သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း( ၅ )

(မြန်မာတိုင်းရင်းသားစစ်ဘေးဒုက္ခသည်များ)


မောင်မောင်စိုး – ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း( ၅ )

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၅

NCA နှင့်တိုက်ပွဲများ

NCA သဘောတူညီချက်မူကြမ်းရရှိပြီဟုဆိုသည့် ၂၀၁၅ မတ်လတွင်၎င်း နောက်ပိုင်းတွင်၎င်း လော လောဆယ် NCA အချောသတ် ရရှိပြီဟုဆိုသည့် အချိန်တွင်၎င်း တိုက်ပွဲများသည် ရပ်တန့်မသွားပေ။ အနှံ့အပြား မဟုတ်သော်လည်း အကန့်အသတ်နှင့် ဖြစ်နေဆဲဟုဆိုရမည်။

ယခု သြဂုတ်လအတွင်း၌ပင် KIA ဒေသ ကချင် ပြည်နယ် ဆွမ်ပရာဘွမ်ဘက်တွင်၎င်း ရှမ်းပြည် မြောက်ပိုင်းတွင်၎င်း TNLA ပလောင်ဒေသတွင် ၎င်း KNU တပ်မဟာ ၅ နယ်မြေတွင်၎င်း ကိုးကန့်ဒေသ တွင်၎င်း NCA လက်မှတ်ထိုးမည်ဆိုသည့် RCSS နယ်မြေတွင်၎င်း တိုက်ပွဲများ ဖြစ်ပွါးနေသည်ကို တွေ့ရသည်။

MPC မှသူများ၏ အဆိုအရ NCA လက်မှတ်မထိုးမှီ အပစ်ရပ်ရေး နယ်မြေမသတ်မှတ်မှီ ရှောင် လွှဲရန်ခက်ခဲသည်ဟုဆိုသည်။ သို့သော် TNLA နှင့် ကိုးကန့်မှအပ ကျန်အဖွဲ့များမှာ အပစ်ရပ်ရေး အတွက် ပြည်နယ်များတွင်ပါ သဘောတူထားပြီး ဖြစ်ရာ ထိမ်းသိမ်းလိုက ထိမ်းသိမ်းနိုင်သည်ဟု ယူဆကြသည်။

သို့ဖြစ်ရာ စစ်ရေးအကဲခတ်များက ဤတိုက်ပွဲများသည် NCA သဘောတူညီချက်အတွက် စစ်ရေးအရ ဖိအားပေးခြင်း ဖြစ်ဖွယ်ရှိသည် ဟု သုံးသပ်ကြပါသည်။ ပြီးခဲ့သော ပြည်တွင်းစစ် နှစ် ၆၀ ကျော် အတွေ့အကြုံအရ အမြစ်ဖြတ်ချေမှုန်းရေးသည်၎င်း အပြုတ်တိုက်ရေးသည်၎င်း အလုပ်မဖြစ်ခဲ့သည်ကို အားလုံးဂရုပြုသင့်သည်။ တိုင်းပြည်ဘဏ္ဏာကို ချုပ်ကိုင်ထားနိုင်သည့် အစိုးရစစ်တပ်အဖို့ စစ်လက်နက်အင်အားတွင် အသာစီးရသည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိကာလတွင် အထူးသ ဖြင့် လေကြောင်းနှင့်လက်နက်ကြီးပစ်ကူပိုင်းတွင် အစိုးရစစ်တပ်က အသာစီးဖြစ်သည်။ လက်ရှိ ကာလတွင် မြန်မာစစ်ဖက်အနေနှင့် စတုတ္ထမျိုး ဆက် စစ်လေယာဉ်အမျိုးအစားများတပ်ဆင်လာ နိုင်ပြီဖြစ်ရာ မြေပြင်မှသာမန် လေယာဉ်ပစ်စက် ကြီး မဆိုထားနှင့် ပုခုံးထမ်းဒုံးကျည်နှင့်ပင် ပစ်ချရန် ခက်ခဲပြီဖြစ်သည်။

သို့သော် နောက်ဆုံးပေါ်နည်းပညာအမြင့်ဆုံး လေကြောင်းတိုက်ခိုက်မှုကို ပိုင်ဆိုင်ထားသော အမေရိကန်ပင် အာဖဂန် အီရတ်စစ်ပွဲများတွင် မည်မျှပင် လေကြောင်းအသာစီးရယူထားနိုင်သည် ဆိုပေမဲ့လည်း မြေပြင်၌ အဆုံးသတ်ရန်ခက်ခဲ သည်ကိုတွေ့ရပေသည်။ အဘယ်ကြောင့်ဆိုသော် အဆုံးဖြတ်ပေးရမည့် မြေပြင်စစ်ပွဲ၌ ဒေသခံတို့၏ လူမျိုးရေး ဘာသာရေးပြင်းထန်မှု မြေအနေအထား နှင့် ဒေသခံတို့၏ထောက်ခံမှုရယူရန် ခက်ခဲခြင်း တို့ကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ လေကြောင်း အသာစီးရမှုသည် စစ်ပွဲတွင် အသာစီးရစေသောအချက်ဖြစ်သော် လည်း စစ်ပွဲအောင်နိုင်ရေးအတွက်အာမခံချက် မဟုတ်ပေ။

စစ်ပွဲတပွဲ အောင်နိုင်မှုဆိုသည်မှာ စစ်တပ်အင်အား စစ်လက်နက်အင်အား စစ်မဟာဗျူဟာတို့သာမက ဒေသခံပြည်သူတို့၏ အခန်းကလည်း အရေးကြီးသည်ကို မမေ့သင့်။ပြည်သူတို့ထောက်ခံမှုမရယူနိုင်သည့် စစ်ပွဲများ သည် အောင်နိုင်လေ့မရှိပါ။

NCA ၏ အလားအလာ

NCA ဆိုသည်မှာ တနိုင်ငံအပစ်အခတ် ရပ်စဲရေးဟု ဆိုသော်လည်း လက်တွေ့တွင် တနိုင်ငံလုံးမဟုတ်သည်ကို တွေ့နေရသည်။

စုစုပေါင်း ၂၁ ဖွဲ့တွင် ချန်ခဲ့သည့် ၆ ဖွဲ့ ၊ ကျန်ရစ်နေ မည့် ၂ ဖွဲ့ပေါင်းလျင် ပေါင်း ၈ ဖွဲ့ မပါနိုင်။ ကျန် ၁၃ ဖွဲ့ ထဲမှလည်း လက်မှတ်ထိုးရန် ကြေငြာထားသည်မှာ ၅ ဖွဲ့သာရှိသေး၍ ကျန် ၈ ဖွဲ့မှာ မသေချာသေး ပေ။ စက်တင်ဘာ ၉ ရက်သည် အဖြေတွေ့ရမည်။ ထိုတွေ့ဆုံမှုမတိုင်မှီ တွေ့နေရသော အချက်များ အရ တနိုင်ငံလုံးအပစ်ရပ်ရန် လိုနေအုံးမည်ဟု သုံးသပ်ရပေသည်။

ထို့ကြောင့်လည်း UPWC မှ ဦးအောင်မင်းက အားလုံးနှင့်မထိုးနိုင်လျင် ရှေ့ဆက်သွားချင်သည့်အဖွဲ့များ၏ ဆန္ဒကိုထည့် သွင်းစဉ်းစားမည်ဟု ဆိုခဲ့ခြင်း ဖြစ်ပုံရသည်။ ဆက် လက်ပြီး ဦးအောင်မင်းက လက်ရှိအပစ်ရပ်ရေးကို ထိမ်းပြီး နောင်အစိုးရထိ ထိမ်းသွားဘို့ စဉ်းစား ထားသည်ဟု ဆိုခဲ့သည်။ အမှန်ပင် လက်ရှိ NCA အား အားလုံးပါဝင် လက်မှတ်မထိုးနိုင်မှီ အပစ်ရပ်ရေးအားထိမ်းသိမ်း ပြီး ဆက်လက်ညှိနှိုင်းကြိုးပမ်းသွားရန် လိုပေ သည်။

လက်ရှိအများက စိုးရိမ်ပူပန်မှုရှိနေသည်မှာ မြန်မာစစ်ဖက်ခေါင်းဆောင်က လက်နက်ချရမည်ဟု တောင်းဆိုထားသော MNDAA/AA/TNLA/KIA တပ်မဟာ ၄ တို့ဖြစ်သည်။ အကယ်၍ ထိုအဖွဲ့ များ လက်နက်ချရန် ငြင်းပယ်ပါက ငြင်းပယ်ရန် လည်း သေချာသလောက်ရှိနေချိန်တွင် အကျိုး ဆက်ကား မည်သို့ရှိလာမည်နည်း။ စစ်အင်အား သုံး၍ ဖြေရှင်းမည်လော။ စစ်ပွဲလောဟု အများက တွက်ဆကြပါသည်။မြန်မာစစ်ဖက်ခေါင်းဆောင်၏ ယတိပြတ်ငြင်းပယ်မှု  ဤသို့သော စိုးရိမ်ပူပန်မှု ပေါ်လာခြင်းမှာ မထူးဆန်းဟုဆိုရပေမည်။

မြန်မာပြည်တွင် လာမည့် အောက်တာဘာ လကုန် သီတင်းကျွတ်သည်မှစ၍ မေလဆန်းထိ ပွင့်လင်းရသီဖြစ်သည်။ မိုးလေကင်းစင်၍ ခြောက် သွေ့သောရာသီဖြစ်သည်။ လေကြောင်းပစ်ကူ နှင့်လက်နက်ကြီးပစ်ကူအတွက် ကောင်းမွန်သော ရာသီဥတုဖြစ်သလို မြေပြင်တပ်များ ပေါ့ပါးလျင် မြန်စွာ လှုပ်ရှားနိုင်သော ရာသီဥတုဖြစ်ပေရာ ကြီးမားသော ထိုးစစ်များ စစ်ဆင်ရေးများ ကြုံတွေ့ ရလေ့ရှိသည်။ သို့ဖြစ်ရာ လာမည့်ပွင့်လင်းရာသီတွင် စစ်ပွဲများ ပြန်စလာနိုင်မည်လော စဉ်းစားဘွယ်ဖြစ်သည်။

သို့ သော် နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေး ကောက်ပွဲရှိနေရာ အကယ်၍ ထိုးစစ်များ စစ်ပွဲများ ပြန်လည်ဖြစ်ပွါးပါက ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၈ ရက်နောက်ပိုင်းနှင့် နောက်အစိုးရတက်မည့် ၂၀၁၆ နှစ်ဆန်းကြား အချိန် ၂ လ ၃ လခန့်သည် စစ်ဖြစ်နိုင်စရာ အလားအလာ အများဆုံးဟု ဆိုရ ပေမည်။

စစ်ဖြစ်ရာနေရာသည် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်နိုင်ချေများ သည်ဟု ဆိုရမည်။

စစ်နှင့်ပတ်သက်သည့်အဆုံးအဖြတ်ကို လူတို့ ချမှတ်သည်ဖြစ်ရာ စစ်ကိုရှောင်သည့် အဆုံး အဖြတ်ကို လူတို့ပြောင်းလဲချမှတ်ဘို့သာ မျှော်လင့် ရပေမည်။ စစ်ရေးအကဲခတ်များ၏ အဆိုအရ ယခု နှစ်ဆန်းပိုင်း ကိုးကန့်စစ်ပွဲတွင် စစ်စားရိတ်အကုန် အကျ လွန်စွာများပြားခဲ့သည်ဖြစ်ရာ ယခုနှစ် အတွင်း နောက်တကြိမ်ကြီးမားသည့်စစ်ပွဲ ဆင်နွှဲ ရန်ခက်ခဲနိုင်သည်ဟု သုံးသပ်ကြသည်။ လက်တွေ့ တွင်လည်း အစိုးရအနေနှင့် တပြည်လုံးအတိုင်း အတာအရ ကြီးမားသော ရေဘေးဒုက္ခကြုံနေရ သည့်တိုင် အစိုးရအနေနှင့် အရေးပေါ်ရံပုံငွေတရပ် သီးခြားကြေငြာနိုင်ခြင်းမရှိဘဲ ပုံမှန် အစိုးရအသုံး စားရိတ်များမှ သုံးစွဲနေသည်ကိုတွေ့ရသည်။ သို့ သော် နေရာဒေသကို ရည်စူး၍ ထိုးစစ်တရပ် စစ်ဆင်ရေးတရပ် မထိုးနိုင်လောက်သည့် အခြေအနေ တော့ မဟုတ်ပေ။ စစ်ဆင်လိုပါက ထိုးစစ်ဆင်နိုင် သည့် အခြေအနေတွင်ရှိသည်ဟုသုံးသပ်ရသည်။

သို့ဖြစ်ရာ ပြသနာကို ဘယ်လိုသဘောထား မလဲ ဆိုသည်ပေါ်၌သာ မူတည်ပေတော့သည်။ လက်ရှိအခြေအနေကို ထိမ်းသိမ်းပြီး နောက်တ ဆင့်တက်နိုင်မှသာ စစ်ပွဲနေရာတွင် ငြိမ်းချမ်းကို အစားထိုးနိုင်ပေလိမ့်မည်။ ညှိနှိုင်းမှု ရှိမှသာ ငြိမ်းချမ်းရေး ရနိုင်ပေမည်။ ခိုင်မာသော မူနှင့်အတု ပျော့ပြောင်းသောပေါ်လစီရှိမှသာ ငြိမ်းချမ်းရေး ရနိုင်ပေလိမ့်မည်။

စစ်သည် နိုင်ငံရေး၏အဆက်ဟုဆိုကြသည်။ နိုင်ငံရေးအရဖြေရှင်းနိုင်လျင် စစ်ပွဲမလိုအပ်ပေ။ နိုင်ငံရေးအရ မဖြေရှင်းနိုင်လျင်တော့ စစ်ပွဲအား ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။

နိဂုံး

NCA ဆိုသည်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးသဘောတူညီချက် ဖြစ်သည်။ တနိုင်ငံလုံးဆို သည့် ဝေါဟာရနှင့်အညီ တနိုင်ငံလုံးအတိုင်း အတာဖြင့် ပါဝင်ဘို့လိုပေမည်။ တနိုင်ငံလုံး အားလုံးပါဝင်ပြီး စစ်မီးအကြွင်းအကျန်အစအနများ မကျန်ရေးကိုဂရုပြုသင့်ပေသည်။ ထို့အတွက် အားလုံးနားလည်မှု ယုံကြည်မှုရှိသည့် အခြေအနေတရပ်ကို ဖန်တီးကြဘို့လိုပေမည်။

NCA သည် တနိုင်ငံလုံးငြိမ်းချမ်းရေးအတွက် ဖြစ်သည်။ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ရှိဘို့အတွက်ဖြစ်သည်။ ယခုအခါ အားလုံးက လက်ခံသည်ဆိုသော ဖက်ဒရယ်ပြည်ထောင်စု အတွက်ဖြစ်သည်။ ရေရှည် ထာဝရတည်တန့်ဘို့ အတွက်ဖြစ်သည်။

NCA သည် တစိတ်တပိုင်းအကျိုးအတွက် မဟုတ်ပါ။ အဖွဲ့အစည်းတခုအကျိုးအတွက် မဟုတ် ပါ။ လူတစုအကျိုးအတွက်မဟုတ်ပါ။ ကာလတို တခု၏အကျိုးအတွက်မဟုတ်ပါ။ NCA ဆိုသည်မှာ နိုင်ငံရေး စစ်ရေးအရ ဘက်တဘက် အဖွဲ့တဖွဲ့၏ ရေတို အက်ျိုးအမြတ်အတွက်မဟုတ်ပါ။ NCA ဟုခေါ်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးသဘောတူညီချက် ဆိုသည်မှာ တနိုင်ငံလုံး တိုင်းရင်းသားအားလုံး၏ အနာဂါတ်နှင့်ဆိုင်သော အရေးကိစ္စ ဖြစ်ပါသည်တိုင်းပြည်အနာဂါတ်အတွက် အခြေခံအုတ်မြစ်ကောင်းဖြစ်ဘို့ကသာ အရေးကြီးဆုံးဖြစ်ပါသည်။

ပြီးပါပြီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts