ရသဆောင်းပါးစုံ

စမ်းစမ်းတင် – မျက်နှာကျက် ဘယ်သူခေါင်းနဲ့ တိုက်တိုက်

စမ်းစမ်းတင် – မျက်နှာကျက် ဘယ်သူခေါင်းနဲ့ တိုက်တိုက်
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၅

အမေရိကန်လို နိုင်ငံမျိုးမှာတောင် မိန်းမတယောက် သမ္မတတက်ဖြစ်မှာ မလိုလားကြသူတွေ အများသား။

ဟေလ်လရီ ကလင်တန် ပထမအကြိမ်တုန်းက အိုဘားမားကို ရှုံးနိမ့်ခဲ့တဲ့ထဲ မိန်းမဖြစ်နေတာလည်း အကြောင်းတကြောင်း။  သူ့ပါတီကိုက သူ့ကို သမ္မတလောင်းအရာ မမြှောက်ခဲ့တာပါ။

သူ့ပြိုင်ဘက် သမ္မတဖြစ်လာတော့ နှစ်ယောက်စလုံး သဘောထားကြီးကြီးနဲ့ လက်တွဲလုပ်နိုင်ကြတာ လေးစားစရာ အားကျ စရာပါ။

သူလည်းလေ လောကီသားမို့ ချွတ်ချော်လွဲမှား တိမ်းစောင်းစရာ ရှိကောင်းရှိမယ်။  လောကမှာ အမှားမရှိတဲ့ လူသားရော ရှိပါသလား။

သူ့ကို တိုက်ခိုက်တဲ့ထဲ သူ့ခင်ပွန်း သမ္မတဘဝက အိမ်ဖြူတော်အလုပ်သင် မော်နီကာ လူဝင်းစကီး အသံကျယ်လောင်လာ တာလည်းပါပါတယ်။  မိန်းမဘဝများ ခင်ပွန်း အရှုပ်အတွက် အရှက်လည်းရရ၊ အရှက်လည်းခွဲခံရ။

ခုလည်း သွေးဆုံးနေပြီတဲ့..။  သွေးဆုံးတယ်ဆိုတာ အတွေ့အကြုံများပြီ၊ ဗဟုသုတကြွယ်ဝပြီ၊ အမှားအမှန် ပိုင်းခြားတတ်ပြီ။  အဲ.. တခုတော့ရှိတယ်၊ မိန်းမတိုင်းအတွက်တော့ မဟုတ်ဘူးပေါ့။  ထူးချွန်ထက်မြက် ကြိုးစား လေ့လာအားထုတ်တဲ့ မိန်းမ တွေအတွက်ပေါ့။

သူနိုင်ငံခြားရေးဝန်ကြီးဘဝမှာ လစ်ဗျားနိုင်ငံ ဘန်ကာစီက အမေရိကန်သံရုံး အကြမ်းဖက်ခံရမှုက သူ့ပြဿနာကြီးတခု။  ကုန်သွယ်ရေး အမွှာအဆောက်အအုံ အတိုက်ခံရတုန်းက သမ္မတ ဂျော့ဘုရှ်လက်ထက်။ အကြမ်းဖက်သမားတွေကတော့ အကြမ်းဖက်ဖို့ အမြဲကြံနေမှာပဲ။ (ကြောက်စရာကြီးနော်၊ စကားတွေ ဟိုရောက် ဒီရောက်ဖြစ်ပြန်ပြီ။)

အမေရိကန်မှာ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ပါပဲ။  မိန်းမသမ္မတဆိုရင် ကာကွယ်ဦးချုပ်လုပ်လို့ဖြစ်ပါ့မလားတဲ့။  စစ်ရေး အတွေ့အကြုံမရှိဘဲ သမ္မတက ကာချုပ်ဖြစ်တဲ့နိုင်ငံမှာ မိန်းမသမ္မတဖြစ်လာရင်ဆိုပြီး ပြောကြတာလေ။

အမေရိကန်မှာ သမ္မတက စစ်ကြေငြာခွင့်ရှိပါတယ်။ စစ်ပွဲတိုင်း မိန်းမတွေကြောင့်ဖြစ်တာမှမဟုတ်၊ စစ်ပွဲတိုင်း မိန်းမတွေ တိုက်ကြတာလည်း မဟုတ်။  ပြောရရင် စစ်ဖြစ်တိုင်းခံရတာ မိန်းမတွေ ကလေးတွေ။

အများအားဖြင့် မိန်းမတွေရင်မှာ ငြိမ်းချမ်းရေးစိတ် ကိန်းဝပ်ပြီးသား၊ နှလုံးသားနူးညံ့ပြီးသား၊ အကြင်နာ ကရုဏာ တရားရှိပြီး သား။  ဒါ က ယေဘုယျပါ။

အမေရိကန်လိုနိုင်ငံမှာ မိန်းမ သမ္မတတက်ဖြစ်ရင် စစ်ဖြစ်မလား၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မလားဆိုတာ ကံကြမ္မာပါပဲ။  ငြိမ်းချမ်းရေးလုပ်နေပါတယ်ဆိုပြီး တိုက်ပွဲတွေတော့ မဖန်တီးကောင်းပါဘူး။  ဒါပေမဲ့ အပြစ်မဲ့လူထုကို တရားမဲ့ သတ်ဖြတ် နေရင်တော့ လက်ပိုက်ကြည့်နေလို့တော့ မနေနိုင်ဘူးပေါ့။

နောက်ဆုံးတော့ မျက်နှာကျက်ကို တိုက်ဖောက်ထွက်နိုင်လို့ ဟေလ်လရီကလင်တန် သမ္မတ ဖြစ်လာဖြစ်လာ၊ တခြား ဘယ် သူပဲ ဖြစ်လာ ဖြစ်လာ တိုင်းပြည်ကောင်းဖို့၊ လူထုကောင်းစားဖို့၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ အဓိက။

ကလင်တန်ရဲ့ ဒီမိုကရက်ပါတီနဲ့ ဘုရှ် မျိုးဆက် ရီပတ်ပလီကင်ပါတီ ပြိုင်ကြ ဆိုင်ကြ ပုတ်ကြ ခတ်ကြ တိုက်ကြခိုက်ကြ ဘာ တွေ ဘယ်လိုပဲဖြစ်ဖြစ် သူ့နိုင်ငံကလူတွေ ထမင်းနပ်မှန်စားရ၊ ခလုတ်ဖွင့်ရင် မီးလာ၊ ဘုံဘိုင်ဖွင့်ရင် ရေရ၊ အလုပ်ဆင်း အလုပ်တက်ချိန် ဘတ်စ်ကား ရထား ပိတ်ကျပ်နေအောင်မစီးရ၊ ကလေးတိုင်း ကျောင်းမှန်မှန်တက်ရ၊ သူ့ဥပဒေ သူ့စည်းကမ်း အတိုင်းနေရင် လုံခြုံစိတ်ချ။

တခုပဲ အရူးလက်ထဲ သေနတ်ရောက်ပြီး ရမ်းပစ်တာ ကြုံတောင့်ကြုံခဲ မဆုံရရင်ပေါ့။

နောက်… အများပြည်သူ ဝန်ဆောင်လုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမရှိ။

နောက် ကျေနပ်စရာ အကောင်းဆုံးက အစိုးရရှိလို့ ရှိမှန်းမသိ လွတ်လပ်စွာနေထိုင်ရခြင်းပါပဲ။

စမ်းစမ်းတင် @ SanSan Cynthia Tin
၂၀၁၅၊ ဧပြီ ၁၄ (စာပြီးရက်စွဲ)

(စာရေးသူ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် စာရေးသူ၏ ခွင့်ပြုချက်ဖြင့် သုံးသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts