Han Thit Naing သတင်းပဒေသာ

၂၃ပါတီဖြင့် စုစည်းထားသော (NBF)ညီနောင်တိုင်းရင်းသားပါတီ မှ သတင်းထုတ်ပြန်

၂၃ပါတီဖြင့် စုစည်းထားသော (NBF)ညီနောင်တိုင်းရင်းသားပါတီ မှ သတင်းထုတ်ပြန်

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၂ရက်၊ ၂၀၁၅ခုနှစ်

ညီနောင်တိုင်းရင်းသားပါတီ (၂၃)ပါတီဖြင့် ဖွဲ့စည်းထားသော( NBF) NATIONALITIES  BROTHERHOOD FEDERATION သည် ၂၀၁၅ပါတီစုံအထွေထွေရွေးကောက်ပွဲ အတွက် စက်တင်ဘာ (၂)ရက်၊ ၂၀၁၅ခုနှစ်တွင် လသာမြို့နယ်ရှိ NBF ရုံးခန်းတွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့သည်။

NBF ၏ အဓိကရည်ရွယ်ချက်မှာ (၁)ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ (၂)တိုင်းရင်းသား များအားလုံး တန်းတူဖွံ့ဖြိုးတိုးတက်ရေး၊ (၃)ဒီမိုကရေစီစနစ်ထွန်းကားရေး ဟူသောလမ်းစဉ်ဖြင့် ရည်တည် နေသည်။ NBF သည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၉၄)ဦး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် (၂၄)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၂)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်(၁၆၀)ဦးဖြင့် လွှတ်တော်ထဲတွင်ထမ်းဆောင်ခဲ့ပြီး၊ ယခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NBF သည် မြန်မာပြည်အနှံ့ တိုင်းရင်းသားဒေသများအားလုံးအပါအဝင် ပြည်နယ်\တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် (၃၈၁)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၁၆)ဦး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁၈၄)ဦးနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး (၂၉)ဦး၊ စုစုပေါင်း (၇၁၀)ဦး ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲတွင် NBF သည် စစ်တပ်နောက်လိုက်ပါတီမဟုတ်သလို၊ NLD ပါတီနောက်လိုက် မဟုတ်ခဲ့ကြောင်း၊ တိုင်းရင်းသားအရေးအတွက် တိုင်းရင်းသားမဟာမိတ်များစုစည်း ထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် တည်နေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ရွေးကောက်ပွဲ အနိုင်ရလဒ်ပေါ် မူတည်ပြီး တိုင်းရင်းသားများအရေးအတွက် အနိုင်ရပါတီနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်းအမျိုးသားပါတီမှ ဦးလှစောက ပြောပြသည်။

ဆက်လက်၍ “ကျနော်တို့ NBFဟာ စုစုစည်းစည်း ကျစ်ကျစ်လစ်လစ်ဖွဲ့ထားတဲ့ တိုင်းရင်းသား များမဟာမိတ် အဖွဲ့ဖြစ်ပါတယ်၊ လောလောဆယ်ဘယ်ပါတီနဲ့မှ မဟာမိတ်ဖွဲ့တာမရှိဘူး” ဟု ပြောသည်။

NBF သည် ၂၀၁၀ရွေးကောက်ပွဲတွင် ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ချင်း(၅)ပါတီဖြင့် စတင်ထူထောင်ခဲ့ပြီး၊ ၂၀၁၀ နောက်ပိုင်းတွင် ထပ်ပြီးစုစည်းတိုးချဲ့ထားသဖြင့် (၂၃)ပါတီဖြစ်လာပြီး ပြည်နယ် (၇)ခုတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။  ၂၀၁၆ ပြည်ထောင်စုလွှတ်တော်အတွင်း သမ္မတရွေးချယ်မှုတွင် NBF ၏အခန်းကဏ္ဍသည် အဓိကအရေးပါသည်ဟု သိရသည်။

ကျားဖြူပါတီ၏အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်း၊ ရခိုင်းအမျိုးသားတိုးတက်ရေးပါတီ မှဦးလှစော၊ ဖက်ထရယ်ပြည်ထောင်စုပါတီမှ ဦးစောသန်းမြင့်တို့မှ ရှင်းလင်းပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts