သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း (၃)


မောင်မောင်စိုး – ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း (၃)
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅

• လက်နက်ဖြုတ်သိမ်းရေး
မြန်မာစစ်ဖက်ခေါင်းဆောင်များ၏ သဘောထားဖြစ်သော NCA လက်မှတ်ထိုးပြီးနောက် လက်မှတ်ထိုးသည်အဖွဲ့ရော လက်မှတ်မထိုးသည့် အဖွဲ့ပါ DDR/SSR နှင့်လက်နက် ဖြုတ်ရမည် ဆိုခြင်းသည်၎င်း MNDAA/TNLA/AA နှင့် KIA တပ်မဟာ ၄ တို့လက်နက်ချရမည်ဆိုသည်မှာ လက်တွေ့ဖြစ်နိုင်ချေအရ မလွယ်ကူလှပေ။

တိုင်းရင်းသားလက်နက်ကိုင်များတင်ပြသည့် SSR လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းမှုဆိုရာ၌ ၎င်းတို့၏တပ်များအား သင့်လျော်သည့်ဖွဲ့စည်းမှုအဖြစ်ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်သည်။ ပြည်နယ်တပ် သို့မဟုတ် စစ်ရဲတပ်ရင်းများစသည့် ပုံစံတမျိုးမျိုးပြန်လည်ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်သည်။ သို့အတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုပြုလုပ်သွားလိုသည်။ ထို့ပြင် စစ်တပ်လက်ရှိပါဝင်နေသည့် အခန်းကိုလည်း လျော့ချဘို့လိုသည်ဟု သူတို့သဘောထားကို အရိပ်အမြွက်ဆို ထားသည်။

သို့ဖြစ်ရာ NCA လက်မှတ်ထိုးပြီးနောက် မလွှဲမရှောင်သာ နိုင်ငံရေးဆွေးနွေးပွဲတွင် တွေ့ရမည်အချက်ဖြစ်သည်။ တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့များရှိနေသ၍ စစ်တပ်အနေနှင့် မြန်မာ့နိုင်ငံရေးမှ နောက်မဆုတ်နိုင်ဟု ဆိုထားသည်။ တိုင်းရင်းသားလက်နက်ကိုင်များကလည်း SSR အရ စစ်တပ်အခန်းကိုလျော့ချနိုင်မှ တိုင်းရင်းသားတို့ အခွင့်အရေးရနိုင်မည်ဟု ယူဆ ထားပေရာ ကြက်ဥနှင့် ကြက် ဘယ်ကအရင်စသနည်းဟူသော အငြင်းအခုံမျိုး ဖြစ်ပေလိမ့်မည်။

လက်တွေ့ကျကျစဉ်းစားလျှင် လက်ရှိ MNDAA/AA/TNLA/ KIA တပ်မဟာ ၄ တို့အား လက်နက်ချခိုင်းခြင်းသည်လည်းကောင်း၊ တဖန် NCA လက်မှတ်ထိုးရန်ငြင်းပယ်ထားသည့် UWSA နှင့်မိုင်းလားအဖွဲ့တို့ကို လက်နက်ဖြုတ်သိမ်းခြင်းသည်လည်းကောင်း လွယ်ကူလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်ချေအလွန်နည်းသည်။ မြန်မာစစ်တပ်အနေနှင့် မိမိရည်မှန်းချက်ကို စစ် အင်အားနှင့် ရယူခဲ့သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖို့ သူတို့၏အခွင့်အရေးကို လက်နက်ကိုင်၍ ကာကွယ် ရမည်ဆိုသည့်အမြင်မှာ ရှည်ကြာခဲ့သောပြည်တွင်းစစ်အတွင်း အရိုးစွဲလာသော အယူအဆ ဖြစ်သည်။

သို့ဖြစ်ရာ ထိုအဖွဲ့များ လက်နက်မချလျှင် လက်နက်ဖြုတ်သိမ်းရန်လက်မခံလျှင် မည်သို့ဆောင်ရွက်မည်နည်း။ စစ်မှအပ အ ခြားနည်းလမ်း မရှိတော့ပေဘူးလော။ ထိုသို့ အခြားလမ်းကိုမရွေးနိုင်ပါက တပြည်လုံး အပစ်ရပ်ရေးဆိုသည်မှာ ဖြစ်နိုင် တော့မည် မဟုတ်ပါ။ လက်ရှိ ချန်ထားမည့်အဖွဲ့များကိုကြည့်လျှင်ပင် ရှမ်းပြည်မြောက်ပိုင်းသည် ငြိမ်သက်ဘွယ် မမြင်ပေ။ ဤမီးစသည် တရုတ်နယ်စပ်တလျောက် ထိမ်းသိမ်းရန်ခက်ခဲသည့်အခြေအနေမျိုး ဆိုက်ရောက်နိုင်သည်ကို ဂရုပြုရန် လိုပေ လိမ့်မည်။

• နိုင်ငံရေးပြဿနာ
တကယ်တော့ နိုင်ငံရေးပြဿနာသည် လက်နက်ကိုင်တပ်ဖွဲ့ပြဿနာထက် ပိုအရေးကြီးသည်။ နိုင်ငံရေးပြဿနာ ဖြေရှင်း နိုင်မှ လက်နက်ကိုင်တပ်ပြဿနာအပါ ကျန်ပြသနာများကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထို့ပြင် တိုင်းရင်းသားတို့နှင့်ပြဿနာမှာ ဒီမိုကရေစီပြဿနာမဟုတ်ပေ။ တန်းတူရေးပြဿနာဖြစ်သည်။ တိုင်းရင်းသားတို့တောင်းဆိုနေသည့် ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်တို့ ပါဝင်သည်။ တိုင်းရင်းသားပြည်နယ်များမှ သယံဇာတ များ အား ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပိုင်ခွင့်တို့ ပါဝင်သည်။သူတို့အားကာကွယ်ပေးမည့် ပြည်နယ်အလိုက် လက်နက်ကိုင်တပ်ဖွဲ့ များပါသည်။

ဤနိုင်ငံရေးပြဿနာသည် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဘို့လိုသည်ကို ရည်ညွှန်းသည်။ လက်ရှိ အစိုးရကလက်ခံသည် ဆိုသည် ဖက်ဒရယ်ပုံစံနှင့် တိုင်းရင်းသားများလိုလားသည့် ပုံစံကြားကွာဟမှုများ ရှိနေဆဲဖြစ်သည်။ ထိုအခြေအနေအောက် တွင် NCA စာချုပ်တွင်ကျော်လွှားခဲ့သည့်အချက်များသည်နိုင်ငံရေးဆွေးနွေးပွဲတွင် ထိပ်ရောက်လာပေမည်။ အစိုးရဖက်က ၂၀၀၈ အတိုင်းကိုင်တွယ်ရန် ကြိုးစားပါက ဖြစ်နိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားလက်နက်ကိုင်များက ၂၀၀၈ အခြေခံ ဥပဒေကို လက်မခံဟု စောစီးစွာ ပြောခဲ့ပြီးဖြစ်သည်။ ၂၀၁၅ ဇူလိုင်၁၈ ရက်နေ့ ဧရာဝတီသတင်းဌာနနှင့် ပြုလုပ်သောအင်တာ ဗျူးတွင် SD အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်က ၂၀၀၈ အခြေခံဥပဒေကို လက်မခံဟု ထပ်မံပြောဆိုခဲ့သေးသည်။

နိုင်ငံရေးပြဿနာ တန်းတူရေးပြဿနာသည် လက်နက်တပ်ဖွဲ့ပြဿနာဖြေရှင်းရေးအတွက် အခရာဖြစ်သည်။ နိုင်ငံရေးပြ ဿနာ မဖြေရှင်းနိုင်ဘဲ တိုင်းရင်းသားအဖွဲ့တို့ လက်နက်ကိုင်တပ်ကိုအထိပါးခံမည့်ပုံမပေါ်ချေ။

• NCA အမြန်ထိုးနိုင်ရေးလော
NCA အား လက်မှတ်အမြန်ထိုးနိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအမြန်ရရှိအောင် ဆောင်ရွက်ရေးသည် တူသလိုလို ရှိသော် လည်းကွဲလွဲမှုရှိသည်။ လက်ရှိ NCA လက်မှတ်ထိုးခြင်းသ ည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခါးဖွင့်ခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိ NCA တွင်ပါဝင်သည့် အချက်များမှာ ယခင်ကကဲ့သို့ အခုအပစ်ရပ် နိုင်ငံရေးပြဿနာ နောက်မှဆွေးနွေးမည်ဆိုသည် ထက်ပိုပါသည်။

ယခု NCA တွင် နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေခံအချက်များ တိုင်းရင်းသားအဖွဲ့များအဆိုအရ နိုင်ငံရေးအာမခံချက်များ ထည့်သွင်းလိုသည်။ ထို့ကြောင့်လည်း ကြန့်ကြာနေခြင်းဖြစ်သည်။ အမှန်တော့ ဤကဲ့သို့သော အခြေခံအချက်များကိုထည့်သွင်းနိုင်မှသာ အစကောင်း၍ အနှောင်းသေချာပေလိမ့်မည်။ ပြီးစလွယ် မကျော်လွှားသင့်ပေ။ သေချာစွာ ဂရုစိုက်ဘို့ လိုပေ လိမ့်မည်။

NCCT နှင့် UPWC တို့၏ ၇ ကြိမ်မြောက်ဆွေးနွေးပွဲတွင် NCA မူကြမ်းအားရေးဆွဲနိုင်ခဲ့သည်။ သို့သော် ထိုမူကြမ်းနှင့်ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်များညီလာခံ တွင် ပြန်လည်တင်ပြပြီး ပြန်လည်ဖြည့်စွက် ပြင်ဆင်သင့်သည်များကို ပြင်ဆင် မည်ဟု ဆွေးနွေးပွဲတွင် ဂတိကဝတ်ထားခဲ့ကြသည်။ သို့သော် အစိုးရဖက်မှ ဦးစီး၍ အစိုးရဝန်ထမ်းအများစုပါသော NCA လက်မှတ်ထိုးရေးလှုပ်ရှားမှု ပြုလုပ်လာသည်။ EAOs ညီလာခံအပြီး SD ပြန်လည်ဖွဲ့စည်းကာ NCA မူကြမ်းပါအချက်များကို ပြန်လည်ဆွေးနွေးမည်ပြုသောအခါ အစိုးရဖက်က အင်တင်တင်ဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ဟံသာက မူကြမ်းရေးဆွဲ အတည်ပြုစဉ်က ပြင်ဆင်သင့် သည်များကို ပြန်လည်ညှိနှိုင်းမည်ဟူသော ကတိကဝတ်ကို အစိုးရနှင့် UPWC ကပျက်ကွက်၍ ပျက် ကွက်၍ ရှေ့ဆက်ဘယ်လိုယုံကြည်မှုနှင့် သွားရမလဲဟူ၍ မေးခွန်းထုတ်ခဲ့သည်။

သို့သော် ပြီးခဲ့သောပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား လာရောက်တင်ပြရာတွင် ၂၀၁၅ မတ်လ ၃၁ ရက်နေ့က NCA မူကြမ်းအား အတည်ပြုနိုင်ခဲ့ကြောင်း သို့သော် တိုင်းရင်းသားတို့လက်နက်ကိုင်အဖွဲ့များ၏ လော်ခီးလာညီလာခံမှ အချက် ၁၁ ချက်ကို ပြန်လည်ပြင်ဆင်ဆွေးနွေးရန် တင်ပြလာသဖြင့် တိုင်းပြည်အကျိုး ငြိမ်းချမ်းရေးအကျိုးရှေးရှုပြီး အစိုးရမှ ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ဟု တင်ပြသွားသည်ကိုတွေ့ရသည်။

သို့ဖြစ်ရာ UPWC အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၏ ပြောကြားချက်နှင့် တိုင်းရင်းသားခေါင်းဆောင်တို့၏ နားလည်မှုလုံးဝ မတူပေ။ NCCTအနေနှင့် အဆိုပါ NCA မူကြမ်းအား တိုင်းရင်း သားခေါင်းဆောင်ဆောင်များညီလာခံတွင် ပြန်လည်တင်ပြပြီး ပြင်ဆင်သင့်သည့်အချက် အချက်မများအားထပ်မံဆွေးနွေးမည်ဆိုသည်မှာ နှစ်ဖက်သဘောတူပြီးသားဖြစ်သည်။ အသစ် ပြန်လည်တင်ပြမှုမျိုးမဟုတ်ပေ။ တကယ်တော့ NCA ဆွေးနွေးပွဲ နှစ်ဖက်သဘောတူထားကြသော အချက်များကွဲလွဲစွာ ဖေါ်ပြနေခြင်း ဆွေးနွေးဖက်များကြားနားလည်မှု အပြည့်အဝမရသည်ကို ဖေါ်ပြနေခြင်းဖြစ်သည်။ ဤသို့သော နားလည်မှု လွဲမှားနေသည့်အခြေအနေမျိုးနှင့် NCA လက်မှတ်ထိုးနိုင်ရေးမှာသဟာဇာတမဖြစ်ဟု ဆိုရပေမည်။

နှစ်ဖက်သဘောတူ လက်မှတ်ထိုးခြင်းမှာ နားလည်မှု အပြည့်အဝရှိရန် လိုပေသည်။ ထို့ကြောင့်ပင် ငြိမ်းချမ်းရေးအမြန်ရရှိ ရန်လိုအပ်သော်လည်း နှစ်ဖက်ကျေကျေလည်လည်ရှိရန် နားလည်မှုအပြည့်အဝရှိရန်က ပိုအရေးကြီးသည်ဟု ဆိုရပေမည်။ နားလည်မှုအပြည့်အဝမရှိဘဲ အလောသုံးဆယ်လုပ်နေခြင်းသည် ရေရှည်အကျိုး မရှိနိုင်ပေ။

တဖန် NCA လက်မှတ်အမြန်ထိုးရေးအတွက် ဤအစိုးရကျန်သည့်သက်တမ်းအတွင်း မထိုးနိုင်ပါက နောင်အစိုးရသက်တမ်း ရောက်ပါက တစ်ကပြန်စနေရလိမ့်မည်ဟူသော အပြောမျိုးသည်လည်း အဓိပ္ပါယ်မရှိချေ။ နောက်သက်တမ်း တက်လာမည့် အစိုးရသည် ယခင်အစိုးရလုပ်ဆောင်ခဲ့သည်များကို ဆက်ခံရသည်သာဖြစ်သည်။ ပြောရလျှင်နောက်အစိုးရ ယခုအစိုးရချေး ထားသော နိုင်ငံတကာချေးငွေများကို မဆပ်ဘဲရှောင်လွှဲ၍ မရ။ အလားတူ ယခုအစိုးရကလည်း ကိုယ်ချေးငှားသည့်ချေးငွေ ကိုယ့်သက်တမ်းမကုန်မှီ ဆပ်မည်ဟူ၍မရှိပေ။

ထို့ပြင် အပစ်ရပ်ရေးသဘောတူညီချက်နှင့်ပတ်သက်၍ နော်စီဖိုးရာစိန်နှင့် နိုင်ဟံသာတို့၏ပြောဆိုချက်အရ လက်မှတ်ထိုးခြင်း မထိုးခြင်းမှာတိုင်းရင်းသားများအတွက် နိုင်ငံရေးအာမခံချက်သဘောတူမှုနှင့်သာ သက်ဆိုင်သည်။ ယနေ့သဘောတူမှုရလျှင် နောက်နေ့လက်မှတ်ထိုး၍ရသည်ဟု ဆိုကြပါသည်။ အချိန်ပြဿနာမဟုတ်။ နိုင်ငံရေးအာမခံချက်သာ အခရာကျပေသည်။အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုက အဓိကကျပေသည်။ သို့သော် မြန်လေကောင်းလေဖြစ်သည် ဆိုသည်ကိုတော့ ငြင်းပယ်ရန်မရှိပါ။

• တိုင်းရင်းသားအဖွဲ့များအပေါ်အမြင်

တိုင်းရင်းသားအဖွဲ့များအပေါ်အမြင်သည် ပြဿနာ ဖြေရှင်းရေးအတွက်အရေးကြီးသည်။ တိုင်းရင်းသားတဖွဲ့ (သို့မဟုတ်) လူတယောက်၏ အားနဲချက်ပေါ် ရှုမြင်ပြီး လက်နက်ကိုင် စစ်ဘုရင်များ၏တပ်ဟု ရှုမြင်လျှင် ပြဿနာဖြေရှင်းရန် လမ်းပျောက် သွားပေမည်။ နယ်ခံဗိုလ်ကျ စစ်ဘုရင်ဟု ရှုမြင်သုံးသပ်သည်နှင့် ထိုအဖွဲ့အား အင်အားသုံး ချေမှုန်းသာဖြစ်ပေတော့မည်။ အပစ်ရပ်ရေး ငြိမ်းချမ်းရေး တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေးပြဿနာများ ဘေးရောက်သွားပေလိမ့်မည်။ ဤသို့ဖြစ်ပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော သူတို့အား ထောက်ခံသည့် တိုင်းရင်းသားများပါ လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။

တိုင်းရင်းသားတို့၏ပြသနာကို ဖြေရှင်းရာတွင် သူတို့၏အမျိုးသားလက္ခဏာကို မပျက်မကွက်ထည့်သွင်းစဉ်စားရန်လိုပေ သည်။ သီပေါဘုရင် သည် တဦးချင်းအရ အရည်အသွေးညံ့ကောင်း ညံ့မည်။ ပဒေသရာဇ်စနစ်သည် ခေတ်နောက်ကျကောင်း နောက်ကျမည်။ သို့သော် သီပေါနှင့် ရတနာပုံမင်းနေပြည်တော်သည် မြန်မာတို့အတွက်တော့ အမျိုသားလက္ခဏာကို ဖေါ် ညွှန်းသည်ကိုပြသည်။ အလားတူပင် တိုင်းရင်းသားများ အတွက်လည်း သူတို့လူမျိုးများ၏ အမျိုးသားလက္ခဏာများရှိသည်ကို သတိပြုသင့်သည်။

ယခုနှစ်ဆန်းပိုင်းက မြန်မာစစ်ဖက်၏ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းခံရသော်လည်း ကိုးကန့်အဖွဲ့ပြုတ်မ သွားဘဲ ကိုးကန့်ဒေသနဲ့အနီးပတ်လည်တွင် ကုတ်ကပ်နေနိုင်ခြင်းသည် ကိုးကန့်တို့၏ အမျိုးသားစိတ်က တောင့်ခံအားပေး ထားခြင်းကြောင့်ဖြစ်သည်။ မည်သည့်လူမျိုးတွင်မဆိုရှိသော အမျိုးသားစိတ်ဆိုသည်မှာ အင်မတန်ပြင်းထန်သော တုန့် ပြန်မှု ခွန်အားနှင့် ပေါက်ကွဲမှုကို ပေးနိုင်စွမ်းရှိသည်ဟု ဆိုရမည်။ သတိပြုရန်လိုအပ်သည်။

ဆက်လက်ဖေါ်ပြပါမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း (၃)
  1. အဝေမတဲ့ခြင်းက အဓိကပြသနာပါ
    ဒီအတိုင်းပဲ လက်နက်မဖောက်ပဲ နယ်စပ်ကုန်သွယ်ရေး အခွန်တွေ ခွဲဝေယူကြရုံပါပဲ။ မြန်မာပြည်တွင်းက စီးပွားအင်အားတောင့်လာပြီး နယ်စပ်တိုင်းရင်းသားတပ်များလည်း တရားဝင်ကုမဏီများ လုပ်ကိုင်အမြတ်စွန်းရလာတဲ့တနေ့ (၁၀နှစ်-၁၅နှစ်) ကြာရင် အပြီးငြိမ်းချမ်းရေး ရသွားပါမယ်။
    .
    မှတ်ချက်။ မြောက်ကိုးရီးယားက ညူကလီယာဗုန်းနဲ့ ချိန်းခြောက်ထားပေမဲ့ တောင်ကိုးရီးယားက အနှစ်၂၀အတွင် ကမ္ဘာ့ထိတ်တန်း ရောက်သွားပါတယ်။

    နောက်၅နှစ်အထိ လက်နက်စွန့်ဖိုကကတော့ လမ်းမမြင်။
    .
    မြန်မာ လက်နက်ကိုင်တပ်များ သေနပ်မဖောက်နည်း၊ နယ်မြေမကျူးကျော်ကြေးဆို ၁၀နှစ်အတွင်းမှာ ငြိမ်းချမ်းပါတယ်။

Comments are closed.