ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – တရားခံဘယ်သူလဲဟေ့နှင့် မောင်မိုးသူ

မောင်မိုးသူ – တရားခံဘယ်သူလဲဟေ့နှင့် မောင်မိုးသူ
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၅
မော်ဒန်သတင်းဂျာနယ်  အမှတ် (၄၇၂) ၂၁ ၊ ဩဂုတ် ၂၀၁၅ ၊ သောကြာနေ့ထုတ်ပါ ဆောင်းပါးဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဆေးလောက အုပ်ချုပ်ရေးတာဝန်တွေကို စစ်ဘက်အရာရှိတွေ ခန့်အပ်လိုက်တဲ့အတွက် ဆေး လောကကြီးတစ်ခုလုံး ပွက်လောရိုက်ပြီး မကျေနပ်မှုများကို ထုတ်ဖော်တဲ့အနေနဲ့ အနက်ရောင်ဖဲကြိုးတပ်ဆင်ခြင်း လှုပ်ရှား မှုကို ပြုလုပ်ပါတယ်။ အတော်ထိရောက် အဆင်ပြေတဲ့ လှုပ်ရှားမှုပါပဲ။ သည်နေ့ ဖေ့စ်ဘုတ်ခ်လူမှုကွန်ရက်ခေတ်မှာ မကျေ နပ်မှုကို လမ်းပေါ်ထွက် ပိုစတာကိုင်ပြီး ဆန္ဒပြတာမျိုးမဟုတ်လေတော့ အရေးယူဖို့၊ ဖမ်းဆီးဖို့၊ တရားစွဲဖို့ကလည်းမဖြစ်။ သည်နေ့ခေတ် လူသုံးများဆုံးဖြစ်တဲ့ ဖေ့စ်ုတ်ခ် အင်တာနက်ခေတ်မှာ ရုတ်တရက် ချက်ချင်း ဆေးလောက ဆေးဝန်ထမ်း တွေသာမက ပြင်ပကလူတွေပါ ပါဝင်လာတာ တွေ့ရပါတယ်။

ဖဲကြိုးနက် ဆန္ဒထုတ်ဖော်မှုရဲ့ အဓိကအကြောင်းကတော့ သူတို့ရဲ့ ဆေးလောကထဲကို စီမံအုပ်ချုပ်မှုလုပ်ဖို့ စစ်ဘက်က အရာရှိတွေ ခန့်ထားလို့ပါတဲ့။

ဒါများလို့မောင်မိုးသူတော့ ပြောလိုက်ချင်ပါတယ်။

မောင်မိုးသူတို့ မြန်မာနိုင်ငံမှာ စစ်အစိုးရ နှစ်ဆက်အုပ်ချုပ်ခဲ့ပါတယ်။ ၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးတဲ့နောက် စစ်အစိုးရ (မဆလအစိုးရ) အုပ်ချုပ်ကတည်းက ဝန်ကြီးဌာနတွေ၊ အစိုးရဌာနတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို စစ်ဘက် အရာရှိတွေအုပ်ချုပ်စေခဲ့တာ ဖြစ်ပါတယ်။

မထောက်မညှာပြောရရင်တော့ စစ်ဘက်က ပုဂ္ဂိုလ်တွေကို စီမံအုပ်ချုပ်မှုလုပ်လိုက်စေခြင်းက မြန်မာနိုင်ငံကို ဆင်းရဲတွင်း တွန်းချ တွန်းပို့ခဲ့တာပဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနအသီးသီးမှာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ တက်လမ်းမရှိတော့ဘဲ မိုးပေါ်ကကျလာတဲ့ စစ်ဘက်အရာရှိတွေရဲ့ အမိန့်ပေး စီမံအုပ်ချုပ်မှုကြောင့် ဌာနအသီးသီး ယိုယွင်းပျက်စီးကုန်တာ ဖြစ်ပါတယ်။

ပြည်သူပိုင်သိမ်းလိုက်တဲ့အတွက် ကုန်ပစ္စည်းထုတ်လုပ်မှုတွေ အားလုံးဟာ ချွတ်ခြုံကျ ပျက်စီးခဲ့ရပါတယ်။

ပထမစစ်အစိုးရလက်ထက် ပြည်သူပိုင်သိမ်းလို့  လုံးဝ လုံးဝ ဆုံးရှုံး ရပ်ဆိုင်းသွားရတာကတော့ စက်ရုံအားလုံး အလုပ်ရုံ အားလုံးဖြစ်ပါတယ်။

အဲမောင်မိုးသူက ရုပ်ရှင်လောကသားတစ်ဦးဖြစ်ခဲ့တဲ့အတွက် သိသာထင်ရှားတဲ့ ပြည်သူပိုင်သိမ်းရုပ်ရှင်ရုံတွေအကြောင်း သက်သေအထောက်အထားနဲ့ ပြချင်ပါတယ်။

ရန်ကုန်မြို့လယ် မြို့ပတ်က ရုပ်ရှင်ရုံတွေဟာ ပုဂ္ဂလိကရုပ်ရှင်ရုံတွေဖြစ်ပါတယ်။ ထိုနည်းတူ နယ်မြို့အားလုံးမှာရှိတဲ့ ရုပ်ရှင် ရုံတွေအားလုံးဟာလည်း ပုဂ္ဂလိကပိုင်တွေဖြစ်ပါတယ်။

ရန်ကုန်၊မ န္တလေးအပါအဝင် နယ်မြို့အားလုံးရဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေဟာ အဲသည်မြို့ရဲ့ လုပ်ငန်းရှင် သူဌေးတွေ ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ အဲသည်ရုပ်ရှင်ရုံတွေအားလုံးကို ပြည်သူပိုင်သိမ်းလိုက်တဲ့အတွက် စစ်အစိုးရဟာ  စက်ရုံ၊ အလုပ်ရုံများလိုပဲ အလကားရတာ ဖြစ်ပါတယ်။ အဲဒါကို စစ်အစိုးရ စီမံအုပ်ချုပ်မှု ညံ့ဖျင်းတဲ့အတွက် အားလုံးအရှုံးပေါ် ဒေဝါလီခံရတဲ့ဘဝဖြစ် ပါတယ်။

မောင်မိုးသူ ဥပမာပြချင်တာက  ရုပ်ရှင်ရုံတွေ ဖြစ်ပါတယ်။ နယ်မြို့တစ်မြို့မှာ  ရုပ်ရှင်ရုံပိုင်ရှင်က  အလုပ်သမားလေးငါးယောက်နဲ့ သူမြို့သူ့ဒေသအလိုက် သန့်ရှင်း၊ လူဝင်များအောင် စီမံခန့်ခွဲလုပ်ဆောင်ခဲ့တဲ့နေရာမှာ စစ်အစိုးရ စီမံအုပ်ချုပ်မှုအောက်မှာ လေးငါးယောက်နဲ့ အလုပ်လုပ်တဲ့နေရာမှာ နေ့ဆိုင်းညဆိုင်း မန်နေဂျာ၊ လက်မှတ်ရောင်း၊ လက်မှတ်စစ်၊ ပြစက်မောင်းကအစ လေးငါးဆယ်နဲ့ လုပ်ကိုင်ကြလေတော့ အဲသည်ရုပ်ရှင်ရုံ မရှုံး ဘယ်ရုပ်ရှင်ရုံရှုံးမှာလဲ။

ရုပ်ရှင်ရုံနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဆက်ဆံမှုက သည်လိုပါ။

ရုပ်ရှင်ကားတစ်ကား ရုံတင်ပြသရင် ကားရှင်က ရုံဝင်ခရဲ့ ၄၀ ရာခိုင်နှုန်း အစိုးရကို အခွန်ပေးပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်း ထဲက ရုံရှင်က ၃၀၊ ကားရှင်က ၃၀ ရာခိုင်နှုန်းပဲ ရုပ်ရှင်ထုတ်လုပ်သူတွေက ရပါတယ်။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ဖို့အတွက် ဖလင်ရိုင်း၊ စက်၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပညာသည်များ ငှားရမ်းစရိတ်၊ ရိုက်ကူးစရိတ်၊ ကြော်ငြာစရိတ်တွေ ထုတ်လုပ် သူကျခံရတာပါ။ ရတော့ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းပဲ ရတယ်။ ဒါနဲ့တောင် ရုပ်ရှင်လုပ်ငန်းဟာအောင်မြင်ပြီး ရုပ်ရှင်သူဌေးတွေ အများကြီး ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံတွေ ပြည်သူပိုင်သိမ်း၊ရုပ်ရှင်ရုံတွေ ပိတ်ကုန်တော့အဓိကဝင်ငွေရတဲ့ ရုပ်ရှင်ရုံတွေ မရှိတဲ့ ရုပ်ရှင်လောကကြီး ပျက်စီး သွားရတာ ဖြစ်ပါတယ်။

မောင်မိုးသူဟာ ရုပ်ရှင်ကောင်စီဥက္ကဋ္ဌ အေဝမ်းဦးတင်မောင်၊ အတွင်းရေးမှူး မင်းသား ဦးရွှေဘလက်ထက်မှာ  ရုပ်ရှင်ကောင် စီရဲ့ ဦးစီးအမှုဆောင်အဖြစ် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအလွှာက အရွေးခံရသူ ဖြစ်ပြီး ရုပ်ရှင်ကောင်စီ (ရုပ်ရှင်ထုတ်လုပ်သူများကိုယ်စား) ရဲ့ ကိုယ်စားလှယ်အဖြစ် ရုံရှင်၊ ကားရှင်အဖွဲ့မှာ တာဝန်ခံလုပ်ဆောင်ဖူးပါတယ်။ အဲသည်အချိန်က ရုပ်ရှင်လော ကဟာ တစ်နှစ်ကို ကား ၁၀၀ ထွက်နိုင်တဲ့ အခြေအနေထိရောက်ခဲ့ပါတယ်။

အဲသည်အခြေအနေက အခု တစ်နှစ် ၁၀ ကား အနိုင်နိုင်ထွက်ကြရတဲ့အဖြစ် ရောက်ခဲ့တာပါ။

ဒါမောင်မိုးသူ ထဲထဲဝင်ဝင်သိတဲ့ ရုပ်ရှင်လောကအကြောင်း ပြောတာပါ။

စစ်အစိုးရ စီမံအုပ်ချုပ်မှုအောက်ရောက်ခဲ့တဲ့ ဌာနဆိုင်ရာအားလုံး၊ စက်ရုံအလုပ်ရုံအားလုံး အရှုံးပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ကုန်သွယ်ရေးကို ကြည့်မလား၊ စက်မှုထုတ်ကုန်ကြည့်မလား။ တစ်ခုဆို တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။

ပထမ စစ်အစိုးရလက်ထက်မှသည် ၈၈အရေးတော်ပုံအပြီး အာဏာသိမ်းလိုက်တဲ့ ဒုတိယစစ်အစိုးရလက်ထက်အထိ ဌာန ဆိုင်ရာအားလုံး စစ်ဗိုလ်ကြီးများရဲ့ စီမံအုပ်ချုပ်မှုအောက် ပို့ခဲ့တာ ဖြစ်ပါတယ်။

စစ်ဗိုလ်ကြီးများ စီမံအုပ်ချုပ်တဲ့ စီမံကိန်းမှန်သမျှ ဘာဆိုဘာမှ အောင်မြင်တာ မရှိပါဘူး။ ကုန်ထုတ်စက်ရုံတွေ အများကြီး တည်ထောင်ခဲ့ပါတယ်။ ဘာဆို ဘာမှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ပါဘူး။ ချည်မျှင်စက်ရုံတွေ၊ စက္ကူစက်ရုံတွေ၊ အ ကြီးစား အသေးစား စက်မှုပစ္စည်း ထုတ်လုပ်ရေးတွေ ဘယ်ဟာဆို ဘယ်ဟာမှ မအောင်မြင်ပါဘူး။ အမြတ်အများ ဆုံး၊ အလွယ်ဆုံးရတဲ့ အရက်နဲ့ စီးကရက်စက်ရုံတွေတောင် အောင်မြင်အောင် မလုပ်နိုင်ဘဲ အရှုံးပေါ်ခဲ့ပါတယ်။ ပုဂ္ဂလိကလုပ်ပိုင် ခွင့်ရလာတော့ ပုဂ္ဂလိကကို မယှဉ်နိုင်ဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

သည်တော့ မောင်မိုးသူ ထောက်ပြချင်တာက စစ်အစိုးရနှစ်ဆက် စီမံအုပ်ချုပ်မှုတွေကို စစ်အရာရှိတွေပဲ လုပ်ကြတဲ့အတွက် အားလုံး အရှုံးနဲ့ ရင်ဆိုင် တိုင်းပြည်က ဆင်းရဲသည်ထက် ဆင်းရဲလာခဲ့တာပါ။

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံလို့ အသိအမှတ်ပြုခံရတဲ့ နိုင်ငံဖြစ်ပါတယ်။အဲသည် လယ်ယာမြေတွေကို လယ် ယာစိုက်ပျိုးရေးမလုပ်တဲ့ စစ်တပ်က သိမ်းဆည်းခဲ့လို့တောင်သူလယ်သမားများ နိုင်ငံရပ်ခြားထွက်ပြီး အလုပ်လုပ်ကြရတဲ့ဘဝ ရောက်ရတာပါ။

တရားခံက ဘယ်သူလဲဆိုတာ ရှင်းပါပြီနော်။

အခု ဆေးလောကကို စီမံအုပ်ချုပ်ဖို့ စစ်ဘက်အရာရှိတွေ လာရောက်တာကို ကန့်ကွက်တဲ့ အနက်ရောက်ဖဲကြိုးဆန္ဒပြမှုပေါ်လာတာဖြစ်ပါတယ်။အဲသည်လို မဖြစ်သင့်တာကို မဖြစ်အောင် ဆန္ဒပြဖို့၊ ဆန့်ကျင်ဖို့ လုပ်ခဲ့ကြဖို့ဟာ အနှစ် ၅၀ ရှိခဲ့ပါပြီ။ အနှစ် ၅၀ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ တိုင်းပြည်က ဆင်းရဲ၊ လက်တဆုပ်စာသူတို့ကိုယ်တိုင်နဲ့ ပတ်သက်သူတွေ မကြုံစဖူးချမ်း သာကုန် ကြတာဖြစ်ပါတယ်။

စီမံခန့်ခွဲမှုကို ၂၀၁၅ မှာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တရားခံဘယ်သူလဲဟေ့နှင့် မောင်မိုးသူပါ။

သရုပ်ဖော်ကာတွန်း စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မိုးသူ – တရားခံဘယ်သူလဲဟေ့နှင့် မောင်မိုးသူ

Comments are closed.