ဝေဖန်ရေးရာ

တိုးအောင်တက် – ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့ Plan A, B, C

(၂၀၁၀ တုန်းက ဘီရုမာ ဆွဲခဲ့တဲ့ ကာတွန်း)

တိုးအောင်တက် – ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့ Plan A, B, C
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့်ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြိုအနိုင်ရဖို့ ကြိုးစားနေပါတယ်။ အနိုင်ရဖို့လည်း ရှိနေတယ်။  ဒေါ်စုသမ္မတ မဖြစ်နိုင်အောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲ၊ ပါတီတစ်ခုက ရာနှုန်းပြည့်အနိုင်ရရင်တောင် အခြေခံပဒေပြင်ဖို့ တပ်ရဲ့ထောက်ခံမှုမပါပဲ ၇၅ရာခိုင်နှုန်းကျော်ရန် မဖြစ်နိုင်တဲ့အခြေအနေ။ ဒီလိုအနေအထားမှာ ဒေါ်စုဟာ ရွေးကောက်ပွဲအပေါ်လုံးဝဦးတည်ချက်ထားပြီး သွားနေတာ သူမမှာအကြံအစည်ကောင်းတွေရှိလို့လား ဒါမှမဟုတ် လုပ်စရာ ဒီတစ်ခုတည်းရှိလို့ အာရုံစိုက်လုပ်နေရတာလား။  ရှေးဦးစွာ ရွေးကောက်ပွဲကို ပြည်သူ၊ အစိုးရ နဲ့ အတိုက်အခံများက ဘယ်လို အဓိပ္ပါယ်နဲ့မြင်ကြသလဲကို လေ့လာကြည့်ဖို့လိုပါတယ်

၂၀၁၅ ရွေးကောက်ပွဲရဲ့ အဓိပ္ပါယ်

ဒီလာမယ့်ရွေးကောက်ပွဲကို ပြည်သူတွေက ဒီမိုကရေစီသွားမယ့်လမ်းအတွက်အတွက် အရေးကြီးတဲ့ အပြောင်းအလဲအဖြစ် မြင်ကြပေမယ့်  တစ်ကယ်တော့ အစိုးရဘက်ကရော အတိုက်အခံကပါ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်လက်လွှမ်းမိုးနိုင်ရေးက အဓိကဖြစ်ပါတယ်။ အစိုးရက ဒီရွေးကောက်ပွဲဟာ ပြယုဒ်တစ်ခုအဖြစ် အမေရိကန်နဲ့ အနောက်အုပ်စုကို သူတို့ လမ်းပြမြေပုံ အတိုင်းသွားနေတယ်လို့ ပြနေခြင်းဖြစ်တယ်။  NLD အနေနဲ့လည်း သူတို့ဟာ အဓိကအတိုက်အခံဖြစ်ဆက်ရှိရန် ရွေးကောက်ပွဲမှာ မဲအများစုအနိင်ရရေး ဟာ အလွန်အရေးပါတယ်။ မနိုင်ခဲ့ရင် သူတို့ဟာ လူထုဦးဆောင်မှုပေးနိုင်တဲ့ အခြေအနေကနေ နောက်ရောက်သွားမှာဖြစ်တယ်။ တစ်ခြားပါတီကြီး၊ ငယ်တွေကလည်းနိုင်ငံရေးမှာတစ်နေရာရအောင်ကြိုးပမ်းနေရတာဖြစ်တယ်။

ရွေးကောက်ပွဲမဝင်ခင်နိုင်ငံရေးအခြေအနေ

စစ်အစိုးရရဲ့ စည်းကမ်းရှိသောဒီမိုကရေစီသွားရာလမ်းစဉ်ဖြစ်တဲ့ ပထမအရေးအကြီးဆုံးခြေလှမ်းကို ၂၀၀၈ အခြေခံဥပဒေကိုပြဌာန်းအပြီး နောက် အခုဒုတိယအကြိမ် ရွေးကောက်ပွဲမှာ လူစုံတက်စုံပါလာခြင်းဟာ သူတို့ရဲ့ပြောင်းလဲခြင်းလမ်းစဉ် အလုပ်ဖြစ်ကြောင်းပြနေပြီး အခြေခံဥပဒေအရ စစ်တပ်ဟာ အရေးကြီးတဲ့နိုင်ငံတော်စောင့်ရှောက်ရေးကနေ ဆက်ရှိနေတယ်။

အင်အားအကြီးဆုံးအတိုက်အခံဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီပွဲကို ရာနှုန်းပြည့်အနိုင်ရအောင် မှန်းပြီး ဝင်ရန်ခက်ခဲတဲ့ဒေသမှအပ နေရာတိုင်းကို ဝင်ပြိုင်မှာဖြစ်တယ်။

ဒီနေရာမှာ ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာထက် ဒေါ်စုကို ယုံကြည်ပြီး မဲပေးခြင်းဖြစ်တယ်။ ဒေါ်စုအတွက်အရေးကြီးတာက ပြည်သူတွေကိုမဲဆွယ်ဖို့ထက် လူထုနဲ့ အတိုက်အခံများကို တစ်စည်းတစ်လုံးတည်း စုစည်းမိစေဖို့ဖြစ်တယ်။ လူထုက ဘယ်လိုဖြစ်ဖြစ်သူ့ကို မဲထည့်မှာဖြစ်ပြီး သူ့အတွက်အခက်အခဲဖြစ်မှာက တိုင်းရင်းသားပြည်နယ်များ၊ ဘာသာရေးအစွန်းရောက်များ၊ လစာနည်းအလုပ်သမားများ၊ မြေသိမ်းခံ လယ်သမားများ ဖြစ်တယ်။

ဘာသာရေးလူမျိုးရေးအစွန်းရောက်များကိုတော့ သူမ ဘာမှလုပ်ရမယ့်ပုံမမြင်ဘူး။ တိုင်းရင်းသားပြည်နယ်တွေမှာကိုယ်တိုင်ဝင်ပြိုင်ဖို့ထက် သြဇာရှိပြီးသားအဖွဲ့ပါတီခေါင်းဆောင်များနဲ့ နားလည်မှုရဖို့က ပိုအရေးကြီးတယ်။ လယ်သမား အလုပ်သမားကျောင်းသားများတွင်လည်း သူတို့ရဲ့ခေါင်းဆောင်များကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ လိုအပ်တယ်။ သို့ရာတွင်NLD က ၈၈ကျောင်းသားများနဲ့ အခြားထင်ရှားသော ပြည်သူ့ခေါင်းဆောင်အချို့ကို ဒီရွေးကောက်ပွဲမှာ နေရာမပေးပဲထားလိုက်ခြင်းက  တစ်စုတစ်စည်းတည်းဖြစ်စေရန် အားနည်းစေလိမ့်မည်။ ရွေးကောက်ပွဲတွင် မဲနိုင်စေကာမူ နောက်ပိုင်းတွင် ပြသနာများပေါ်လာပါက ထိုသူများရဲ့ထောက်ခံစည်းရုံးမှု လိုအပ်လာနိုင်သည်။

ရွေးကောက်ပွဲပြီးအခြေအနေ

စစ်အုပ်စုဟောင်းက Plan A – ကြံ့ဖွံ့အာဏာပြန်ရရေး၊  plan B – ညွန့်ပေါင်းအစိုးရ၊  plan C – NLD အစိုးရ အထိပြင်ဆင်ထားနိုင်သည်။

ကြံဖွံ့ပါတီအနေနဲ့  ရွေးကောက်ပွဲကို၂၆ရာနှုန်းနိုင်ဖို့သို့မဟုတ် ညွန့်ပေါင်းအစိုးရပေါ်လာရန် မျှော်လင့်ထားနိုင်သည်။ ရွေးကောက်ပွဲကော်မရှင် ကလည်း သူတို့လက်တွင်းမှဖြစ်ကာ နည်းမျိုးစုံသုံး၍ အနိုင်ရရေးကြိုးပမ်းနိုင်သည်။ သို့ရာတွင် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန်ကျင်းပပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၅၁ရာခိုင်နှုန်း အသာလေး အနိုင်ရနိုင်ပါသည်။

ထိုသို့အနိုင်ရလျင် စစ်တပ်ကလည်း Plan C အနေနဲ့ အေးအေးဆေးဆေး သူတို့အား အစိုးရဖွဲ့ခွင့်ပေးပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့လက်ထဲက ကန့်သတ်ခံ အစိုးရတစ်ရပ်သာ ပုံဖော်နိုင်မည်ဖြစ်၍ ဖြစ်သည်။ ထို Plan C တွင် ဒီချုပ်ဘာတွေလုပ်နိုင်မလဲ? ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီးနောက် ဘာတွေပြောင်းလဲနိုင်မလဲ

– အခြေခံဥပဒေပြင်ဖို့မဖြစ်နိုင်ပါ

၇၅ရာနှုန်းကျော်မှ ပြင်နိုင်မည်ဖြစ်ရာ NLD နဲ့တစ်ခြားပါတီများပေါင်းရင်တောင် တစ်မတ်သားစစ်တပ်ရဲ့ထောက်ခံမှုလိုအပ်နေရာ မဖြစ်နိုင်ပါ။

– တိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်မူ မလွယ်ပါ

အပစ်ရပ်ရေးသည် အာဏာရပါတီပေါ်တွင်မူတည်မှာမဟုတ်ဘဲ တပ်အပေါ်မှာဘဲ မူတည်မှာဖြစ်တယ်။ NLD အနေနဲ့ တပ်အပေါ် ထိန်းချုပ်ရန်သို့မဟုတ် သြဇာပေးနိုင်မည်မထင်။

– လယ်သမား ပြဿနာများ ပြေလည်မည်မဟုတ်

လယ်သမားပြသနာများဟာ ဦးပိုင်စာချုပ်ဟောင်းများနဲ့ ယခင်အစိုးရဟောင်းရဲ့အဓမ္မသိမ်းမှု အမွေဆိုးများဖြစ်ပြီး အလုံးစုံပြန်ပြင်ဖို့ မလွယ်သလို ညိုနှိုင်းပေးဖို့ကလည်း လယ်သမားများကို ကြိုးကိုင်နေသော အဖွဲ့ခေါင်းဆောင်များနဲ့ ဆွေးနွေးစည်းရုံးဖို့လိုမည်ဖြစ်သည်။

-လူမျိုးရေးပြဿသနာများ ပြေလည်မည်မဟုတ်

လူမျိုးရေး ဘာသာရေးပြဿသနာများမှာ ဒေါ်စုမှမဟုတ် ဘယ်သူမှပြေလည်အောင် ရှင်းနိုင်မှာ မဟုတ်ဘဲ၊ ထိုအမြင်ပျာက်ကွယ်ရန် အချိန်ကာလ တော်တော်ယူရဦးမည်။

– စီးပွားရေးရင်းနှီးမြှုပ်နှံမှု ထင်သလိုမလွယ်

စီးပွားရေးရင်းနှီးမြှုပ်နှံမှုသည် တိုင်းပြည်တည်ငြိမ်ရေးပေါ်မူတည်နေရာ အမျိုးသားဒီမိုကရေစီ အစိုးရဖွဲ့ပြီးနောက် အထက်ကပြသနာများရှိနေဆဲဖြစ်ရင် မလွယ်ပါ။ တစ်ဖန် စစ်တပ်နဲ့ ကြံ့ဖွံ့မှ ခြေဥပြင်ရေး တင်းထားမည်ဖြစ်ရာ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံများမှ ဖိအားနဲ့ ရင်ဆိုင်ရနိုင်သည်။  ပြည်တွင်းတွင် ဘာသာရေးလူမျိုးရေးပြသနာများက တစ်ဆင့် အစိုးရအပေါ် ယုံကြည်မှု လျော့ကျလာပြီး ပြသနာပေါင်းစုံမီးမွှေးမည့် သူများ ပေါ်လာနိုင်သည်။ တစ်ဖန် ရှေ့လာမယ့်နှစ်တွင် ကမ္ဘာ့ (အာရှ) စီပွားရေးကျဆင်းဖို့ ရှိသလို နိင်ငံကြီးတစ်ချို့ရဲ့နိုင်ငံရေးအခြေအနေများလည်း ပြောင်းဖွယ်ရှိနေသည်။

မြန်မာ့အိမ်ခြံမြေဈေးကွက်ကို ကျားကန်ပေးထားသော တရုတ်ရှယ်ယာထိုးကျမှု၊ ကမ္ဘာ့ရေနံဈေး၊ သတ္ထုဈေးများ ကျဆင်မှုတို့ကြောင့် တရုတ်ကိုမှီခိုနေရသော မြန်မာ့စီးပွားရေးတက်လမ်း မမြင်သလို အမေရိကန်နဲ့ အနောက်အုပ်စုတို့စိတ်ဝင်စားမှုလည်း တက်လာဖွယ် သိပ်မရှိချေ။ တစ်ဖန် – အာရှတွင်ရှိသောနိုင်ငံရေးတင်းမာမှုများ၊ အိမ်နီးချင်းအာဆီယံတို့ မတည်ငြိမ်မှုများကလည်း အခုမှ ကမ္ဘာကိုခြေလှမ်းပြင်သော မြန်မာတို့အဖို့ အချိန်ကောင်းရဖို့ စောင့်ရဦးမည်ဖြစ်သည်။

ထို့ကြောင့် ၂၀၁၅ရွေးကောက်ပွဲအလွန်တွင် စစ်တပ်ရဲ့အခန်းကဏ္ဍရှေ့တန်းတင်ထားသောခြေဥဖြင့် ထိန်းချုပ်ခံထားရသော အတိုက်အခံအစိုးရ ဖြစ်လာပြီးနောက် နိုင်ငံရေးတိုက်ပွဲပြင်းထန်လာမည်။ ပြည်တွင်းဆန္ဒပြပွဲများ တစ်ခြိမ်းခြိမ်း ပေါ်ထွက်လာမည်။ ပဋိပက္ခများအသွင်ပေါင်းစုံနဲ့ မြန်မာပြည်ဟာ စစ်တပ်ကဏ္ဍ မပါမဖြစ် အခြေအနေများ တွန်းပို့နိုင်ရာ ပြည်သူတို့အဖို့ မျက်စိဖွင့် နားဖွင့်ထားရန်လိုအပ်သည်။

ဤပြသနာများက ရှေ့တွင်စောင့်ကြိုနေကြောင်း ရေးသားရခြင်းမှာ တိုင်းပြည်အား ဆိုးစေလို၍ မဟုတ်ပဲ ပြသနာကိုမြင်ထားမှ ရှောင်ရှားနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ လက်ရှိ စစ်တပ်ကို အတင်းပြောင်းခိုင်းခြင်းသည်အန္တရာယ်ကျရောက်စေနိုင်သလို၊ လူထုခေါင်းဆောင်တစ်ရပ် မရှိခြင်းသည်လည်း ပန်းတိုင်မရောက်ဖြစ်နိုင်ရာ – လူထုအားကိုးသော ဒေါ်အာင်ဆန်းစုကြည်သည် လူတန်းစားအားလုံးအလွှာအသီးသီးက ခေါင်းဆောင်များကို စည်းရုံးနိုင်ရေးသည် ဒီမိုကရေစီအရောက်သွားဖို့ သော့ချက်ဖြစ်သည်။

လောလောဆယ်တွင် NLDသည် လူများစုထောက်ခံမှုကိုရထား၍ တစ်ခြားအင်အားစုမှားကို လျစ်လျူ ရှုကာ မိမိတို့ဘာသာချီတက်မည်ဆိုလျင် ရှေ့မကြာသောကာလတွင် တပ်ပေါင်းစုံ အဖွဲ့ပေါင်းစုံနဲ့ သဘောထားကွဲကွဲပြားပြားဖြစ်လာပြီး လိုရာမရောက်ဖြစ်လာမည်။ လူအများစုမျှော်လင့်နေသော –  ဒေါ်စုပါတီ အနိင်ရ၊ ခြေဥ အတင်းပြင်၊ နိုင်ငံတစ်ကာ ရင်းနှီးမှုတို့စုပြုံဝင်၊  စီးပွားရေးတက်လာပြီး နိုင်ငံရေးမှာ စစ်တပ်ကို နောက်ပြန်ပို့၊  ဆိုသောအရာသည် စိတ်ကူးယဉ်ချက်သာ ဖြစ်သည်။

ပြသနာများကို မျှော်မှနြး်ပင်ဆင်ထားမှသာ လက်တွေ့ကျသော ဖြေရှင်းချက်တို့ ပေါ်လာမည်ဟု အပြုသဘော ရေးသားလိုက်ပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts