ကဗျာ

မောင်လွမ်းဏီ – မြစ်ညများ

မောင်လွမ်းဏီ – မြစ်ညများ
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅

ဆည်းဆာလွန် ညဦးပဲ
ဝေးခဲ့တဲ့ ညများ၊ တလျားတနံ
အသွားအပြန် မရှိခဲ့တဲ့ ညစိမ်းများ
ဝိုးတ၀ါးပုံရိပ်၊ အတိတ်ကတော့
စိုးထိတ်ခဲ့ရတဲ့ ညတွေပေါ့။

မောင် ဘယ်မလဲ
ရင်ကွဲသူတယောက်
မောင့်ပုဆိုးတွေ ဖြန့်လိုက် ခေါက်လိုက်မိတဲ့ညမျိုး
အဝေးက အဝေးကို အတွေး လျှောက်လှမ်းရတဲ့ ညမျိုး
ရေချိုးဆိပ်တွေမှာ၊ ဒဏ်ရာအနာတရနဲ့ပါကွယ်
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာဆိုတာမျိုး ဖြစ်မယ်ထင်။

ကျွန်တော်
ငယ်ဘ၀ကို မမေ့မလျော့
ကျွန်းမကြီးပေါ် စိတ်လက်ပေါ့ပါး ခုန်ပေါက်တော့
ကြောက်စိတ်တွေ ပျောက်တယ်
ပျော်ချက်က ၉ ကျော်မယ်။

ညတွေ
လွန်မြောက်ချင်တဲ့စိတ်နဲ့ပဲ
မြစ်တွေကို
ချစ်နေရတာပဲ မွန်။     ။

မောင်လွမ်းဏီ
၁၃ ဇူလိုင် ၂၀၁၅

ခေါင်းစီးဓာတ်ပုံ – ကိုညီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts