို့မျှ ထူးပြီး မခြားနားပါ။  နာကျည်းရွံမုန်းဖွယ်ရာအတိပြီးသော စစ်အာဏာရှင်စနစ် ဖြစ်မြဲ ဖြစ်နေသည်သာပင်။

“မစင်”ကို အမည်လှလှ ဘယ်လိုပင် ပြောင်းလဲပေးပေး  နှင်းဆီပန်းကလေးလို ဘယ်တော့မှ လှပမွှေးမြလာလိမ့်မည် မဟုတ် ပါ။ “မစင်” သည် “မစင်”သာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်လည်း ထိုနည်းတူပင်။

နေပြည်တော်မှာ ပြုလုပ်တဲ့ လူထုဟောပြောပွဲတခုမှာ (NLD) ပါတီဥက္ကဋ္ဌက “အမှန်တကယ် ပြောင်းလဲမှုကို လိုချင်ကြောင်း၊ အပေါ်ယံပြောင်းလဲမှုကို မလိုချင်ကြောင်း၊ စနစ်ကို ပြောင်းရမယ်” လို့ ပြောသွားပါတယ်။

“အမှန်တကယ်ပြောင်းလဲဖို့/စနစ်ကို ပြောင်းလဲဖို့” မဲပေးရုံနဲ့ ရနိုင်ပါ့မလား။ စနစ်ကို “မဲပေးပြီးပြောင်းလဲနိုင်မယ်” ဆိုရင် သိပ်ကောင်းမှာပါပဲ။ “၂၀၁၅ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ခဲ့ရင်” အမှန်တကယ်ပြောင်းလဲနိုင်မလား၊ စနစ်ကိုပြောင်းလဲနိုင်မလား။ လောလောဆယ်ကိုယ်စားလှယ်လောင်းစိစစ်ရေးမှာ (NLD) ပါတီက ၇ ဦး ပယ်ချခံလိုက်ရပြီမဟုတ်ပါလား။

အပေါ်ယံပြောင်းလဲထားတဲ့ စစ်အာဏာရှင်စနစ်ကနေ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သို့ အမှန်တကယ်ပြောင်းလဲမှု၊ စနစ်ပြောင်း လဲမှုကို ဘယ်နည်းလမ်းနဲ့သွားကြမလဲ။ “၂၀၀၈အခြေခံဥပဒေ” ဘောင်ထဲမှာ ပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲကနေ တကယ့်အပြောင်းလဲ ပြုလုပ်နိုင်ပါ့မလား။ စနစ်ကို ပြောင်းလဲနိုင်ပါ့မလား။

ယနေ့ စစ်အာဏာရှင်စနစ်ဟာ “ဥပဒေ”ဝတ်ရုံခြုံထားပါတယ်။ “သေနတ်”နဲ့ဗြောင်ဖိနှိပ်ရာကနေ “တည်ဆဲဥပဒေဖြင့်/ တည်ဆဲ ဥပဒေအရ/ တည်ဆဲဥပဒေနဲ့အညီ” ဖိနှိပ်မှုကို ပြောင်းလဲလာပါတယ်။ “ဥပဒေ”ကို စစ်အာဏာရှင် စနစ်တည်တံ့ရေးနဲ့ ကာကွယ် တိုးချဲ့ ရေးအတွက် ဘက်ပေါင်းစုံကနေ အသုံးချလာတဲ့အခါမှာ မတရားတဲ့ဥပဒေအမျိုးမျိုးကိုဖန်တီး ထုတ်ပြန်လာရပါတယ်။

ဒါကြောင့် မတရားတဲ့ဥပဒေအမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်ရေးဟာ အဖိနှိပ်ခံ ပြည်သူများအတွက် ရှေ့တန်းစစ်မျက်နှာဖြစ် လာပါတော့တယ်။  စစ်တပိုင်းအစိုးရက ဒီလို မတရားတဲ့ အမိန့်ဥပဒေတွေကို ရဲ၊ စစ်တပ်၊ တရားရုံး၊ အကျဉ်းထောင် စတာတွေနဲ့ ကျား ကန်ပေးထားတဲ့အချက်ဟာ ယနေ့စစ်အာဏာရှင်စနစ်ရဲ့ ပကတိသရုပ်မှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် မတရားတဲ့ အမိန့်ဥပဒေမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ကြရမယ့် ခေတ်ကိုရောက်နေပါပြီ။

“တရားဥပဒေစိုးမိုးရေး”လို့ ဘယ်သူကပဲပြောလာပါစေ  ဘယ်လိုတရားဥပဒေတွေက ဘယ်သူတွေအပေါ် ဘယ်လို အတိုင်း အတာနဲ့ ဘယ်လောက်အထိ စိုးမိုးထားရေးလဲ၊  ဆိုတဲ့ မေးခွန်းနဲ့ မေးမြန်းဆန်းစစ်ရပါမယ်။ ပြည်သူတွေ နလံမထူနိုင်အောင်၊ မရုန်းနိုင်၊ မကြွနိုင်အောင် အဖက်ဖက်ကနေ ထာဝစဉ် အညွန့်ချိုး၊ ကန့်သတ်၊ တားမြစ်၊ ဖိနှိပ်ထားတဲ့ ဥပဒေဆိုရင် ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်ကြရမှာပဲဖြစ်ပါတယ်။

မတရားတဲ့အမိန့်ဥပဒေများရဲ့ ပင်မဥပဒေကတော့ “၂၀၀၈ အခြေခံဥပဒေ” ပဲဖြစ်ပါတယ်။

အခုအခါ မတရားမှုအပေါင်း သရဖူဆောင်းထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” ကို “ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း” ပေါ်ထွက်လာပြီ။ “၂၀၀၈ အခြေခံဥပဒေ” ကို ပြည်သူတွေက  ပြင်ဆင်ဖို့ ၊ ဖျက်သိမ်းဖို့ နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုဆန္ဒပြနေတာကို မျက်နှာပြောင်တိုက်ပြီး “အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ဥပဒေကြမ်း” ပေါ်ထွက်လာတာပါ။

ဒီ ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းရဲ့ အနှစ်သာရက “၂၀၀၈ အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံဥပဒေ “အခန်း (၁၂) မှာ ပြဋ္ဌာန်းထားတဲ့ နည်းလမ်းများမှအပ  အခြားမည်သည့်နည်းလမ်းနဲ့မျှမပြင်ရ”လို့  ဆိုတာပါပဲ။ အဓိပ္ပါယ်က စစ်တပ်က(ကာချုပ်က)  (စစ်ဗိုလ်၂၅%က) သဘောတူမှသာ “ပြင်ခွင့်/ပြောင်းခွင့်ရှိမယ်” ဆိုတဲ့ အချက်ကို အတိအလင်းအသိပေးလိုက်တာပဲဖြစ်ပါတယ်။ အခြား နည်းလမ်းတွေနဲ့ပြင်ဆင်ခွင့်/ပြောင်းလဲခွင့်မရှိဘူးဆိုတော့ ဒါဟာ “အခြေခံဥပဒေပြင်ဆင်ရေး” ကို စစ်တပ်က အကန့်အသတ်မရှိ သိမ်း ပိုက်ထားလိုက်တာပဲ ဖြစ်ပါတယ်။ လက်မှတ်ငါးသန်းနီးပါးရခဲ့ဖူးတဲ့လှုပ်ရှားမှုမျိုး နောက်ထပ်လုပ်လို့ မရအောင် ကြိုတင်၊ ကန့်သတ်၊ ထိန်း ချုပ်လိုက်တာပါပဲ။  ဒါ့အပြင် လွှတ်တော်ထဲရောက်လာပြီး  လေးစားလိုက်နာ ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကျမ်းကျိန် ထားသူတွေကို မလှုပ်နိုင်အောင် ထပ်မံချည်တုတ်လိုက်တဲ့ နောက်ထပ် ကြိုးတစ်ချောင်းလည်းဖြစ်ပါတယ်။

ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်း အခန်း (၂) မှာဖော်ပြထားတဲ့ “ တားမြစ်ချက်များ”  (က) မှ  (စ)  အထိကို ကြည့်လိုက် ပါ။ “၂၀၀၈ အခြေခံဥပဒေ”ကို “မျက်စောင်းထိုး” ရင်ပဲ ထောင်ဒဏ်သုံးနှစ်ချခံရတော့မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကို အမြစ်ဖြုတ်ဖျက်သိမ်းပစ်ဖို့ဖြစ်ပါတယ်။ (NCA) စာချုပ်နဲ့အတူ အချိန်ကိုက် ချမှတ်လာတဲ့ ခြေလှမ်းလည်းဖြစ်နေပါတယ်။
ယနေ့အခါမှာ မတရားတဲ့အမိန့်ဥပဒေတွေကို ရှေ့နေချုပ်ရုံးကနေ ရေးသားဖန်တီးပေးပြီး၊ ပြည်ထောင်စုလွှတ်တော်ကနေ ရာဘာတံဆိပ်တုံး ထုပေးနေတာပါ။

(ဖဆပလ) အစိုးရနဲ့ ဦးနု စိတ်ကြိုက် လုပ်ချင်တာမှန်သမျှကို  ဦးအေးမောင် က ဥပဒေဖြစ်အောင်  ကြံဖန်ပေးခဲ့ပါတယ်။ ဗိုလ်နေဝင်းရဲ့ (မဆလ) တပါတီအာဏာရှင်စနစ်အတွက် ဥပဒေလက်ကိုင်ဒုတ်ကတော့ ဒေါက်တာမောင်မောင်ပါပဲ။ ဗိုလ်နေဝင်းလုပ်ချင် တာ တွေကို ဥပဒေအဖြစ် ဖန်တီးပေးပြီး (မဆလ) လွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုပေးပါတယ်။ ယနေ့ အခြေခံဥပဒေ အရေခြုံ စစ်အာဏာရှင်စနစ်မှာတော့ ဒေါက်တာထွန်းရှင်နဲ့ရှေ့နေချုပ်ရုံးဟာ စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်အတွက် လက်စွဲတော်ကြီးဖြစ်ပါတယ်။

အခြေခံဥပဒေရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ  ဖိနှိပ်အကြမ်းဖက်မှုမှန်သမျှဟာ   “ဥပဒေဖြင့်/ ဥပဒေအရ/ ဥပဒေနဲ့အညီ” ဖြစ်တယ်လို့ စစ်တပိုင်းအစိုးရ ပါးစပ်ကနေ တဖွဖွ ပြောဆိုနေပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts